လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ကာဇက်စတန်မှ ဒုက္ခသည်များထွက်ပြေး
ကာဇက်လူမျိုးများနှင့် တရုတ်နိုင်ငံမှလာသော မွတ်ဆလင်အုပ်စုဖြစ်သည့် ဒွန်ဂန်လူမျိုးစုတို့ကြား ပဋိပက္ခဖြစ်ပွားခြင်းဖြစ်ပြီး စတင်ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ အတိအကျမသိရသေးပေ။
10 Feb 2020
ကာဇက်စတန်နိုင်ငံတွင် လူမျိုးစုနှစ်ခုကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် နိုင်ငံအတွင်းခိုလှုံနေသော ဒုက္ခသည်အများအပြားသည် နယ်စပ်ကိုဖြတ်ကျော်ကာ အိမ်နီးချင်း ကာဂျစ်စတန်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျမ်ဘိုင်ဒေသတွင် သောကြာနေ့ကဖြစ်ပွားသော အဆိုပါပဋိပက္ခကြောင့် လက်ရှိအချိန်ထိ အနည်းဆုံး ၁၀ ဦးသေဆုံးကာ ၃၉ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားပြီး ဖြစ်သည်။
ကာဇက်လူမျိုးများနှင့် တရုတ်နိုင်ငံမှလာသော မွတ်ဆလင်အုပ်စုဖြစ်သည့် ဒွန်ဂန်လူမျိုးစုတို့ကြား ပဋိပက္ခဖြစ်ပွားခြင်းဖြစ်ပြီး စတင်ဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ အတိအကျမသိရသေးပေ။
လူအများအပြားသည် တစ်ဖက်နိုင်ငံမှ ဆွေမျိုးများနှင့်တွေ့ဆုံနိုင်ရန် နယ်စပ်ကိုဖြတ်ကျော်လျက်ရှိပြီး အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကြောင်း မျက်မြင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ကနဦးတွင် ပဋိပက္ခဖြစ်စဉ်အတွင် းပါဝင်သူဦးရေမှာ ဆယ်ဂဏန်းသာဖြစ်သော်လည်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ပျံ့နှံ့သွားပြီး နောက်တွင် လူ ၃၀၀ လောက်အထိ မြင့်တက်သွားခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။
ပဋိပက္ခအတွင်း အဆောက်အအုံများနှင့် ကားများ မီးရှို့ဖျက်ဆီးခံရခြင်းများလည်းရှိသည်ကို ယင်းဒေသမှ သတင်းဓာတ်ပုံများတွင် တွေ့ရသည်။
ပဋိပက္ခကြောင့် အဓိကရုဏ်းဖြစ်ပွားမှုများ စနေနေ့က ရပ်တံ့သွားပြီဟု ကာဇက်စတန်သမ္မတ ကက်ဆန်ဂျိုမတ်တိုခါယက်ဗ် ကပြောကြားခဲ့သော်လည်း ထိုဒေသကို လက်နက်ကိုင်လုံခြုံရေးများဖြင့် တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေရဆဲဖြစ်သည်။
လမ်းမများထက်တွင်လည်း လူသူခြောက်ကပ်လျက်ရှိနေဆဲဖြစ်ကြောင်း ယင်းဒေသမှ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သတင်းပေးပို့ထားသည်။
ပဋိပက္ခကို စတင်မီးမွှေးသူများနှင့် မျက်မြင်သက်သေများက ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ကူးပြီး မှတ်ချက်အမျိုးမျိုးဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေရာမှ ပဋိပက္ခပိုမိုပြင်းထန်သွားခဲ့ရခြင်းဖြစ်ကြောင်း ကာဇက်စတန်၏ ပြည်ထဲရေးဒုဝန်ကြီးက မှတ်ချက်ပေးသည်။
ပဋိပက္ခအတွင်း ရဲအရာရှိ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ယင်းတို့ထဲမှ ၃ ဦးမှာ သေနတ်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
ကာဇက်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ နိုင်ငံအတွင်းတွင် လူမျိုးစုပေါင်း ၁၀၀ ကျော် ငြိမ်းချမ်းစွာအတူနေထိုင်လျက်ရှိကြောင်း ပြောကြားသည်။