ဆေးလိပ်တားမြစ်ချက် ပြင်းထန်သည့် အီတလီ မီလန်မြို့တွင် လမ်းပေါ်၌ သောက်ခြင်းကိုပါ ကန့်သတ်

အီတလီနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဖက်ရှင်မြို့တော် မီလန်ရှိ မြို့တွင်းလမ်းမများ သို့မဟုတ် လူစည်ကားသော နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်လိုက်ပြီး စည်းကမ်းဖောက်ဖျက်သူများသည် ဒဏ်ရိုက်ခံရတော့မည် ဖြစ်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 02 Jan 2025

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

DMG ၊ ဇန်နဝါရီ ၁ 

အီတလီနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ဖက်ရှင်မြို့တော် မီလန်ရှိ မြို့တွင်းလမ်းမများ သို့မဟုတ် လူစည်ကားသော နေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်လိုက်ပြီး စည်းကမ်းဖောက်ဖျက်သူများသည် ဒဏ်ရိုက်ခံရတော့မည် ဖြစ်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေထုညစ်ညမ်းမှုများရှိနေသော အီတလီနိုင်ငံ မြောက်ပိုင်းမြို့၌ ယခုတားမြစ်ချက်အသစ်ကို ဖီဆန်သူများသည် အများပြည်သူနှင့် အဆင်ပြေစွာ အတူယှဉ်တွဲ မနေထိုင်သောပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ယူရို ၄၀ မှ ယူရို ၂၄၀ အကြား (အမေရိကန်ဒေါ်လာ ၄၁ ဒေါ်လာမှ ၂၄၉ ဒေါ်လာအကြား) ဒဏ်တပ်ရိုက်ခံရဖွယ်ရှိနေသည်။

"ကျွန်တော့်အမြင်ကိုပြောရရင် ဥပဒေသစ်က ပြင်းထန်ပါတယ်။ အိမ်တွင်းဆေးလိပ်မသောက်ဖို့၊ သက်ကြီးရွယ်အို တစ်ယောက်နဲ့ ကလေးတစ်ယောက်ရဲ့အနားမှာ ဆေးလိပ်မသောက်ဖို့ တားမြစ်တာကို ကျွန်တော် သဘောတူပေမယ့် အပြင်မှာ ဆေးလိပ်သောက်တာကို တားမြစ်တာကတော့ သဘောမတူနိုင်ပါဘူး။ အပြင်မှာ ဆေးလိပ်သောက်တာကို တားမြစ်တာကတော့ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို အနည်းငယ် ကန့်သတ်သလို ဖြစ်နေပါတယ်" ဟု ဒေသခံ ရေပိုက်ပြင်သမား အသက် ၄၆ နှစ်အရွယ် မော်ဂန် အိုင်ရှတ်ခ် က ယခုပိတ်ပင်ကန့်သတ်မှု မစတင်မီတွင် AFP သတင်းဌာနကို ပြောကြားခဲ့သည်။

မြို့တော်ဝန်ကောင်စီက ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော မီလန်မြို့၏ လေထုအရည်အသွေးဆိုင်ရာ စည်းမျဉ်းသည် ဆေးလိပ်သောက်ခြင်းကို တိုးမြှင့်တားမြစ်ကန့်သတ်ပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ပြီဖြစ်သည်။

၂၀၂၁ ခုနှစ်မှ စတင်၍ ပန်းခြံများနှင့် ကစားကွင်းများ အပါအဝင် ဘတ်စ်ကားမှတ်တိုင်များနှင့် အားကစားဆိုင်ရာ အဆောက်အအုံများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားခဲ့ပြီးဖြစ်သည်။

ယနေ့ (ဇန်နဝါရီလ ၁ ရက်)က စတင်လိုက်သည့် နောက်ဆုံးထွက်ပေါ်လာသော ဆေးလိပ်သောက်ခြင်းဆိုင်ရာ တားမြစ်ချက်သည် အခြားသူများနှင့် အနည်းဆုံး ၁၀ မီတာ အကွာအဝေးထိ အလှမ်းဝေးနိုင်သော သီးခြားနေရာများမှအပ "လမ်းများအပါအဝင် အများပြည်သူ နေရာများအားလုံးနှင့် သက်ဆိုင်သည်” ဟု ထုတ်ပြန်ဖော်ပြချက်တွင် ပါရှိသည်။

မီလန်မြို့၏ တင်းကျပ်သော ဆေးလိပ်သောက်ခြင်းဆိုင်ရာ တားမြစ်ချက်အသစ်သည် မြို့တွင်းလမ်းများ သို့မဟုတ် လူစည်ကားသောနေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်ခြင်းသာဖြစ်ပြီး E-Cigarettes များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။