တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဘေဂျင်းဆိုင်ရာ မော်စကိုသံအမတ်ကြီး၏ သောကြာနေ့ အစောပိုင်းက ပြောစကားများကို ကိုးကား၍ ရုရှားအစိုးရပိုင် RIA သတင်းဌာနထံက သိရှိရကြောင်း Reuters က ဖော်ပြထားသည်။

By Admin 28 Dec 2024

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်၌ တရုတ်နိုင်ငံ၊ မကာအို၌ တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ - Reuters)
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်၌ တရုတ်နိုင်ငံ၊ မကာအို၌ တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ - Reuters)

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် ၂၀၂၅ ခုနှစ်တွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဘေဂျင်းဆိုင်ရာ မော်စကိုသံအမတ်ကြီး၏ သောကြာနေ့ (ဒီဇင်ဘာ ၂၇ ရက်) အစောပိုင်းက ပြောစကားများကို ကိုးကား၍ ရုရှားအစိုးရပိုင် RIA သတင်းဌာနထံက သိရှိရကြောင်း Reuters က ဖော်ပြထားသည်။

“ခိုင်မာမှုရှိတဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်နွှယ်မှုဖြစ်ရပ်တွေအတွက် သင့်တော်တဲ့အစီအစဉ်တွေကို တက်တက်ကြွကြွ ရေးဆွဲနေပြီဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါက လျှို့ဝှက်ထားရမယ့်ကိစ္စလည်း မဟုတ်ဘူးလေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြီးအကဲဟာ လာမယ့်နှစ်ကိုရောက်ရင် ဦးစားပေးအစီအစဉ် တစ်ရပ်အနေနဲ့ ရုရှားကို သွားရောက်ဖို့ မျှော်မှန်းထားပါတယ်” ဟု သံအမတ်ကြီး အီဂေါ မော်ဂူလော့ဗ် က RIA သို့ ပြောကြားခဲ့သည်။

Reuters သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီသို့ ဆက်သွယ်၍ အတည်ပြုချက် တောင်းခံခဲ့သော်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ချက်ချင်း တုံ့ပြန်မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

ပူတင်သည် ယူကရိန်းနိုင်ငံသို့ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ မစေလွှတ်မီ ရက်ပိုင်းခန့်အလိုက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၌ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး တရုတ်ကို ရုရှား၏ အကန့်အသတ်မဲ့ မိတ်ဖက်အဖြစ်လည်း ကြေညာသွားခဲ့သည်။

ပူတင်သည် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပြီးသည့်နောက်၌ ပြီးခဲ့သောမေလတွင် ဘေဂျင်းသို့ အလည်အပတ်ခရီး ထပ်မံရောက်ရှိခဲ့ကာ အမေရိကန်၏မူဝါဒကို ဆန့်ကျင်သွားမည့် ဆက်ဆံရေးကို အာရုံစူးစိုက်သော “ခေတ်သစ်” ကို ကြိုဆိုသွားခဲ့သည်။