- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ ခန့်ကို စစ်တွေ တပ်ရင်းများတွင် အင်အားဖြည့်နေ
ဒီဇင်ဘာလ ပထမအပတ်ကာစတင်ကာ စစ်တွေ ဒေသကွပ်ကဲမှုစစ် ဌာန ချုပ် (ဒကစ)အပါအဝင် ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ကိုပို့ဆောင်ပြီး ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်တွေ မွတ်ဆလင် အသိုင်းဝိုင်းထံမှ သိရသည်။
08 Jan 2025
DMG ၊ ဇန်နဝါရီ ၈
ရခိုင်ပြည် မြောက်ပိုင်းရှိ တစ်ခုတည်းသော လက်ကျန်၊ စစ်တွေမြို့ကိုကာကွယ်ရေး စစ်ကောင်စီက စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ ခန့်ကို တပ်ရင်းဌာနချုပ် အသီးသီးတွင် အင်အားဖြည့်တင်းကာ AA ထိုးစစ်ကိုခုခံရန် ပြန်ဆင်နေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ပထမအပတ်ကာစတင်ကာ စစ်တွေ ဒေသကွပ်ကဲမှုစစ် ဌာန ချုပ် (ဒကစ)အပါအဝင် ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ကိုပို့ဆောင်ပြီး ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်တွေ မွတ်ဆလင် အသိုင်းဝိုင်းထံမှ သိရသည်။
“သူတို့ (စစ်သင်တန်းဆင်း မွတ်ဆလင်တွေ) ကို ပြီးခဲ့တဲ့ လကတည်းက တပ်ရင်းတွေကို ပို့လိုက်ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်တွေကို AA ဝင်တိုက်မှာကို စိုးရိမ်တဲ့အတွက် တပ်ရင်းတွေမှာ လူအင်အားတွေ ဖြည့်လိုက်တာပါ။ ပို့ လိုက်တာကတော့ ဒစကနဲ့ အခြားတပ်ရင်းတွေလည်းပါတယ်” ဟု မွတ်ဆလင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြည်တွင်းစစ်ပွဲတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ တွင် ပြဌာန်းလိုက်ပြီး ရခိုင်ပြည်က မွတ်ဆလင်များလည်းကို အဓမ္မ စည်းရုံးသိမ်းသွင်းကာ စစ်သင်တန်းပေးလျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ မတ်လအတွင်းစတင်ကာ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကာယ်ပြင် စသည့်ကျေးရွာ အပါအဝင် ဘောဒူဖ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင် ၂,၀၀၀ ကျော်ကို ဒေသကွပ်ကဲမှု စစ်ဌာန ချုပ် - ဒကစ (စစ်တွေ) တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့သည်။
လက်ရှိ စစ်တွေမြို့နယ် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏရှိနေပြီး စစ်ကောင်စီ အမြောက် တပ်ရင်းများကနေ ပုဏ္ဏားကျွန်း၊ ပေါက်တောစသည့် မြို့နယ်များသို့ နေ့စဉ်နှင့်အမျှ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်။
စစ်တွေမြို့နယ်က နောက်ထပ် မွတ်ဆလင်တစ်ဦးက “ စစ်တွေမြို့နယ်မှာတော့ မကြာခဏ ပစ်ခတ်သံတွေ ကြား နေရတယ်ဗျာ။ တိုက်ပွဲဖြစ်တာလား တစ်ဖက်သတ်ပစ်နေတာလား အတိကျ ပြောရခက်တယ်။ အဝေးကနေ အသံတွေ ကြားနေရတာ။ ဆိုတော့ အခု သင်တန်းဆင်းတွေကိုလည်း တိုက်ပွဲပြင်းလာရင် ရှေ့ဆုံးကနေ အသေခံတိုက်ဖို့ စစ်ကောင်စီက လုပ်နေတာ” ဟုပြောသည်။
စစ်တွေမြို့နယ်အတွင်း တိုက်ပွဲမဖြစ်ခင်က စစ်သင်တန်းပေး မွတ်ဆလင်များကို စစ်ဆေးရေး ဂိတ်များနှင့် ကျေး ရွာအနီးတွင် ကင်းစောင့်ခိုင်းထားသော်လည်း လက်ရှိတွင် တပ်ရင်းများသို့ ပို့ဆောင်ထားခြင်း ဖြစ်သည်။
လတ်တလောတွင် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ စစ်တွေမြို့မှ မွတ်ဆလင်အချို့မှာလည်း ရန်ကုန်နှင့် အခြား AA ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရရာနည်းလမ်းများဖြင့် ထွက်ပြေးသူများလည်းရှိလာနေသည်။
“အခုဆိုရင် စစ်တွေမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေလည်း ရှိလာတယ်။ ဒါကြောင့် စစ်တွေမြို့ကို ထိုးစစ် ဆင်လာရင် ပိတ်မိမှာကြောက်တဲ့အတွက် စစ်ရှောင်တဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်လာရင် ကျနော်တို့ မွတ်ဆလင်တွေက ပိုပြီးတော့ စစ်ဒဏ်ကို ခံရနိုင်တဲ့အတွက် ထွက်ပြေးကြတာ” ဟု ဘုမေကျေးရွာမှ စစ်ဘေးရှောင် မွတ်ဆလင်တစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲအတွင်း AA ၏ထိုးစစ်များကို စစ်ကောင်စီသည် ARSA၊ RSO၊ ARA စသည့် မွတ်ဆလင် တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် ခုခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။
ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ရှိသည်။