- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
- ကုလ၏ လူမျိုးစုံ ကျား၊မစုံ LGBT ဦးစားပေး အယူအဆများကို အမေရိကန်သတိပေး
- " အမ်းမြို့နယ်က အရမ်းအေးတော့ စစ်ဘေးရှောင်တွေက ကျန်းမာရေးထိခိုက်ပြီး အသက်သေဆုံးမှုတွေ ရှိနေတယ်"
- ကလေး စွန့်ပစ်ပေးကမ်းမှု ကင်းမဲ့စေရန် ပုဏ္ဏားကျွန်းတွင် ကလေးသူငယ်ဂေဟာ ဖွင့်မည်
မောင်တောဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ကြားရသဖြင့် ဘင်္ဂလားဒေ့ရှ်တွင် လုံခြုံရေးတင်းကျပ်
ရခိုင်-ဘင်္ဂလာနယ်စပ် ရခိုင်ဘက်ခြမ်းတွင် ဇန်နဝါရီလ ၆ ရက် တနင်္လာနေ့ နံနက်ပိုင်းမှ စတင်၍ ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် နတ်မြစ်နှင့် ကမ်းခြေဧရိယာတလျှောက်တွင် ကင်းလှည့်စောင့်ကြပ်လျက်ရှိကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Jan 2025
![ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံလာသည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထိန်းသိမ်းခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - AFP](https://assets.dmediag.com/2025/1/472957486_1000699192103677_2332518109479328460_n.jpg)
ရခိုင်-ဘင်္ဂလာနယ်စပ် ရခိုင်ဘက်ခြမ်းတွင် ဇန်နဝါရီလ ၆ ရက် တနင်္လာနေ့ နံနက်ပိုင်းမှ စတင်၍ ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် နတ်မြစ်နှင့် ကမ်းခြေဧရိယာတလျှောက်တွင် ကင်းလှည့်စောင့်ကြပ်လျက်ရှိကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တက္ကနာရှိ နာယာပရာနှင့် အခြားဒေသနှစ်ခုမှ ဒေသခံများသည် ရခိုင်ဘက်မှ မီးခိုးများ မီးတောက်များကို လှမ်းမြင်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရခိုင်ဘက်ခြမ်း ပီရန်ဖာ (Perangfur) အရပ်ဘက်တွင် မီးခိုးများနှင့်အတူ မီးလောင်ကျွမ်းနေသည်ကို တနင်္လာနေ့ ညနေ ၃ နာရီဝန်းကျင်အထိ မြင်ခဲ့ရကြောင်း နယ်စပ်ဒေသခံများက ပြောကြားသည်။
“မနက်ပိုင်းတည်းက တစ်ဘက်ခြမ်းမှာ မီးခိုးမီးတောက်တွေ မြင်နေရတာ။ ဘာဖြစ်နေတာလဲ တိတိပပ ပြောဖို့တော့ ခက်ပါတယ်။ မြန်မာဘက်မှာ စစ်ပွဲတွေ မပြီးသေးဘူးလို့ ကြားတယ်။ ဒါကြောင့် ဒုက္ခသည်တွေလည်း ဝင်လာဖို့ ကြိုးစားနေကြတုန်းပဲ။ မနေ့ကပဲ စစ်တွေက ပြေးလာတဲ့ မွတ်ဆလင် ၃၆ ယောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်လာသေးတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ ဟီလာအူဒင်က ဒါကာထရီဗျူးန်သို့ ပြောကြားသည်။
တနင်္ဂနွေနေ့ မွန်းတည့်ပိုင်းတွင်လည်း ဘာရန်တလီဘက်ခြမ်းမှ သေနတ်သံများ ကြားခဲ့ရသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
နောက်ပိုင်းတွင် သေနတ်သံများ လျော့နည်းသွားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ပြေးလာကြသည့် မွတ်ဆလင် အရေအတွက် ပိုများလာသည်ဟု သတင်းတွင် ဖော်ပြထားသည်။
တက္ကနာ BGB တပ်ရင်း (၂) မှ ဒုဗိုလ် အစ်ရှ်တစ်အာမက်က မွတ်ဆလင် အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထပ်ဝင်ရန် ကြိုးပမ်းနေကြသည်ဟု ကြားသိထားကြောင်း ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ BGB က တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့အတွက် နတ်မြစ်နယ်စပ်တလျှောက် ခိုးဝင်မှုတွေ မရှိအောင် ထိန်းချုပ်ထားပါတယ်။ ပင်လယ်ဘက်ကနေ ဝင်ဖို့ ကြိုးစားတာတွေကိုလည်း တားမြစ်ထားပါတယ်” ဟု သူကပြောသည်။
အူခီးယာရှိ ကူတူပါလောင် ဒုက္ခသည်စခန်းမှ စခန်းခေါင်းဆောင်တစ်ဦး ဖြစ်သူ မိုဟာမက်ဇိုဘားက အာရက္ခတပ်တော်သည် မောင်တော (Mongdu) ရှိ ကျေးရွာအများအပြားမှ မွတ်ဆလင် ၅၀,၀၀၀ နီးပါးကို နေအိမ်များမှ စွန့်ခွာရန် ညွှန်ကြားထားသည်ဟု ရခိုင်ဘက်မှ ၎င်း၏ ဆွေမျိုးများက ပြောကြောင်း ဒါကာထရီဗျူးန်သို့ ဖြေကြားသည်။
“တခြားကျေးရွာတွေဆီ အတင်းရွှေ့ပြောင်းခံရသူတွေ အများအပြားရှိတယ်။ မွတ်ဆလင်တွေဟာ လွတ်လွတ်လပ်လပ် သွားလာခွင့် မရကြဘူး” ဟု သူကပြောသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ရခိုင်ဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မွတ်ဆလင်ဒုက္ခသည် မိသားစု ၁၇,၅၀၀ ရှိပြီး လူအရေအတွက်အားဖြင့် စုစုပေါင်း ၆၄,၇၁၈ ဦးရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ မွတ်ဆလင်ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးရုံးက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။