- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
စစ်အာဏာသိမ်းမှုကြောင့် ဝေဝါးသွားတဲ့ NCA လမ်း
လက်နက်ကိုင်နိုင်ငံရေးမှာ ဆုံးရှုံးမှုများသည်ဟုစဉ်းစားချက်ကြောင့် နိုင်ငံရေးနည်းကို ဆွေးနွေးပွဲဖြင့် အဖြေရှာနိုင်ရေးအတွက် အစိုးရနှင့် EAOs တို့အကြား တရားဝင်လမ်းကြောင်းသစ်တစ်ခုဖြင့် ချဉ်းကပ်မှုကနေ တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA) ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်လာသည်။
13 Jan 2022
DMG ၊ ဇန်နဝါရီ ၁၃
(ဆောင်းပါး)
လက်နက်ကိုင်နိုင်ငံရေးမှာ ဆုံးရှုံးမှုများသည်ဟုစဉ်းစားချက်ကြောင့် နိုင်ငံရေးနည်းကို ဆွေးနွေးပွဲဖြင့် အဖြေရှာနိုင်ရေးအတွက် အစိုးရနှင့် EAOs တို့အကြား တရားဝင်လမ်းကြောင်းသစ်တစ်ခုဖြင့် ချဉ်းကပ်မှုကနေ တနိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Nationwide Ceasefire Agreement-NCA) ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်လာသည်။
NCA ၏ အနှစ်သာရ
NCA မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အပြိုကွဲရေး၊ အချုပ်အခြားအာဏာ တည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလာဒ်များနှင့်အညီ တည်ဆောက်သွားရန် ရည်မှန်းထားခြင်းဖြစ်သည်။
ထို့ကြောင့် NCA သည် လက်နက်ကိုင်ပဋိပက္ခသမိုင်းတစ်လျှောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို အာမခံ ထားသည့်အတွက် တံခါးပေါက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးပါကြောင်း အားလုံးကမှတ်ယူခဲ့ကြသည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်တို့ဘက်ကလည်း NCA ရေးထိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းမှတဆင့် ပယ်ဖျက်နိုင်ရေးဆိုသည့် နိုင်ငံရေးမျှော်မှန်းချက်ဖြင့် သဘောတူခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း ဂုဏ်သိက္ခာအရှိဆုံးဟုသတ်မှတ်ထားသည့် NCA လမ်းကြောင်းမှာ လက်ရှိမြန်မာ့နိုင်ငံရေး အရှုပ်အထွေးကြားတွင် ရှေ့ဆက်ရန်မလွယ်ကူတော့ပဲ ရပ်တန့်နေသည်။ ယင်းကြောင့် NCA လမ်းစဉ် ဘာကြောင့်ရပ်တန့်သွားရသလဲဆိုသည်မှာ စိတ်ဝင်စားစရာရှိလာသည်။
KNU နိုင်ငံခြားရေးဌာန တာဝန်ခံ ဖဒိုစောတာနီးက “နိုင်ငံရေးပြဿနာကို နိုင်ငံရေးယဉ်ကျေးမှုအဖြစ်နဲ့ ဖြေရှင်းမယ်လို့ ကျနော်တို့အားလုံးသဘောတူပြီးတော့ စစ်ကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တာ။ အခုကျတော့ NCA ကို စစ်ကောင်စီကချိုးဖောက်ပြီးသားဖြစ်တယ်”ဟု DMG ကိုပြောသည်။
ရွေးကောက်ပွဲကိုအကြောင်းပြကာ စစ်တပ်ကအာဏာသိမ်းလိုက်မှုကြောင့် NCA လမ်းကြောင်းမှ နိုင်ငံရေးပြဿနာတို့ကိုဖြေရှင်းရန် မဖြစ်တော့ကြောင်း NCA ရေးထိုးထားသည့် တိုင်းရင်းသား ခေါင်းဆောင်တို့က ပြောဆိုနေကြခြင်းလည်းဖြစ်သည်။
စာချုပ်ချိုးဖောက်မှု ပြဿနာ
ထို့အတူ စစ်ကောင်စီကလည်း NCA လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် စာချုပ်ပါစည်းကမ်းများကို ကျူးလွန်ချိုးဖောက်ပါက လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်သွားမည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းသတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NCA ရေးထိုးထားသည့် (EAOs)ဘက်ကလည်း တင်းမာသည့် တုန့်ပြန်မှုမျိုးရှိလာသလို စာချုပ်ကိုမည်သူချိုးဖောက်နေသနည်းဟု မေးခွန်းကလည်းရှိလာနေပြန်သည်။ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၁၀)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက “လိုက်နာဖို့တွက်တော့ နှစ်ဖက်လုံးမှာတာဝန်ရှိတယ်။ တစ်ဖက်ကိုပဲ လိုက်နာရမယ်ဆိုပြီး အတင်းဖိအားပေးနေလို့မရဘူး။ အဲ့လိုမျိုးဆိုလက်ခံလို့မရဘူး။ အဲလိုနဲ့ တိုက်မယ်သဘောဖြစ်နေတယ်။ ခြိမ်းခြောက်တိုင်းသာရမယ်ဆို နိုင်ငံရေးပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ”ဟု DMG ကိုပြောသည်။
ထို့အပြင်စစ်ကောင်စီက NCA အဖွဲ့များကိုစာချုပ်ဖောက်ဖျက်ပါက တိုက်ခိုက်သွားမည်ဆိုသည့်ကိစ္စမှာလည်း စာချုပ်မှာ သက်ဆိုင်ရာနှစ်ဘက်ပိုင်ဆိုင်သည့်စာချုပ်ဖြစ်သဖြင့် တစ်ဖက်နှင့်တစ်ဖက် အကျပ်ကိုင်ခြိမ်းခြောက်၍ မရကြောင်း NCA ရေးထိုးထားသည့်ခေါင်းဆောင်တို့က တုန့်ပြန်ကြသည်။
ပြီးခဲ့သည့် ဒီဇင်လာလက KNU ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်တွင် လာရောက်ခိုလှုံနေကြသည့် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သူတို့ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရှုထောင့်နှင့် ဒုက္ခရောက်နေသူများကို KNU မှလက်ခံထားမှုအပေါ် စစ်ကောင်စီတပ်သားများ ဝင်ရောက်ဖမ်းဆီးရာမှ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ဖဒိုစောတာနီးက “လေးကေ့ကော်ကို ဝင်လာစစ်ဆေးတာ ၇ ကြိမ် ၈ ကြိမ်ရှိသွားပြီပေါ့။ နောက်ဆုံးမှာ လူအလုံးအရင်းနဲ့ဝင်ချလာပြီးတော့ ကျနော်တို့ကာကွယ်ပေးထားတဲ့သူတွေကို လိုက်ဖမ်းလိုက်ရှာ။ နောက်နေအိမ်တွေကိုလိုက်ဖျက်တော့ ဘယ်လိုမှသည်းခံနိုင်ခြင်းမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့က ပြန်တိုက်တာဗျ”ဟု ၎င်းကတုန့်ပြန်ထားသည်။
စစ်ကောင်စီတပ်သားများမှာ KNU ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်စစ်ဆေးမှုတို့ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို ရှေ့ရှုသည့်အနေဖြင့် KNU ဘက်ကစောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် လူအင်အား၊လက်နက်အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးကာ၊ နေအိမ်တို့ကိုဖျက်ဆီးမှုတို့ ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ရခြင်းဟုဆိုသည်။
NCA စာချုပ်အခန်း(၃)၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များတွင် အဓိကအရေးကြီးဆုံးမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တိုက်ပွဲမဖြစ်ပွားရေးအတွက် အလေးအနက်ထားကာ စာချုပ်ပါအချက်အလက်များကိုလည်း လိုက်နာကျင့်သုံးရမည်ဖြစ်သည်ဟု ပါရှိသည်။
ထို့အပြင် NCA စာချုပ်အခန်း(၃)၊ နံပါတ်(၇) ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း(က)တွင် နှစ်ဖက်တိုက်ရိုက်ထိတွေ့ရင်ဆိုင်မှုရှိသောနေရာတို့တွင် ထိတွေ့ပစ်ခတ်မှု မရှိစေရေးအတွက် စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများရယူလျက် ချက်ချင်းဆောင်ရွက်ရန်ဟု ဆိုထားသည်။
ယခင်ကလည်း KNU နယ်မြေတပ်မဟာ(၃)နှင့် တပ်မဟာ(၅) နယ်မြေထဲကို စစ်တပ်က ဒေသဖွံ့ဖြိုးရေး လမ်းလုပ်မည်ဟုအကြောင်းပြချက်ဖြင့် ဝင်ရောက်မှုများရှိခဲ့သည်။ ယင်းကြောင့် KNU နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းကြောင့် စာချုပ်ချိုးဖောက်ရသည့်အဓိကအကြောင်းရင်းမှာ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေး မလုပ်နိုင်ခြင်း၊ စာချုပ်ပါ တပ်နေရာချထားရေးဆွေးနွေးပွဲများ မလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရသည်။
ရဲဘော်မျိုးဝင်းက “NCA အကောင်အထည်ဖော်မှုမှာတော့ သဘောတူထားတဲ့အတိုင်း တပ်နေရာချထားရေးတွေကို ဆွေးနွေးညှိနှိုင်းဖို့ကိစ္စက ဘာတစ်ခုမှမဆောင်ရွက်နိုင်ခဲ့ဘူး။ ဒါကြောင့် တပ်နေရာချထားရေး ကိစ္စကိုမဖြေရှင်းနိုင်ခဲ့လို့ အငြင်းပွားမှုတွေ၊ ထိတွေ့မှုတွေအများကြီးရှိခဲ့တာပေါ့”ဟု ရှင်းပြသည်။
စာချုပ်ပါ အခန်း ၃၊(က)တွင် အပစ်ရပ်နယ်မြေအတွင်း တဖက်နှင့်တဖက်အကြား နယ်မြေစိုးမိုးမှု၊ တပ်လှုပ်ရှားခြင်း၊ ကင်းထောက်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မိုင်းထောင်ခြင်းများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ရုပ်ဝတ္ထုပစ္စည်းများဖျက်စီးခြင်းနှင့် ထိုးစစ်ဆင်ခြင်းများရပ်ဆိုင်းရန်ဟု ပါရှိသည်။
ယင်းအပြင် စာချုပ်နံပါတ်(၈) တပ်ဖွဲ့ဝင်များလွတ်လပ်စွာသွားလာခွင့် (ခ)တွင်လည်း တဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသောနယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ဖြင့်သွားလာရန်ဟု ဖော်ပြထားသည်။
NCA ထိုးထားကြာသည့် EAOs ဘက်ကတော့ ချိုးဖောက်သူမှာ အာဏာသိမ်းစစ်ကောင်စီသာဖြစ်ကြောင်း စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။
စစ်ကောင်စီက နိုင်ငံအာဏာကိုသိမ်းယူလိုက်ပြီးနောက်တွင် မြန်မာနိုင်ငံအရေးကို ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ကာလုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။ ယင်းအထဲမှ နံပါတ်(၄)အချက်မှာ “တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA ပါသဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်”ဟု ပြောဆိုထားသည်။
NCA အစနှင့် ရလဒ်များ
NCA ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်ကြသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့အပြင်၊ NLD အစိုးရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က လက်မှတ်ရေးထိုးခဲ့ကြသဖြင့် လက်ရှိတွင် NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိနေသည်။
ထို့ကြောင့် NCA စာချုပ်ချုပ်ဆိုခဲ့သည်မှာ (၆)ကျော်လာပြီဖြစ်သည်။ ထိုကာလအတွင်း NCA စာချုပ် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်နှင့်အညီ ဆောင်ရွက်လာခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစုပင်လုံ (၄)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို ချုပ်ဆိုထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ခေါင်းဆောင် စောမြရာဇာလင်းက “(၆)လ တစ်ကြိမ်ကျင်းပမယ် ဆိုပြီးတော့ သတ်မှတ်ထားတာ။ အဲဒီမှာ ပထမဦးသိန်းစိန်အစိုးရတုန်းကတော့ လုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ဆိုတော့ အစိုးရဘက်ကအဆင်မပြေသလို၊ ကျမတို့ EAO တွေကဘက်လည်း အဆင်မပြေတာလည်းရှိတယ်။ ကိုဗစ်ကြောင့်၊ တခါ အခုစစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားတယ်”ဟု ဆိုသည်။
လက်ရှိတွင် NCA အခြေခံမူများထဲမှ တိုင်းပြည်အတွက်အရေးကြီးသည့် အာဏာခွဲဝေမှု၊ တပ်နေရာချထားရေး စသည့်အစိတ်အပိုင်းကဏ္ဍများမှာ ဘာမှမဆွေးနွေးရသေးသလို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ဆောင်ရေးကိုပင် မစတင်နိုင်သေးပေ။
ထိုသို့အချေအတင်ပြဿနာတို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အဆင့်မြင့်ဆုံးဟုသတ်မှတ်ထားသည့် NCA လမ်းကြောင်းမှာ လက်နက်ကိုင်အင်အားစုများနှင့် ပြည်သူတို့အကြား ယုံကြည်မှုနည်းပါးသည်ကို တွေ့လာနေသည်။ ထိုယုံကြည်မှုနည်းရခြင်းမှာလည်း စာချုပ်ပါအချက်အလက်များကို အကောင်အထည် မဖော်ဆောင်ခဲ့သည့်အတွက် အလိုအလျှောက်ပျက်စီးခြင်းကိုရောက်သွားခြင်းဟု ပြောဆိုကြသည်။
NCA အကျပ်အတည်း
NCA လမ်းကြောင်းမှာ လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးရှုပ်ထွေးမှုများနှင့်အတူ စာချုပ်ချုပ်ဆိုထားသည့် EAO များထဲမှ အကြီးဆုံးအဖွဲ့ဖြစ်သော KNU အပါဝင် CNF တို့နှင့် တပ်မတော်တို့ကြား တိုက်ပွဲကြီးများ၊ စစ်ရေးတင်းမာမှုများဖြစ်ပေါ်သည်ကို တွေ့နေရသည်။
နောက်ပြီး NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ EAOs များပါဝင်ရမည်ဖြစ်သော်လည်း လက်ရှိတွင်လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေးဆွေးနွေးမှု သဘောတူညီချက်များကိုအတည်ပြုရန် နေရာမရှိတော့ပေ။ ယင်းကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ရှိသေးလားဟုပင် မေးခွန်းထုတ်စရာဖြစ်လာနေသည်။
ဖဒိုစောတောနီက “ ဒီအချိန်မှာ ကျနော်သတင်းဌာနတွေကို တောက်လျှောက်ပြောတာက NCA ဟာ လေဖြတ်ထားတဲ့ လူနာတစ်ယောက်နဲ့တူတယ်။ လုံးဝလှုပ်လို့မရတော့ဘူး။ သေတော့မသေဘူး။ ဘာမှမျှော်လင့်ချက် မရှိတော့ဘူး” ဟု မှတ်ချပြုသည်။
တခြားနည်းလမ်းရှာမည်လား
ယင်းကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စစ်ကောင်စီ၏ရှေ့လုပ်ငန်းစဉ်မူအတိုင်း အနာဂတ်ကာလ NCA မူဘောင်အတိုင်းသွားရန် လုံးဝခက်ခဲ့သွားပြီဖြစ်သည်။ အကြောင်းမှာ လက်ရှိစစ်ကောင်စီအနေဖြင့် NUG၊ PDF တို့နှင့် ပြင်းထန်စွာတိုက်ခိုက်နေရသည်။
အခြားတစ်ဘက်၌လည်း ယင်းတို့ကိုလျှော့ချရန်နှင့် EAOs တို့နှင့် စစ်ရေးကိုလျှော့ချနိုင်ရေးအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် (EAOs)တို့ကို ချဉ်းကပ်မှုကိုမြင်နေရသည်။ ၂၀၂၁ ဒီဇင်ဘာလ ၁၅ ရက်နေ့က NDAA မိုင်းလားမြို့တွင် NCA မထိုးရသေးသည့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အင်အားစုများနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့က အလွတ်သဘော ဆွေးနွေးမှုတစ်ခုရှိခဲ့သည်။
ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က NCA လမ်းကြောင်းအတိုင်း Bilateral Agreement (ပဏာမအပစ်ရပ်စဲရေး သဘောတူစာချုပ်)ထိုးနိုင်ရေးအတွက် ထိုအဖွဲ့တို့၏သဘောထားများကို သိရှိရန်အတွက် ချဉ်းကပ်ခြင်းဖြစ်သော်လည်း မြောက်ပိုင်း EAO တချို့က NCA အလုပ်မဖြစ်ကြောင်းပြောထားသည်။ ယင်းကြောင့် အနာဂတ်ကာလ စစ်ကောင်စီ၏ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ NCA ၏ မူဘောင်အတိုင်း ရှေ့ဆက်အကောင်အထည်ရန် မလွယ်တော့ပေ။
ယင်းကြောင့် လက်နက်ကိုင်အင်အားစုအားလုံးက ဖက်ဒရယ်ဖြစ်ဖြစ်၊ တခြားငြိမ်းချမ်းရေးလမ်းကြောင်း တစ်ခုဖြစ်ဖြစ်၊ မော်ဒယ်ဖွဲ့စည်းပုံအသစ်တစ်ခုရေးဆွဲပြီးဆွေးနွေးနိုင်မှ မြန်မာ့နိုင်ငံရေး လက်တွေ့ကျမည်ဟု နိုင်ငံရေးသမားတို့က စဉ်းစားနေကြသည်။
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “အရင်တုန်းက ပင်လုံနဲ့မပြေလည်မှုတို့ကြုံခဲ့ပြီ။ အခု NCA ကလည်း ပင်လုံကိုမကျော်နိုင်ဆိုတော့ တော်လှန်ရေးအင်အားစုတွေအားလုံးက ကိုယ်လိုချင်တဲ့ငြိမ်းချမ်းရေး မော်ဒန်ဖွဲ့စည်းပုံတစ်ခုကို ရေးဆွဲထားဖို့လိုတယ်”ဟု ဆိုသည်။