ရခိုင်က စစ်ဘေးရှောင်များကို စိတ်ပိုင်းဆိုင်ရာကုစားမှုများ လုပ်ပေးနေကြောင်း HDCO ထုတ်ပြန်

ရခိုင်ပြည်အတွင်းက သိန်းနှင့်ချီသည့် စစ်ဘေးရှောင်များကို စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နေကြောင်း (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်သည်။

By Admin 30 Dec 2024

စစ်ဘေးရှောင်များကို ULA/HDCO နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စိတ်ကျန်းမာရေး အသိပေးခြင်းနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - HDCO 
စစ်ဘေးရှောင်များကို ULA/HDCO နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စိတ်ကျန်းမာရေး အသိပေးခြင်းနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - HDCO 

DMG ၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်အတွင်းက သိန်းနှင့်ချီသည့် စစ်ဘေးရှောင်များကို စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်များကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နေကြောင်း (ULA/AA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်သည်။ 

ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့နေရသည့် စစ်ဘေးရှောင်များ ကို လူမျိုးဘာသာမရွေးတပြေးညီ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ ပြုလုပ်ပေးနေကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

 “အာရက္ခပြည်သူတွေ နေ့စဥ်ဘဝမှာ စိတ်ကျန်းမာရေးအသိအမြင်တွေ ဆက်လက်တိုးပွားနိုင်ဖို့နဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အယူအဆတွေကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သိတတ် နားလည်တဲ့ လူပုဂ္ဂိုလ် တဦးတယောက်ချင်းစီက အခွင့်အလမ်းတွေ ဖန်တီးပေးတာ၊ ကူညီဖေးမပေးတာတွေ ၊ စိတ်လုံခြုံမှုဆိုင်ရာ အစီအမံတွေ ချမှတ်လုပ်ဆောင်ပေးကြဖို့လည်း လိုအပ်လျက်ရှိပါတယ်” ဟု HDCO က ဆိုသည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များအတွင်းရှိ ကျေးရွာ ၄၆ ရွာမှ စစ်ဘေးရှောင်လူဦးရေ ၃,၃၇၅ ဦးကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။  

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လူဦးရေ ၆ သိန်းကျော်အထိ ရှိလာနေသည်။ 

တိုက်ပွဲနောက်ဆက်တွဲ အကျိုးသက်ရောက်မှုများဖြစ်သည့် အလုပ်အကိုင်ရှားပါးမှု၊ ငတ်မွတ်ခေါင်းပါးမှု အပါအဝင် အနေအထိုင်ဆင်းရဲမှုတို့ကြောင့် စစ်ဘေးရှောင်များမှာ အသက်အရွယ်၊ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရသည်။ 

“နေရတာကတော့ ပိုက်ဆံရှိတဲ့သူတွေတော့ စားရသောက်ရသေးတယ်။ ပိုက်ဆံမရှိတဲ့သူတွေဆို အငတ်နေရ တယ်။ သားသမီးတွေက ကျပန်းလုပ်စားနေတော့ ထမင်းနှစ်ထပ်တော့ ဗိုက်ဝအောင်စားရပေမယ့် နေမကောင်း ဖြစ်လို့ ဆေးခန်းသွားပြဖို့တောင် ပိုက်ဆံမရှိဘူး။ တွေးရင်းတွေးရင်းနဲ့ ရင်မောတယ်” ဟု စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ စစ်ဘေးရှောင် ဒေါ်ဖြူမချေက ပြောသည်။ 

ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပါအဝင် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ 

“ပထမ စစ်ဘေးရှောင်တဲ့နေရာမှာ လေယာဉ်နဲ့ ဗုံးကြဲလို့ အခုဒီနေရာကို ထပ်ပြီး စစ်ဘေးရှောင်လာတာ။ လေယာဉ်လာရင် အိမ်အခန်းအောက် ကျဉ်းကျဉ်းလေးမှာ သားသမီးတွေနဲ့ ဝပ်နေရတယ်။ စားဖို့သောက်ဖို့က လည်း သူများတွေဆီက ချေးငှားပြီးတော့ စားနေရတာ။ တစ်ရက်စာ တစ်ရက်စားဖို့မလုံလောက်ဘူး။ စိတ်ပင်ပန်း ရတယ်။ အာဟာရပြတ်လို့ ခေါင်းမူးတယ်။ သွေးပေါင်တွေထိုးကျတယ်” ဟု ကျောက်တော်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် ဒေါ်ခင်စိုးနုက ပြောသည်။ 

ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၇၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၁,၅၀၀ ကျော်အထိရှိလာပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်ချက် မြင့်မားနေသည်။ 

ပြီးခဲ့သည့် စစ်ရေးကာလအတွင်း စစ်ဘေးရှောင်များနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအရပ်ဖက်အဖွဲ့များက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ ကုစား ပေးခြင်းများ ရှိခဲ့သော်လည်း လက်ရှိတွင် မရှိသလောက် နည်းပါးနေကြောင်း သိရသည်။