စစ်ကောင်စီ လက်ချက်ကြောင့် ရခိုင်တွင် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရသူ ၁,၄၀၀ ကျော်ရှိ

သေဆုံးသူများထဲတွင် သံတွဲမြို့နယ် အများဆုံးဖြစ်ခဲ့ပြီး တောင်ကုတ်မြို့နယ်က ဒုတိယ အများဆုံးနှင့် ဒဏ်ရာရသူများထဲတွင် မောင်တောမြို့နယ်အများဆုံးဖြစ်ကာ သံတွဲမြို့နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း တွေ့ရသည်။

By Admin 01 Jan 2025

၂၀၂၄ ခုနှစ် မေလအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့သည့် မောင်တောမြို့နယ်၊ ကင်းချောင်းရွာ မြင်ကွင်း။ ဓာတ်ပုံ - CJ။
၂၀၂၄ ခုနှစ် မေလအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲခဲ့သည့် မောင်တောမြို့နယ်၊ ကင်းချောင်းရွာ မြင်ကွင်း။ ဓာတ်ပုံ - CJ။

DMG ၊ ဇန်နဝါရီ ၁ 

စစ်ရေးပြင်ထန်ခဲ့သည့် ရခိုင်ဒေသတွင် ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရသူ ၁,၄၁၈ ဦးရှိခဲ့ကြောင်း  DMG က ကောက်ယူထားသည့် စာရင်းများအရသိရသည်။

အဆိုပါ စာရင်းများအရ သေဆုံးသူများမှာ မြောက်ဦးမြို့နယ်တွင် ၂၁ ဦး၊ ကျောက်တော် ၂၈ ဦး၊ ပုဏ္ဏားကျွန်း ၁၈ ဦး၊ ရသေ့တောင် ၅ ဦး၊ တောင်ကုတ် ၅၃ ဦး၊ ဘူးသီးတောင် ၄၂ ဦး၊ မင်းပြား ၄၅ ဦး၊ စစ်တွေ ၈၉ ဦး၊ အမ်း ၁၉ ဦး၊ ပေါက်တော ၃၂ ဦး၊ ရမ်းဗြဲ ၁၀ ဦး၊ ကျောက်ဖြူ ၁၀ ဦး၊ သံတွဲ ၉၂ ဦး၊ မောင်တော ၅၂ ဦး၊ ဂွ ၅၁ ဦးနှင့်၊ မြေပုံ မြို့ နယ်တွင် ၁၀ ဦး စုစုပေါင်း ၅၇၇ ဦးရှိခဲ့သည်။
  
ဒဏ်ရာရသူများမှာ ကျောက်တော်မြို့နယ်တွင် ၉၀ ဦး၊ ပေါက်တော ၄၂ ဦး၊ ဘူးသီးတောင် ၄၁ ဦး၊ မြောက်ဦး ၄၃ ဦး၊ စစ်တွေ ၁၀ ဦး၊ အမ်း ၇၆ ဦး၊ ပုဏ္ဏားကျွန်း ၇၄ ဦး၊ ရမ်းဗြဲ ၁၅ ဦး၊ မြေပုံ ၄၃ ဦး၊ ရသေ့တောင် ၂၅ ဦး ၊ မောင်တော ၁၂၂ ဦး၊ ကျောက်ဖြူ ၃၁ ဦး၊ သံတွဲ ၁၁၉ ဦး၊ တောင်ကုတ် ၇၁ ဦးနှင့်၊ ဂွမြို့နယ်တွင် ၃၉ ဦး စုစု ပေါင်း ၈၄၁ ဦး ရှိခဲ့သည်။

သေဆုံးသူများထဲတွင် သံတွဲမြို့နယ် အများဆုံးဖြစ်ခဲ့ပြီး တောင်ကုတ်မြို့နယ်က ဒုတိယ အများဆုံးနှင့် ဒဏ်ရာရသူများထဲတွင် မောင်တောမြို့နယ်အများဆုံးဖြစ်ကာ သံတွဲမြို့နယ်မှာ ဒုတိယအများဆုံးဖြစ်ကြောင်း တွေ့ရသည်။

သေဆုံးမှုများ၏ အများဆုံး ရာခိုင်နှုန်းမှာ စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတို့ဖြစ်ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်အများအပြား ပါဝင်ကြောင်း DMG စာရင်းများတွင် ဖော်ပြသည်။

“စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် သက်ကြီးရွယ်အိုတွေ မသန်စွမ်းသူတွေ အကုန်းလုံး ရင်ဆိုင်နေကြတာပါ။ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ကိစ္စတွေက အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက်တော့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရတာတွေကို တွေ့ရပါတယ်” ဟု ရခိုင် အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အရပ်သားများကိုဦးတည်ပြီး လေကြောင်း၊ လက် နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများကြောင်း သေဆုံးဒဏ်ရာရရှိမှုလည်း နေ့စဉ်တိုးနေသည်။ 

အရပ်သားများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်သည့်  အရေးယူမှုများ ပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“စစ်ကောင်စီ တပ်တွေက အရှုံးကိုလက်မခံနိုင်သေးတော့ ရှုံးမိုက်မိုက်နေတာဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကိုပါ မကြာခဏလာပြီး ပစ်တာတွေရှိတော့ အရပ်သားသေဆုံးမှုက နေ့ စဉ်လိုလိုရှိနေတယ်။ ဒါတွေကို နိုင်ငံတကာက ဖိအားပေးပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်‌ဆောင်ပေးစေချင်တယ်” ဟု ကျောက်ဖြူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ဆက်လက်ရှိနေပြီး ဒေသခံ များမှာလည်း စစ်ကောင်စီ၏ သတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းများကိုခံနေရကာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍအသီးသီးတွင် အခက်အခဲများနှင့် ဖြတ်ကျော်နေကြရသည်။