- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
လေတပ်ကို အပြည့်အဝအသုံးချနိုင်အောင် လေ့ကျင့်ကြရန် စစ်ခေါင်းဆောင် ညွှန်ကြား
မန္တလေးတိုင်း မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက်နှင့် လေယာဉ်၊ ရဟတ်ရယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
16 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၆
ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်များနှင့် လက်နက်စနစ်များ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချစစ်ဆင်နိုင်ရန် လေ့ကျင့်သားပြည့်ဝမှုသည် အဓိက လိုအပ်ချက်ဖြစ်၍ တစ်ကြိမ်တစ်ခါလေ့ကျင့်ရုံဖြင့် မလုံလောက်ဘဲ အမြဲမပြတ် လေ့လာလေ့ကျင့်နေကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။
မန္တလေးတိုင်း မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်သည့် တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက်နှင့် လေယာဉ်၊ ရဟတ်ရယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေး၊ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တပ်မတော်(လေ)အနေဖြင့် ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ဆက်လက်ပါဝင်ကြရန်၊ လေယာဉ်၊ ရဟတ်ယာဉ် အသစ်များကို တန်ဖိုးထား ကိုင်တွယ်အသုံးပြုပျံသန်းပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရန် စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သည်။
ကမ္ဘာတလွှားရှိ စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများကို လေ့လာဆန်းစစ်ကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေ၍ တပ်မတော်(လေ) အနေဖြင့်လည်း ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာဆန်းစစ်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲဆောင်ရွက်ကြရန်လည်း မှာကြားခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေယာဉ်အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျက်ကျမှုများရှိသလို၊ စက်ချွတ်ယွင်းမှုကြောင့်လည်း ပျက်ကျပျက်စီးမှုများ ရှိနေသည်။
အာဏာသိမ်းချိန်မှစပြီး ပြင်းထန်လာသည့် နိုင်ငံအနှံ့တိုက်ပွဲများတွင် စစ်ကောင်စီသည် လေတပ်ကို အဓိကသုံးပြီး တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း ထိရောက်မှုမရှိဘဲ အရပ်သားပြည်သူများသာ ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်နေကြောင်း ပြည်သူများက ပြောသည်။
ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်နေသူ လူငယ်တစ်ဦးက “စစ်ကောင်စီဟာ တိုက်ပွဲတွေကို အကြောင်းပြပြီး လေကြောင်းနဲ့ အဓိကထားစစ်ကူပေးတယ်။ ဒါပေမဲ့ မြေပြင်မှာက အရပ်သားတွေ ထိခိုက်တာများတယ်။ ဆိုတော့ ဒီလုပ်ရပ်ကို ပြန်လည်သုံးသပ်ပြီး ရပ်တန့်သင့်ပြီ။ နောက်တစ်ခုက နိုင်ငံတကာကလည်း စစ်ကောင်စီ အပေါ် လေကြောင်းပစ်ခတ်မှုတွေ ပြည်သူထိခိုက်မှုတွေကို ကြည့်ပြီး ဖိအားပေးသင့်ပြီ ” ဟု ပြောသည်။
နိုင်ငံအနှံ့ ထိန်းချုပ်နယ်မြေများ တဖြည်းဖြည်းဆုံးရှုံးနေသည့် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့ရွာ၊ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံများပါမကျန် နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက်က ရခိုင်ပြည်၊ မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၇ ဦးထိ သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ဖားဝပ်ချောင်းဒေသခံ ဦးလှဖြူက “ကျနော်တို့အိမ်မှာ မိသားစု ၁၁ ယောက်ရှိတာ။ ၁၀ ဦးက ဗုံးထိသွားတယ်။ လူကြီး ၃ ဦးနဲ့ ၇ လအရွယ်ကိုယ်ဝန် ကလေးတစ်ဦး သေဆုံးသွားတယ်။ ကျနော်တို့ကျေးရွာမှာ AA စခန်းလည်း ရှိတာ မဟုတ်ဘူး။ ကျနော်တို့ အရမ်းခံစားရတယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက်ထိ လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၇,၁၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း ISP-Myanmar က ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်၌ ထုတ်ပြန်ထားသည်။