- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ARSA ဖမ်းသွားသည့် ရခိုင်ဒေသခံ ၅ ဦး တစ်လကြာသည်ထိ သတင်းအစအနမရသေး
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)က ဖမ်းဆီးသွားသည့် ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်မှ ဒေသခံ ၅ ဦးနှင့်ပတ်သက်၍ တစ်လခန့်ကြာအထိ တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသဖြင့် စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။
04 Jan 2025
DMG ၊ ဇန်နဝါရီ ၄
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)က ဖမ်းဆီးသွားသည့် ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်မှ ဒေသခံ ၅ ဦးနှင့်ပတ်သက်၍ တစ်လခန့်ကြာအထိ တစ်စုံတစ်ရာ အဆက်အသွယ် မရရှိသဖြင့် စိုးရိမ် နေရကြောင်း မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဆင်စွယ်ရ(သက္ကမ)ကျေးရွာသို့ ဝင်ရောက် လာသည့် ARSA တပ်ဖွဲ့ဝင်များသည် ဒေသခံ ၅ ဦး ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့မှာ လက်ရှိအချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေး၍ စိုးရိမ်နေကြခြင်းဖြစ်သည်။
“အဖမ်းခံရတဲ့ အထဲမှာ အဖေရော၊ ဦးလေးရော ပါတယ်။ သူတို့အားလုံးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာပေါ့။ အသက်ကော ရှင်သေးရဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ပြန်လွှတ်လာတာကိုပဲ လိုချင်တယ်” ဟု ရသေ့တောင် မြို့နယ်မှ ဖမ်းဆီးခံထားရသူ၏ သားဖြစ်သူတစ်ဦးက ပြောသည်။
ARSA ထံ ဖမ်းဆီးခံထားရသူများမှာ ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာမှ ဦးလှယေမောင် (၅၈) နှစ်၊ ဦးညိုသာစိန် (၅၇) နှစ်တို့နှင့် ဘူးသီးတောင် မြို့နယ်၊ ဆင်စွယ်ရ(သက္ကမ)ကျေးရွာမှ ကိုမောင်မောင် (၂၂) နှစ်၊ ကိုရဲကိုကို (၂၆) နှစ်၊ ဦးဦးလှဝင်း (၃၉) နှစ်တို့ဖြစ်သည်။
ယင်းအထဲမှ ရသေ့တောင်ဒေသခံ နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကုန်ပစ္စည်းဝယ်ယူရန် သွားရောက်ချိန်၌ ဆင်စွယ်ရ ကျေးရွာသို့ ခေတ္တရောက်ရှိနေစဉ် ARSA ထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ARSA တပ်ဖွဲ့ဝင်များသည် ဆင်စွယ်ရကျေးရွာမှ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့အပြင် နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်။
ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) ထံ တိုင်ကြားထားပြီး AA တပ်ဖွဲ့ဝင်များက လိုက်လံ ရှာဖွေမှုများ လုပ်ဆောင်နေသော်လည်း ထူးခြားမှုမရှိသေးကြောင်း ပြောသည်။
“အာရက္ခတပ်တော်ဆီမှာ တိုင်ထားတာ ရှိတယ်။ ဘူးသီးတောင်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းမှုတွေ လုပ်နေတယ်လို့တော့ ပြောတယ်။ တစ်စုံတစ်ရာ ရှာတွေ့တာတော့ မရှိသေးဘူး။ ARSA ဆီမှာ ဖမ်းဆီးခံရတဲ့ သူတွေ လွတ်ဖို့ကို ကူညီပေးနိုင်တဲ့ သူတွေအားလုံး ကူညီပေးကြဖို့ကို တောင်းဆိုချင်တယ်”ဟု ဖမ်းဆီးခံထား ရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အဆိုပါ ရခိုင်ဒေသခံ ၅ ဦးကို ARSA က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်တွင် လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။
ရုပ်သံဖိုင်တွင် ရသေ့တောင်ဒေသခံနှစ်ဦး၏ ဦးခေါင်းနှင့် မျက်နှာတို့၌ ရိုက်နှက် ဒဏ်ရာများတွေ့ရသည့် အပြင် ဖမ်းဆီးခံထားရသူ ၅ ဦး၏ ဘေးပတ်လည်တွင် သေနတ်များ ကိုင်ဆောင်ထားသည့် ARSA တပ်ဖွဲ့ဝင်များကို တွေ့ရသည်။
ဘူးသီးတောင်၊ မောင်တောမြိုနယ်တို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် AA က သိမ်းပိုက်ထိန်းချုပ် ထားသော်လည်း အဆိုပါဒေသများတွင် ARSA အပါအဝင် မွတ်ဆလင်များလက်နက်ကိုင်အဖွဲ့များသည် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
“စစ်ကောင်စီ ကိစ္စက ပြီးသွားလို့ တစ်မျိုးအေးချမ်းသွားပေမဲ့ အာဆာကိစ္စက မပြီးနိုင်သေးဘူး။ အာဆာတွေမှာ စစ်သင်တန်းပေးနေတယ်ဆိုတာတွေလည်း ကြားနေရတော့ ဘယ်လို ပိုဆိုးလာမလဲ ဆိုပြီးတော့လည်း စိတ်ပူ နေရသေးတယ်” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က မောင်တောကြိမ်ချောင်းမှ တောင်ပြိုသို့ ဈေးသွားဝယ်သော အရပ်သား ခရီးသည်ကားတစ်စီးအား ARSA တပ်ဖွဲ့ဝင်များမှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ARSA ၊ RSO နှင့် ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကြောင့် ဒေသခံများ၏ လုံခြုံရေးအတွက် AA က လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေပြီး ကျေးရွာတချို့တွင် ကင်းစခန်းများပါ လုပ်ထားကြောင်း သိရသည်။