ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား

ဘေးကင်းဇုန်များကို စီမံအုပ်ချုပ်ရမည့်သူ ဖြစ်လာနိုင်သည့် အာရက္ခတပ်တော်သည် ရိုဟင်ဂျာများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းခြင်း၊ အကြမ်းဖက်ခြင်း အစရှိသည့် ရန်လိုမုန်းထားသော နောက်ခံသမိုင်း ရှိထားသည်။ ရိုဟင်ဂျာ အသိုင်းအဝိုင်း အတွက်ကတော့ ၎င်းတို့၏ လက်တွင်း၌ အကြောက်တရားများဖြင့် ရှင်သန်ခဲ့ရသည့် အမှတ်သညာများ ရှိနေဆဲဖြစ်ရာ AA အား မိမိတို့ကို ကာကွယ်ပေးမည့်သူအဖြစ် ယုံမှတ်ရန်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။

By Admin 21 Dec 2024

မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ပြေးလာကြသူများအား ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images
မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ပြေးလာကြသူများအား ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

[ရခိုင်ပြည်တွင် အာရက္ခတပ်တော်က ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ရန် ကြိုးပမ်းနေသည့် တချိန်တည်း၌ အိမ်နီးချင်းနိုင်ငံများက ရခိုင်အပေါ် မည်သို့မည်ပုံ သဘောထားအယူ ရှိကြသည်ကိုလည်း အရှိအတိုင်း သိထားရန် လိုအပ်လာပါသည်။ သို့အတွက်ကြောင့် လက်ရှိ ရခိုင်လူထု၏ ခံယူချက်အမြင်များနှင့် ထပ်တူကျသည့် သတင်းဆောင်းပါးများ သာမက၊ ဆန့်ကျင်ကွဲလွဲသည့် ပတ်ဝန်းကျင် အမြင်များကိုပါ သိရှိနိုင်ရန် DMG က ကြိုးပမ်းအားဖြည့်လျက် ရှိရာတွင် ယခုတစ်ကြိမ်၌  မွတ်ဆလင် ဘေးကင်းဇုန် (Rohingya Safe Zone) အယူအဆနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောထားအမြင် တစ်ရပ်ကို မျှဝေဖော်ပြလိုက်ပါသည်။ မူရင်းအာဘော်နှင့် အသုံးအနှုန်းများကို အတတ်နိုင်ဆုံး မပြောင်းလဲဘဲ တိုက်ရိုက်ကောက်ယူ ဘာသာပြန်ထားသည့်အတွက် အကဲဆတ်သည့် အသုံးအနှုန်းများ၊ မတူကွဲပြားသည့် အမြင်များ ပါရှိနိုင်ကြောင်း စာဖတ်သူများကို လေးလေးစားစား အသိပေးအပ်ပါသည်။]

မြန်မာပြည်မှ ရိုဟင်ဂျာများသည် ဖိနှိပ်မှု၊ နေရပ်စွန့်ခွာရမှု တို့ကို ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရသည်။ ၂၀၁၇ ခုနှစ်တွင် အကြမ်းဖက်မှုများ အရှိန်အမြင့်ဆုံးသို့ ရောက်ရှိလာချိန်၌ ရိုဟင်ဂျာတစ်သန်းကျော်သည် ရက်စက်ကြမ်းကြုတ်သည့် “နယ်မြေရှင်းလင်းရေး” မှ ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထိတ်လန့်အံ့သြမှု ဖြစ်ရသည့်တိုင် စာနာစိတ်ရှိသည့် ဘင်္ဂလားဒေ့ရှ်သည် နယ်စပ်ကို ဖွင့်ပေးခဲ့သည်။ သို့သော်လည်း နိုင်ငံတွင်း၌ ပိုင်ဆိုင်ထားသည့် စီးပွားရေး၊ အခြေခံအဆောက်အဦ၊ လူမှုရေးအသွင်အပြင် များမှာ တစစ ခန်းခြောက်လာခဲ့တော့သည်။

အသည်းအသန် အဖြေရှာနေသည့် ဒါကာသည် ရခိုင်ပြည်တွင် ဘေးကင်းဇုန် (Safe Zone) တစ်ခု ထူထောင်ရေး စိတ်ကူးကို တင်ပြလာခဲ့သည်။ ဤစိတ်ကူးသည် ယခင်ကလည်း ရှိတ်ဟာဆီနာ အဆိုပြုခဲ့ပြီး ယခု သူ့ကိုဆက်ခံသည့် မိုဟာမက်ယူနွတ်က ဆက်လက် သယ်ဆောင်လာခြင်းလည်း ဖြစ်သည်။ 

အပေါ်ယံအားဖြင့်တော့ ဤစိတ်ကူးသည် ဟုတ်သယောင်ယောင် ရှိပါ၏။ ရိုဟင်ဂျာဒုက္ခသည်များသာ သူတို့၏ မိခင်ဌာနေရှိ လုံခြုံသည့် နေရာများသို့ ပြန်သွားနိုင်မည် ဆိုလျှင် ဘင်္ဂလားဒေ့ရှ် အပေါ် ရှိနေသည့် ဖိအားအများစုမှာ လျော့ပါးသွားနိုင်သည်ကိုး။ သို့သော်လည်း ဘေးကင်းဇုန်စိတ်ကူးသည် သမိုင်းကိုလည်း သင်ခန်းစာမယူ၊ မြန်မာပြည်ရှိ ခါးသီးလှသည့် မြေပြင်မှ အမှန်တရားကိုလည်း ထည့်တွက်ရန် ပျက်ကွက်သည်ဖြစ်ရာ ရောဂါအတွက် အဖြေ မဟုတ်ဘဲ တံလျှပ်သဖွယ်သာ ပိုမြင်ရသည်။ 

ဘေးကင်းဇုန်များ၏ သမိုင်းသည် အားရဖွယ်ရာမရှိပေ။ ရဝမ်ဒါနှင့် ဘော့စနီးယားတွင် ဤဇုန်များသည် လုံခြုံရာအရပ် မဖြစ်ဘဲ အကြောက်တရား၏ ပြဇာတ်ရုံများသာ ဖြစ်ခဲ့ရသည်။ ၁၉၉၄ တွင် ကုလသမဂ္ဂက နေရာသတ်မှတ်ပေးထားသည့် ရဝမ်ဒါ ဘေးကင်းဇုန်များသည် ချုပ်ချယ်ကန့်သတ်ချက်များဖြင့် ဝန်ပိနေခဲ့သလို  လက်နက်ကိရိယာ မပြည့်စုံသည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များကလည်း လူပေါင်းသိန်းချီ သေဆုံးခဲ့ရသည့် လူမျိုးတုန်းသတ်ဖြတ်မှုကို မကာကွယ်နိုင်ခဲ့ပေ။ ဘော့စနီးယားတွင် ဖြစ်ခဲ့သည်မှာလည်း အလားတူ ကြေကွဲဖွယ်ရာသာ ဖြစ်သည်။

၁၉၉၅ ခုနှစ် ဆရေဘရက်နစ်ဆာ (Srebrenica) လူသတ်ပွဲကြီးသည် သေမင်းခံတွင်း ဖြစ်သွားသည့် ကုလသမဂ္ဂ၏ ဘေးကင်းဇုန်တစ်ခုဟု မှတ်သားဖွယ်ရာ ဖြစ်သွားခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာမျှ အကူအညီ မပေးနိုင်ဘဲ ထိုင်ကြည့်နေကြစဉ် ဤဇုန်၌ မွတ်ဆလင် အမျိုးသားများနှင့် ကလေးများ၊ စုစုပေါင်း ရှစ်ထောင်ကျော် လည်စင်းခံခဲ့ကြရသည်။ 

ဤကျရှုံးမှုများက ဘေးကင်းဇုန် အယူဆအ၏ ဖွဲ့စည်းမှုဆိုင်ရာ အနာအဆာများကို ထောက်ပြလျက်ရှိသည်။ အားကောင်းခိုင်မာသည့် တရားဥပဒေစိုးမိုးမှု၊ ရှင်းလင်းပြတ်သားသည့် လုပ်ပိုင်ခွင့်အာဏာ၊ လုံလောက်သည့် အရင်းအမြစ်တို့ မရှိလျှင် ဘေးကင်းဇုန်ဆိုသည်မှာ အားနည်းသူများကို အလွယ်တကူ ပစ်မှတ်ထားနိုင်အောင် စုထားပေးသည့် နေရာသာသာ ဖြစ်နေရလေသည်။

ရခိုင်ပြည်အခင်းအကျင်းတွင် ဆိုလျှင် ဘေးကင်းဇုန် အလားအလာသည် ပို၍ပင် ဗရမ်းပတာနိုင်လှသည်။ ရခိုင်သည် ပဋိပက္ခများ ရပ်ဆိုင်းထားသော သို့မဟုတ် ငြိမ်းချမ်းရေးအလားအလာ မှုန်ဝါးနေသော ဒေသမဟုတ်ပေ။ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အပြင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) တို့ကဲ့သို့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့များကပါ ထိန်းချုပ်ရန် ကြိုးပမ်းနေကြသော ရန်စွယ်အဆင့်ဆင့် ထပ်နေသည့် လောင်စာအိုးကြီး ဖြစ်သည်။

ဘေးကင်းဇုန်များကို စီမံအုပ်ချုပ်ရမည့်သူ ဖြစ်လာနိုင်သည့် အာရက္ခတပ်တော်သည် ရိုဟင်ဂျာများကို အတင်းအကျပ် နေရာပြောင်းရွှေ့ခိုင်းခြင်း၊ အကြမ်းဖက်ခြင်း အစရှိသည့် ရန်လိုမုန်းထားသော နောက်ခံသမိုင်း ရှိထားသည်။ ရိုဟင်ဂျာ အသိုင်းအဝိုင်း အတွက်ကတော့ ၎င်းတို့၏ လက်တွင်း၌ အကြောက်တရားများဖြင့် ရှင်သန်ခဲ့ရသည့် အမှတ်သညာများ ရှိနေဆဲဖြစ်ရာ AA အား မိမိတို့ကို ကာကွယ်ပေးမည့်သူအဖြစ် ယုံမှတ်ရန်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။

ဆိုခဲ့ပါ လက်နက်ကိုင် အုပ်စုများ အကြားတွင်ရှိသည့် မတည်ငြိမ်သော ဆက်ဆံရေးများ အပြင် ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံရေး အခက်အခဲများမှာလည်း တပုံတပင် ရှိသည်။ အရှုံးမပေးဘဲ တင်းခံနေသည့် မြန်မာစစ်ကောင်စီသည် ၎င်း၏ ပိုက်နက်များအတွင်း၌ နိုင်ငံတကာ သို့မဟုတ် ဒေသခံ တပ်ဖွဲ့တစ်ခုခုကို လှုပ်ရှားလည်ပတ်ခွင့် ပြုနိုင်ခြေမှာ မရှိသလောက် ဖြစ်သည်။ နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို အထိမခံကြသလို ၎င်းတို့၏ ထိန်းချုပ်မှုကို ထိပါးသည့် (အထူးသဖြင့် သူတို့နှင့် ပဋိပက္ခ ဖြစ်ပွားနေသည့် AA တပ်ဖွဲ့ ပါဝင်ပတ်သက်နေသော) မည်သည့် အဆိုပြုချက်မျိုးကိုမဆို ပြတ်ပြတ်သားသား ပယ်ချမည်သာ ဖြစ်သည်။

စစ်ကောင်စီ၏ သဘောတူညီချက် မရလျှင် ဘေးကင်းဇုန် ရေရှည်တည်မြဲရေးကို မဆိုထားနှင့်၊ ဇုန်တည်ဆောက်ရန်ပင် ဖြစ်နိုင်မည် မဟုတ်ပေ။

စာနာမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးများသည် ဤပုံရိပ်ကို ပိုမို ရှုပ်ထွေးစေသည်။ မြန်မာစစ်တပ်သည် တိုက်ပွဲဧရိယာများ၌ ကူညီထောက်ပံ့မှုများအား ကန့်သတ်ခြင်းကို ယခင်တည်းက ကျင့်သုံးခဲ့သည်။ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ အကူအညီများအား လက်နက်အဖြစ် မကြာခဏဆိုသလို အသုံးချသည်။ ဘေးကင်းဇုန်များ ထူထောင်ခဲ့သည် ဆိုဦး၊ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အေဂျင်စီများသည် ထောက်ပံ့ရေးပစ္စည်းများကို စိတ်ချယုံကြည်စွာ ဖြန့်ချိခွင့်ရရန် ရုန်းကန်ရဦမည် ဖြစ်သည်။

ဤဇုန်များအတွင်းရှိ အခြေအနေသည် လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် မှိုလိုပေါက်နေသည့် ဒုက္ခသည်စခန်းများနှင့် အလားသဏ္ဍာန် တူနိုင်သည်။ ဤစခန်းများသည် လူပြည့်ကျပ်နေပြီး ထောက်ပံ့ရေး အရင်းအမြစ်များလည်း လုံလောက်မှုမရှိပေ။ စိတ်ပျက်အားလျော့မှုများ လှိုက်စားလျက်ရှိပြီး မျှော်လင့်ချက်များ မှေးမှိန်သွားကြသည်။ ဗမာစစ်တပ်က ဤသို့သော ဘေးကင်းဇုန်များ လွတ်လပ်စွာ ထူထောင်ခွင့် ပေးလိမ့်မည်ဟု ယုံမှတ်မှားမှုအပေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) က သတိပေးထားသည်။ ဘေးကင်းဇုန်များသည် ရိုဟင်ဂျာများအတွက် ပိုမို၍ ခွဲခြား ဆက်ဆံခံရမည့်၊ ဒုက္ခပိုကြုံရမည့် နေရာများ ဖြစ်လာနိုင်သည့် အန္တရာယ် ကိုလည်း HRW က မီးမောင်းထိုး သတိပေးသည်။ 

ဘင်္ဂလားဒေ့ရှ်က ဘေးကင်းဇုန်အရေးကို ဆက်လက်၍ ရှေ့တန်းတင်ပြောဆိုနေခြင်းအား လက်တွေ့ကျသည့် မူဝါဒတစ်ရပ် ဆိုသည်ထက် သံတမန်ရေးရာ ဟန်ပန်လက္ခဏာ တစ်ရပ်အဖြစ် ရှုမြင်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။ ဤသို့ ပြောဆိုနေခြင်းအားဖြင့် ရိုဟင်ဂျာအရေးသည် ကမ္ဘာ့လုပ်ငန်းစဉ်တွင် ရှေ့တန်း၌ ဆက်ရှိနေမည် ဖြစ်သည်။ ဒါကာသည် ဤအကျပ်အတည်းကြီးတွင် အသာမျှော၍ လိုက်ပါနေသည့်အဆင့် မဟုတ်ဘဲ ရှေ့မှ ဦးဆောင်ကြိုးပမ်းနေသည် ဟူသော သတင်းစကားသည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့ ရောက်သွားမည် ဖြစ်သည်။ သို့သော်လည်း ယခု မျှော်မှန်းနေသည့် ဘေးကင်းဇုန်ကိစ္စကတော့ အောင်မြင်နိုင်မည် မဟုတ်ပေ။

ပိုဆိုးသည်မှာ ဤဇုန်များကြောင့်ပင် ပဋိပက္ခ ပိုမိုနက်ရှိုင်းသွားမည့် အန္တရာယ်ဖြစ်သည်။ ဘေးကင်းဇုန်များကသာ ရိုဟင်ဂျာများကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မည် ဆိုပါက၊ နောက်ထပ် အကြမ်းဖက်မှုများ ဖန်တီးရာ နေရာများ ဖြစ်လာပါက အဖြစ်မှန်ကို သဘောပေါက်လာသော ဒုက္ခသည်များသည် အခြားသော လုံခြုံရာအရပ်ကို မလွဲမရှောင်သာ ရှာကြတော့မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ဝင်ပြီး ယခုလည်း မနိုင်ဝန်ထမ်းနေရသည့် အိမ်ရှင်နိုင်ငံကို ထပ်တိုး ဒဏ်ပိစေမည်မှာ ဖြစ်နိုင်ခြေ အများဆုံးပင်။

ဘေးကင်းဇုန်အစား လတ်တလောတွင် အခြား ရွေးချယ်စရာများတော့ ရှိသည်။ ဥပမာအားဖြင့် အာရက္ခတပ်တော်၏ ပိုင်နက်အတွင်း၌ စာနာမှုဌာန (Humanitarian Corridor) ထားရှိရေး ယန်ဟီးလီ အကြံပြုထားသော အဆို ဖြစ်သည်။ ဤသည်မှာလည်း အနာအဆာ မကင်းပေ။ ဤဌာနမျိုးကို AA က ထိန်းချုပ်ကွပ်ကွဲခြင်းသည် ရိုဟင်ဂျာများ၏ အမြင်တွင် တရားနည်းလမ်း ကင်းမဲ့နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အလားတူ ရှုမြင်နိုင်သည်။ AA ကလည်း ဤဌာနကို နိုင်ငံရေးလက်နက်အဖြစ် သုံးကာ မြန်မာစစ်တပ်နှင့် ၎င်းတို့အကြား ပဋိပက္ခတွင် ရိုဟင်ဂျာများကို အသုံးချကာ အားယူနိုင်သည်သာ ဖြစ်သည်။ 

ဤသို့သော အစီအစဉ်များသည် စိတ်ကူးစိတ်သန်း ကောင်းသည်ဆိုသော်လည်း အခြေခံကျသော ကိစ္စရပ်ကို ဖြေရှင်းနိုင်စွမ်း ကင်းမဲ့သည်။ ရိုဟင်ဂျာများအတွက် လိုအပ်နေသည်မှာ သမိုင်းစဉ်ဆက် ၎င်းတို့အပေါ် ဖိနှိပ်လာခဲ့သူတို့ထံ၌ အုပ်ချုပ်ရေး အစမ်းသပ်ခံဘဝ မဟုတ်။ အကာအကွယ်နှင့် ဂုဏ်သိက္ခာ လိုအပ်သည်။ သူတို့၏ မိခင်ဒေသတွင် လူ့အခွင့်အရေးများ အာမခံပေးနိုင်ရန် လိုအပ်သည်။ 

ဘေးကင်းဇုန်နှင့် အလားတူ အဆိုပြုချက်များကိုချည်း တသမတ်တည်း အာရုံစိုက်နေခြင်းသည် အောင်မြင်နိုင်ခြေရှိသည့် အဖြေများနှင့်  အလှမ်းကွာသွားစေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာအပေါ် ပိုမိုပြင်းထန်သည့် ဖိအားများပေးကာ ရိုဟင်ဂျာများ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် လွယ်ကူချောမွေ့စေမည့် အခြေအနေများ ဖန်တီးစေရမည် ဖြစ်သည်။ သို့မှသာ သူတို့ နေရပ်စွန့်ခွာခဲ့ရသည့် အရင်းခံအကြောင်းတရား ဖြစ်သော နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရခြင်း၊ အခြေခံ အခွင့်အရေးများ မရရှိခြင်း၊ သူတို့အပေါ် ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ် အပြစ်ကင်းလွတ်နေခြင်း အစရှိသည်တို့ကို ဖြေရှင်းရာ ရောက်မည် ဖြစ်သည်။ နေပြည်တော်အပေါ် သံတမန်ရေးနှင့် စီးပွားရေး ဖိအားများသည်လည်း အာဝဇွန်းရွှင်ရွှင် ပြောဆိုသည့် အဆင့်ထက် ပို၍ ရိုဟင်ဂျာအရေးတွင် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းအပေါ် နောက်ဆက်တွဲ အရေးယူမှုများပါ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

တဆက်တည်းတွင် ဘင်္ဂလားဒေ့ရှ်သည်လည်း လတ်တလောအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နိုင်ငံတကာ အကူအညီ ပိုမို လိုအပ်နေသည်။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကြီးကို လက်ခံထားရသည့် ဒါကာသည် ဤဝန်ထုပ်ဝန်ပိုးကြီးအား တစ်ကိုယ်တော် မဖြေရှင်းနိုင်ပေ။ ဘဏ္ဍာရေး အကူအညီ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး၊ ဒုက္ခသည်များအတွက် ပညာရေးနှင့် ဘဝရပ်တည်ရေးဆိုင်ရာ ရေရှည်မဟာဗျူဟာများသည် မဖြစ်မနေ လိုအပ်ချက်များ ဖြစ်သည်။ ဤလိုအင်များသည် နေရပ်ပြန်ပို့ရေး အစီအစဉ်ကို အစားထိုးမည့် အရာများ မဟုတ်ပေ။ ရေရှည်တည်မြဲသည့် အဖြေတစ်ရပ်ကို လပိုင်းနှင့် မရနိုင်ဘဲ နှစ်ပေါင်းများစွာ အချိန်ယူရနိုင်သည်ကို အသိအမှတ်ပြုခြင်းသာ ဖြစ်သည်။

ရိုဟင်ဂျာအကျပ်အတည်းကြီးသည် လက်တွေကျမှုအပေါ် အရင်းခံသည့် လူ့အခွင့်အရေး အခြေခံ ချည်းကပ်မှုတစ်ရပ်ကို တောင်းဆိုသည်။ ဘေးကင်းဇုန်ဆိုသော စွဲမက်ဖွယ်ရာ အစီအစဉ်က ဘာမှ မပေးနိုင်ပေ။ လုံခြုံရေးကို ကတိပေးနေသည့် တစ်ချိန်တည်း၌ ဘေးဒုက္ခ ကြုံရနိုင်ခြေလည်း ရှိနေသည့် အန္တရာယ်များသော အာရုံလှည့်စားမှုသာ ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်အတွက်၊ ရိုဟင်ဂျာများအတွက်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ကတော့ အီလေးဆွဲနေသည့် ယခုဖြစ်ရပ်ဆိုး၏ ရောဂါလက္ခဏာနှင့် အကြောင်းရင်း နှစ်မျိုးလုံးကို ဖြေရှင်းပေးမည့် ရေရှည်တည်တံ့သည့် အဖြေများဆီ ဦးလှည့် အာရုံစိုက်သင့်သည်။ သို့မှသာလျှင် ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ မိခင်ဒေသ၌ ဘေးကင်းလုံခြုံရေး သာမက  တရားမျှတမှုနှင့် ဂုဏ်သိက္ခာကိုပါ ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်လေသည်။

ဒါကာထရီဗျူးန် သတင်းဝဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် ရှာဖီယာရာမန် (Shafiur Rahman) ၏ သဘောထားအမြင် ဆောင်းပါး “The mirage of safe zones in Rakhine State” ကို ဘာသာပြန်ဆိုပါသည်။ ရှာဖီယာရာမန်သည် သတင်းသမား တစ်ဦးဖြစ်သလို မှတ်တမ်းရုပ်ရှင် ဖန်တီးသူ တစ်ဦးလည်း ဖြစ်သည်။ ဆောင်းပါးပါ အသုံးအနှုန်းများနှင့် ဖော်ပြချက်များသည် မူရင်းဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။