စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း

ဧရာဝတီတွင် စစ်ရှောင်နေကြသူများကို ဒီဇင်ဘာ ၂၅ ရက်အတွင်း နောက်ဆုံးထားပြီး ရွှေ့ပြောင်းကြရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက်မှစ၍ သတိပေးထားသည်။

By Admin 26 Dec 2024

ဓာတ်ပုံ - ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့။ 
ဓာတ်ပုံ - ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့။ 

DMG ၊ ဒီဇင်ဘာ ၂၆

ဧရာတီတိုင်းတွင် ခိုလှုံနေကြသည့် ရခိုင်ကစစ်ဘေးရှောင်များကို စစ်ကောင်စီက အတင်းအဓမ္မ နေရာပြောင်းရွှေ့ခိုင်းမှုကြောင့် စစ်ဘေးရှောင် ၃၀၀ ခန့်မှာ ဒီဇင်ဘာ ၂၅ ရက်မှစ၍ စတင်ပြောင်းရွှေ့နေကြကြောင်း သိရသည်။ 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ခွေးတောက်၊ မိတ်သလင်၊ သီတာကုန်းပြင်၊ ရေနောက်၊ ဒရေကုန် စသည့် ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ကျုံပျော်နှင့် ဟင်္သာတမြို့နယ်ဘက်သို့ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။ 

“ဂွနဲ့ သံတွဲက လူတွေပဲ။ အများစုက ကျုံပျော်နဲ့ ဟင်္သာတဘက်ကို ပြောင်းသွားကြတယ်” ဟု ဧရာဝတီရောက် ရခိုင်စစ်ရှောင်အရေး ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ ဒေသခံသောင်းနှင့်ချီမှာ ဧရာဝတီတိုင်းနှင့် ပဲခူးဘက်သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်လျက်ရှိကြသည်။

ဧရာဝတီတွင် စစ်ရှောင်နေကြသူများကို ဒီဇင်ဘာ ၂၅ ရက်အတွင်း နောက်ဆုံးထားပြီး ရွှေ့ပြောင်းကြရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက်မှစ၍ သတိပေးထားသည်။ 

စစ်ဘေးရှောင်များ နေရာရွှေ့ပြောင်းသွားသည့် ကျုံပျော်မြို့နယ်တွင်လည်း ရခိုင်က စစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းရန် ဖိအားပေးနေ၍ စစ်ဘေးရှောင်များမှာ ဆောက်တည်ရာမရ ဖြစ်နေကြရသည်။ 

“ရေကြည်မှာ ရှောင်နေသူတွေက တချို့တတ်နိုင်တဲ့သူတွေကျတော့လည်း ပြောင်းကြလို့ပြောကတည်းက ရန်ကုန်တို့ ပုသိမ်တို့ကို ထပ်ရှောင်လာကြတယ်။ ကျန်တဲ့သူတွေထဲ အများစုကတော့ ချက်ချင်းရွှေ့ဖို့ဆို အခက်အခဲ ရှိကြမှာပေါ့” ဟု ပုသိမ်တွင် စစ်ဘေးရှောင်နေသူ သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ဖျာပုံမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရန်အတွက် စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်နေပြီး မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို အတိအကျ မသိရသေးပေ။

ရခိုင်က စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး အန္တရာယ်များကြောင့် လုံခြုံမည့်နေရာသို့ တိမ်းရှောင်ကြသော်လည်း စစ်ကောင်စီနှောင့်ယှက်မှုကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။ 

“တိုက်ပွဲဖြစ်လို့ လုံခြုံမယ့်နေရာတွေမှာ သွားနေတာတောင်မှ ခိုလှုံခွင့်မရဘူး။ ဟိုမှာလည်းနေလို့မရ၊ ဒီမှာလည်း နေလို့မရ၊ တော်တော်လေး အခက်အခဲကြုံနေရတယ်။ အခုကာလက တစ်နေရာကတစ်နေရာကို ရွှေ့ပြောင်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ စစ်ဘေးရှောင်တွေမှာ  လွတ်လပ်စွာ အသက်ရှင်သန်နေထိုင်ခွင့် ဖြစ်တဲ့ အခြေခံလူ့အခွင့်အရေးကိုတောင် ချိုးဖောက်ခံနေကြရတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်များအပေါ် လူသားတစ်ယောက်၏ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာပြီး အဓမ္မပြောင်းရွှေ့ခိုင်းခြင်း မပြုလုပ်ကြရန် ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က တောင်းဆိုထားသည်။