- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို အတင်းရွှေ့ပြောင်းခိုင်းခြင်း မပြုလုပ်ရန် တောင်းဆို
ဧရာဝတီတိုင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားတစ်ယောက်၏ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာပြီး လူသားချင်းစာနာထောက်ထားကြရန် တောင်းဆိုထားသည်။
25 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းသို့ ရောက်ရှိနေသည့် ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်များကို အတင်းအဓမ္မ နေရာ ရွှေ့ပြောင်းခိုင်းခြင်းများ မပြုလုပ်ရန် ဒီဇင်ဘာ ၂၅ ရက်တွင် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။
ဧရာဝတီတိုင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားတစ်ယောက်၏ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာပြီး လူသားချင်းစာနာထောက်ထားကြရန် တောင်းဆိုထားသည်။
ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တာဝန်ခံ ကိုနိုင်အောင်လင်းက “အဓိကတော့ စစ်ဘေးရှောင်တွေကို လူ့အခွင့်အရေးနဲ့အညီ ရွှေ့ပြောင်းနေထိုင်ခွင့်ကို လက်ခံပေးဖို့နဲ့ အတင်းရွှေ့ပြောင်းခိုင်းတာ မလုပ်ဖို့ကို တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ခွေးတောက်ကွက်သစ်နှင့် ကုန်းပြင်ရွာတို့ရှိ ရခိုင်စစ်ဘေးရှောင် ၉၀၀ ခန့်အား စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများက ၂ ရက်အတွင်း ရွှေ့ပြောင်းပေးရမည်ဟု ဖိအားပေးခဲ့သည်။
ထိုသို့ ဖိအားပေးခံရခြင်းကြောင့် ရွှေ့ပြောင်းပေးရမည့် စစ်ဘေးရှောင်များအတွက် စိတ်မကောင်းဖြစ်မိပြီး အဆိုပါစစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံး ကြိုးစားကူညီသွားမည်ဖြစ်ဟု ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။
“စစ်ဘေးရှောင်တချို့တော့ ပြောင်းသွားကြတယ်။ တချို့ကျတော့ ပြောင်းမယ့်နေရာမရှိတော့ အခြေအနေကို ကြည့်နေကြသေးတယ်” ဟု ရေကြည်မြို့နယ်ရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ ဒေသခံသောင်းနှင့်ချီမှာ ဧရာဝတီတိုင်းနှင့် ပဲခူးဘက်သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြသည်။
ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို ဖိအားပေးပြောင်းရွှေ့ခိုင်းမှုအပြင် စစ်ဆေးရေးဂိတ်များတွင်လည်း ၁၁/ ကိုင်ဆောင်သူများအား တင်းကျပ်စွာ စစ်ဆေးကာ ဖမ်းဆီးမှုများလည်း ရှိနေသည်။
အာရက္ခတပ်တော်၏ ဂွမြို့နယ်အထိ ကျယ်ပြန့်လာသည့် တိုက်ပွဲကြောင့် စစ်ကောင်စီသည် ဂွနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းတွင် စစ်အင်အားဖြည့်တင်းမှုနှင့်အတူ လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လျက်ရှိနေသည်။