စစ်ကောင်စီပြိုလဲရေး တော်လှန်ရေးအင်အားစုများ စုပေါင်းရန်လိုအပ်ဟု ကျောင်းသားလက်ရုံးတပ်ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်ဖြိုချနိုင်ရန်အတွက် တော်လှန်ရေးတပ်ပေါင်းစုများ၏ အင်အား အရေးကြီးသဖြင့် စုပေါင်းတိုက်ထုတ်ရမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

By Admin 01 Jan 2025

စစ်ကောင်စီပြိုလဲရေး တော်လှန်ရေးအင်အားစုများ စုပေါင်းရန်လိုအပ်ဟု ကျောင်းသားလက်ရုံးတပ်ပြော

 
DMG ၊ ဇန်နဝါရီ ၁

စစ်ကောင်စီတပ် အမြစ်ဖြတ်ဖြိုချနိုင်ရန်အတွက် တော်လှန်ရေးတပ်ပေါင်းစုများ၏ အင်အား အရေးကြီးသဖြင့် စုပေါင်းတိုက်ထုတ်ရမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

SAF သည် စစ်တပ်အာဏာသိမ်းချိန်မှ လေးနှစ်တာကာလအတွင်း အခက်အခဲများစွာနှင့် လှိုင်းတံပိုး အမျိုး အမျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီး စစ်သည်များမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာပင် တော်လှန်ရေး အရှိန်ရလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) ထံမှ လေ့ကျင့်ရေး၊ စစ်ရေး၊ ထောက်လှမ်းရေး၊ စစ်ဆင်ရေး၊ စည်းရုံးရေးဆိုင်ရာ အတွေ့အကြုံများကိုယူကာ “မြန်မာပြည်အလယ်ပိုင်းထိ ထိုးဖောက် ဝင်ရောက်နိုင်ရေး” ရည်မှန်းချက်များ ရှိနေကြောင်း ပြောသည်။

“ရိုးမတကြောမှာ မဟာဗျူဟာမြောက် နေရာယူနိုင်တဲ့အခြေအနေ၊ ထိုးစစ်ဆင်နေတဲ့ အခြေအနေတွေတော့ အ များကြီး မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ တော်လှန်ရေအင်အားစုတွေအနေနဲ့ ပြင်ဆင်နေတာရှိတယ်။ အဲဒီက တစ် ဆင့်မကွေးစစ်မျက်နှာအထိ ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ပြင်ဆင်နေတာရှိတယ်” ဟု SAF ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က DMG သို့ ဖြေကြားထားသည်။
 
လက်ရှိတွင်လည်း ရခိုင်ရိုးမတကြော စစ်ရေးလှုပ်ရှားလျက်ရှိပြီး ယင်းမှ တစ်ဆင့် မကွေး၊ ပဲခူး၊ ဧရာဝတီ စသည့် မြေပြန့်ဒေသများကို စစ်မျက်နှာဖွင့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်သည် တော်လှန်စစ်ကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တော်လှန်ရေး တပ်ပေါင်းစု တစ်ရပ်ဖြစ်တည်လာရန် နိုင်ငံရေး၊ စစ်ရေးအရ ညှိနှိုင်းဆွေးနွေး လက်တွဲရမည်ဟုလည်း SAF က ဆိုသည်။ 

ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် အာရက္ခတပ်တော်နှင့် ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး ရှိပြီး တိုက်ပွဲများဆင်နွှဲနေသည့် အဖွဲ့ဖြစ်သည်။ ယင်းကြောင့် မကွေးတိုင်းရှိ စစ်ကောင်စီ လက်နက် ထုတ်စက်ရုံများကို တိုက်ခိုက်ခြိမ်းခြောက်နိုင်သည့် အဖွဲ့ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြ သည်။ 

“SAF က AA နဲ့ မဟာမိတ်ဆက်ဆံ ကောင်းမွန်တဲ့အဖွဲ့ဖြစ်တယ်။ အမ်းတိုက်ပွဲမှာလည်း သူတို့ပါတယ်။ ဒီအဖွဲ့တွေ အားကောင်းလာရင် စစ်ကောင်စီရဲ့ အဓိက စစ်လက်နက်တွေထုတ်လုပ်တဲ့ ကပစ စက်ရုံတွေကို ခြိမ်း ခြောက်နိုင်တယ်။ အဓိကတော့ မကွေးတိုင်း၊ ပဲခူး၊ ဧရာဝတီတို့ကို ခြိမ်းခြောက်နိုင်တယ်။  ဒါကြောင့် သူတို့ရဲ့ စစ်ရေးဖော်ဆောင်မှုကို အားပေးကြိုဆိုရမှာဖြစ်တယ် ” ဟု စစ်ရေးလေ့လာစောင့်ကြည်သူ  ရခိုင်လူငယ်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စက်လက်နက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံ ၂၅ ရုံရှိသည်။ ယင်းအထဲ မကွေးတိုင်းထဲတွင် ၁၅ ရုံ၊ ပဲခူးတိုင်းထဲတွင် ၇ ရုံ၊ နေပြည်တော်တပ်ကုန်းတွင် ၂ ရုံနှင့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြိုနယ်တွင် ၁ ရုံရှိသည်။

နိုင်ငံတော်သစ် တစ်ရပ်ထူထောင်နိုင်ရေးအတွက် ဖိနှိပ်ခံ လူထုနှင့်အတူ ကျောချင်းကပ်ရင်ချင်းဆက်ကာ တော်လှန်စစ် ဆုံးခန်းတိုင်သည်အထိ လက်နက်စွဲကိုင်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း SAF က ပြောဆိုထားသည်။ 

ဓာတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော် (SAF)