အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ

စစ်ကောင်စီသည် အမ်း - ပဒါန်းလမ်းကိုအခြေပြုပြီး ယခင်ကရှိနေသည့် နတ်ရေကန်တပ်စခန်းနှင့် ကံမြင့်ကန် ဂိတ်စခန်းများနှင့်အနီးတွင် စစ်စခန်းများ တိုးချဲ့တည်ဆောက်နေသည်။

By Admin 27 Dec 2024

 ၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 
၂၀၁၈ ခုနှစ်က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 

DMG ၊ ဒီဇင်ဘာ ၂၇

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးပြီးနောက် စစ်ကောင်စီသည် အမ်း - မင်းဘူး လမ်းပိုင်းရှိ ရခိုင်ရိုးမတောင်ရှိ တပ်စခန်းများတွင် အင်အားဖြည့်ထားကာ စစ်စခန်းများ တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။ 

စစ်ကောင်စီသည် အမ်း - ပဒါန်းလမ်းကိုအခြေပြုပြီး ယခင်ကရှိနေသည့် နတ်ရေကန်တပ်စခန်းနှင့် ကံမြင့်ကန် ဂိတ်စခန်းများနှင့်အနီးတွင် စစ်စခန်းများ တိုးချဲ့တည်ဆောက်နေသည်။

“ရိုးမတကြောမှာ စစ်ရေးပြင်ဆင်မှုတွေ တောက်လျှောက်ရှိနေပါတယ်။ ရှိပြီးသားစခန်းတွေကို ဗျူဟာကုန်း အဆင့်ထိ တိုးချဲ့တည်ဆောက်နေတာမျိုးပါ။ နတ်ရေကန်တောင်နဲ့ ကံမြင့်ကန်ဂိတ်စခန်းတွေမှာ တိုးချဲ့ အထိုင်ချ ဖွဲ့စည်းနေကြပါတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

အဆိုပါစစ်ရေးပြင်ဆင်မှုများမှာ နပခကို ပြည်လည်ထိုးစစ်ဆင်ရန်နှင့် စစ်ကောင်စီ၏ အသက်သွေးကြော ဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ခုအထိတည်ရှိရာ မကွေးတိုင်းအတွက် ကာကင်စခန်းအဖြစ် အသုံးပြုရန်ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

AA သိမ်းပိုက်လိုက်သည့် အမ်းမြို့နယ်သည် စစ်ကောင်စီအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဂုဏ်သိက္ခာအရ အရေးပါသည့်အပြင် မကွေးတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ပြည်မအထိ စစ်ရေး ခြိမ်းခြောက်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် စစ်ကောင်စီသည် အမ်း - ပဒါန်း တောင်ကြားလမ်းရှိ တောင်စောက် တရုတ်ရေနံပိုက်လိုင်း ထိန်းချုပ်စခန်းများမှ နပခဌာနချုပ်ထဲသို့ လက်နက်ကြီးပစ်ခတ်နေသည့်အပြင် လေကြောင်းပစ်ခတ်မှုများ နေ့စဉ်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“နပခမှာရှိတဲ့ အဆောက်အအုံတွေအပြင် အနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီ လေကြောင်းကနေပြီးတော့ နေ့တိုင်းလာပြီး ပစ်ခတ်နေတယ်” ဟု AA စစ်ရေးသတင်းရင်းမြစ်က ဒီဇင်ဘာလ ၂၅ နေ့တွင် DMG သို့ ပြောခဲ့သည်။

စစ်ကောင်စီသည် AA သိမ်းပိုက်ထားသည့် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းမှုများရှိနေသော်လည်း ထိရောက်မည် မဟုတ်ကြောင်း၊ ရခိုင်ရိုးမတကြောတွင် ပြည်မတော်လှန်ရေး အင်အားစုများလည်း ရှိနေသောကြောင့် စစ်ကောင်စီအတွက် လွယ်ကူမည် မဟုတ်ကြောင်း  ပြောဆိုမှုများ ရှိနေသည်။

“အမ်းမြို့နယ်မှာ တောဟိန်းတောင်လိုမျိုး ကာကင်စခန်းတွေ အများကြီးရှိခဲ့တယ်။ အဲဒီအချိန်မှာတောင် စစ်ကောင်စီက ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး။ အခု ဘာမှမရှိတော့တဲ့အခြေအနေမှာ မြေမြင်ထိုးစစ်နဲ့ လေကြောင်းပူပေါင်းပြီး ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူးလို့ မြင်တယ်” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက မှတ်ချက်ပြုသည်။

တော်လှန်ရေးအင်အားစုများသည် အမ်းမကျမီအချိန်ကပင် ရခိုင်ရိုးမကနေ မကွေးစစ်မျက်နှာအထိ ထိုးဖောက် ဝင်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများရှိနေသဖြင့် မကွေးတိုင်းရှိ စစ်ကောင်စီ၏ ကပစစက်ရုံများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။