- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
- မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော
- တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ
- သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော
စီမံကိန်းနဲ့ စစ်ပွဲကြားက တောင်သူတွေရဲ့ အတိဒုက္ခ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် တရုတ်တို့က ကြိုးပမ်းနေကြပြီး ဒေသခံများမှာတော့ စစ်ပွဲနှင့် စီမံကိန်းများကြားမှာ ဗျာများနေရသည်။
30 Aug 2024
မင်းထွန်း ရေးသည်။
မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ဘင်္ဂလားပင်လယ်အော်ကို မှေးတင်ထားသည့် ဒေသတွင် နေထိုင်သော အသက် ၅၀ နှစ်အရွယ် ဦးလှသိန်းတစ်ယောက် သူ၏လယ်ကွင်းပြင်ကို ငေး၍ တစိုက်တမတ်ကြည့်နေသည်။
“ဘယ်လိုပုံစံဖြစ်လာမယ်မှန်းလည်း မသိဘဲ လယ်လုပ်နေရတယ်။ ရင်တမမနဲ့ လုပ်နေရတာ” ဟု သက်ပြင်းချကာ လယ်သမား ဦးလှသိန်းက ရင်ဖွင့်လာသည်။
ဦးလှသိန်းသည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကပ်ပပြေကျေးရွာအုပ်စု၊ ပျားတဲကျေးရွာမှ ဖြစ်သည်။
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာသည့် လယ်ယာမြေများကို တရုတ်၏ ကျောထောက်နောက်ခံပြု ကျောက်ဖြူအထူး စီးပွားဇုန် (SEZ) စီမံကိန်းကြောင့် ဆုံးရှုံးပျောက်ကွယ်သွားမည်ကို ဦးလှသိန်းတစ်ယောက် စိုးရိမ်နေခြင်းဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း
ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဦးသိန်းစိန် အစိုးရလက်ထက်က တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်သည့် CITIC (China International Trust and Investment Corporation) က လုပ်ပိုင်ခွင့် တင်ဒါအောင်မြင်ခဲ့သည်။ တရုတ်က အစုရှယ်ယာ ၈၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကို မြန်မာဘက်က မြေနေရာထည့်ဝင်ရမည်ဟု ကနဦး သဘောတူညီခဲ့ကြသည်။
NLD အစိုးရတက်လာပြီးနောက်တွင် အစုရှယ်ယာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တရုတ်ဘက်မှ ၇၀ ရာခိုင်နှုန်း၊ မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နိမိတ်တိုင်းတာ သတ်မှတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့သည်။
အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ အသုံးပြုပြီး CITIC ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့မှ ဆောက်လုပ်သွားမည့် ကျောက်ဖြူ SEZ သည် ဒီမိုကရေစီအစိုးရ နှစ်ဆက်အပြင် ယခု အာဏာသိမ်း စစ်ကောင်စီလက်ထက်ထိ ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာနေပြီဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး မြေဧရိယာ ၄၂၈၉ ဒသမ ၃၂ ဧက လျာထားကြောင်း မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက် ထုတ်ပြန်ချက်အရ သိရသည်။
အထူးစီးပွားရေးဇုန်လုပ်ငန်းစဉ် (၃) ခုဖြစ်သည့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်း အတွက် ၂၄၄၆ ဒသမ ၀၇ ဧက နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧက အသုံး ပြုသွားမည်ဖြစ်သည်။
စီမံကိန်းလုပ်ငန်းများတွင် ရေနက်ဆိပ်ကမ်း၊ စက်ရုံ၊ အပန်းဖြေစခန်း၊ ဘဏ်လုပ်ငန်းများ ပါဝင်မည်ဖြစ်သည်။ ယင်းအထဲမှ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန် မလိုဘဲ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် အသုံးပြုခွင့်ရရှိမည့် မဟာဗျူဟာစီမံကိန်းတစ်ခုဖြစ်သည်။
တရုတ်ကုန်းတွင်းပိတ် ပြည်နယ် တစ်ခုဖြစ်သည့် ယူနန်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးပါသည့် စီမံကိန်း တစ်ခုလည်း ဖြစ်သည်။
ကျုးကျော်ဖြစ်တော့မယ့် မြေပိုင်ရှင်တွေ
စီမံကိန်းဧရိယာထဲတွင် မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းက ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်းစသည့် ကျေးရွာအုပ်စု(၉)ခုက ဒေသခံများ လုပ်ကိုင်စားသောက်နေကြသည့် လယ်ယာမြေ၊ စားကျက်မြေများနှင့် မြစ်ချောင်းအင်းအိုင်များ ပါဝင်နေသည်။
မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းက ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုငန်းတို့ကို အဓိက မှီခိုနေကြသူများဖြစ်သည်။ သို့ဖြစ်၍ စီမံကိန်းကြောင့် လုပ်ငန်းများကို ထိခိုက်လာမည့်အရေးကို စိုးရိမ်ပူပန်မှု ရှိနေကြသည်။
ကျောက်ဖြူ စီမံကိန်းအကောင်အထည် ဖော်လာလျှင် လုပ်ကိုင်စားသောက်နေသည့် လုပ်ကွက်များ ဆုံးရှုံး ပျောက်ကွယ်သွား မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
“ကျမတို့လယ်က စီမံကိန်းကြောင့် မြေသိမ်းမယ့်ထဲမှာပါတယ်လို့ ပြောကြတယ်။ အတိအကျတော့ မသိဘူး” ဟု ကျောက်ဖြူ မြို့နယ်၊ ပျားတဲကျေးရွာမှ အသက် ၅၈ နှစ်အရွယ် ဒေါ်မေလတ်ကြည်က ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကနဦး စတင်အကောင်အထည်ဖော်မည့် စက်မှုဉယျာဉ်ခေါ် စက်မှုဇုန်ဧရိယာအတွက် မြေဧက (၂၅၀) သတ်မှတ်ထားခြင်းတွင် ဒေါ်မေလတ်ကြည်ပိုင်ဆိုင်သည့် လယ်ယာမြေ ၇ ဧကကျော် ပါဝင်နေသည်။
အဆိုပါမြေဧက (၂၅၀)မှာ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က မြေသိမ်းရန် ပြင်ဆင်မှုအချို့ရှိခဲ့သည်။
သို့သော် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတဝှမ်းဖြစ်ပွားခဲ့သည့် Covid-19 ရောဂါအခြေအနေများကြောင့် ရပ်ဆိုင်းနေခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်တွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပြီးနောက် မေ ၃ ရက်တွင် ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်သည်။
စစ်ကောင်စီသည် ၎င်းတို့ လက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် ကော်မတီဉက္ကဌ အဖြစ် ရထားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးမြင့်သိန်းကို တင်မြှောက်လိုက်သည်။
ယင်းနောက် ကျောက်ဖြူ-ရန်ကုန်ကားလမ်းမ စစ်တောလမ်းဆုံအနီးရှိ စီမံကိန်းဇုန်ဧရိယာအတွင်း ကျရောက်နေသည့် လယ်ယာ မြေများအား ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်လာသည်။ ကွင်းဆင်းရာတွင် မြေယာပိုင်ဆိုင်မှုနှင့် လယ်ယာမြေစာရင်း ကောက်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ကနဦး စတင်အကောင်အထည်ဖော်မည့် စီမံကိန်းဇုန်ဧရိယာအတွင်း လယ်မြေဧက ၂၅၀ တွင် ဒေသခံလယ်ပိုင်ရှင် (၇၂)ဦး၏ လယ်ယာမြေများ ပါဝင်နေသည်။
ယင်းအထဲမှ လယ်သမား ၂၂ ဦး၏ ဘိုးဘွားပိုင်လယ်မြေ (၆၁.၆၀) ဧကကို သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ဦးလှမျိုး၊ ဦးဇော်မိုးဝင်းတို့ သုံးဦးသည် (လ/န-၃၉)လက်မှတ်ဖြစ်သည့် မြေကို အခြားမြေအဖြစ် သုံးစွဲပိုင်ခွင့်ရရှိထားကြသည်။
တည်ဆဲဥပဒေများအရ လ/န ၃၉ သည် လယ်ယာမြေကို အခြားမြေအဖြစ်အသုံးချခွင့်ဖြစ်ပြီး အနည်းဆုံးနှစ်ပေါင်း သုံးဆယ့် ငါးနှစ် ပိုင်ဆိုင်မှုထုတ်ပေးသည့် လက်မှတ်ဖြစ်သည်။
ထို့ကြောင့် မိရိုးဖလာလုပ်ကိုင် စားသောက်လာကြသည့် လယ်သမား(၂၂)ဦးမှာ လယ်မြေသိမ်းဆည်းခံရမည့်အပြင် ကျူးကျော်သူအဖြစ် ရောက်ရှိနေသည်။ ယင်းအပြင် တရားစွဲဆိုခံရမည့် အရေးနှင့် ကြုံတွေ့နေကြရသည်။
“လယ်သမားတွေဟာ နိုင်ငံတော်အစိုးရမသိဘဲ လယ်ယာမြေတွေကို ခိုးလုပ်တယ်ဆိုပြီး တရားစွဲဖို့ ပြောခဲ့တယ်” ဟု လယ်သမား ဦးလှသိန်းက ပြောသည်။
မြေယာပိုင်ဆိုင်မှုနှင့် လယ်ယာမြေစာရင်း ကောက်ယူရေးကော်မတီအဖွဲ့နှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးဘရှိန်တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ကျောက်ဖြူမြို့နယ်ရှိ ပျားတဲ၊ သိုင်းချောင်းကျေးရွာတို့မှ ဒေသခံ လယ်သမားများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်းကို ဦးလှသိန်းက ပြောပြသည်။
မြေဧက ၂၅၀ ထဲတွင် လယ်ယာမြေ (၉၀.၄၀)ဧက၊ ဥယျာဉ်မြေ (၂၉.၃၃)ဧက၊ မြေလွတ်မြေရိုင်း (၆၈.၆၆) ဧက၊ (လ/န-၃၉) ကျပြီး မြေ (၆၁.၆၀)ဧက ပါရှိကြောင်း ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် (လ/န-၃၉)ကျပြီး မြေဧက (၆၁.၆၀)ကို ပိုင်ဆိုင်ထားသူ သုံးဦး၏ မြေမှာ ကျူးကျော် လုပ်ကိုင်သူ (၂၂)ဦး ရှိနေကြောင်း ပါရှိသည်။
“ အမှန်တကယ် နှစ်ပေါင်းမြောက်မြားစွာ လုပ်ကိုင်စားသောက်လာတဲ့ လယ်သမားတွေက ကိုယ့်လယ်မှာ ကိုယ်လုပ်ရင်း ကျူးကျော် ပုံစံမျိုးဖြစ်နေကြတယ်။ ဒါတွေက မဖြစ်သင့်ဘူး” ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွင် လုပ်ကိုင်နေသည့် ကိုခင်ဦးက DMG ကို ပြောဆိုထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ ပွင့်လင်းမြင်သာစွာချပြပြီး ဖြေရှင်းပေးသင့် ကြောင်း ကိုခင်ဦးက ဆက်ပြောသည်။
စစ်ကောင်စီအနေဖြင့် စီမံကိန်းဇုန်အတွင်းက လယ်ယာမြေများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဘဲ မြေသိမ်းမည် ဆိုပါက လုံးဝလက်ခံမည်မဟုတ်ကြောင်း ဒေသခံလယ်သမားများက ပြောဆိုကြသည်။
အတိတ်သင်ခန်းစာ
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ပတ်သက်၍ ယခုအချိန်ထိ ပွင့်လင်းမြင်သာစွာ ချပြမှု အားနည်းနေသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
သို့ဖြစ်၍ လက်ရှိ ကျောက်ဖြူဒေသတွင် လည်ပတ်နေသည့် တရုတ်၏ ရွှေသဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်း စီမံကိန်းကဲ့သို့ ဆိုးကျိုးများ တွေ့ကြုံခံစားရမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါစီမံကိန်းများကဲ့သို့ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို အခြားသူများက အမည်ပေါက် ရယူပြီး လျော်ကြေး ထုတ်ယူသွားခြင်း၊ လျော်ကြေးငွေ အနည်းငယ်သာပေးပြီး မြေသိမ်းခြင်း စသည့်ဖြစ်ရပ်များ ဖြစ်လာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
အကောင်အထည်ဖော်လာမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဘိုးဘွားစဉ်ဆက်လုပ်ကိုင်စားသောက်လာသည့် လုပ်ကွက်များ ဆုံးရှုံး ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရသည်ဟု မဒေးကျွန်းဒေသခံ မတင်ဝေခိုင်က ပြောသည်။
“သူတို့သာ စီမံကိန်းစတင်လိုက်ရင် ကျမတို့မဒေးကျွန်းသားတွေက ဘာလုပ်စားရတော့မလဲ။ ကုမ္ပဏီတွေ ဝင်လာရင်လည်း ကျမတို့အလုပ်ရမယ် မထင်ဘူး” ဟု မတင်ဝေခိုင်က ပြောသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသတွင် တည်ဆောက်လာမည့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ မတင်ဝေခိုင်က စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။
၂၀၁၀ ခုနှစ်က၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ကျောက်ဖြူမြို့နယ်က ဂုံးချွိန်၊ အုန်းတောနှင့် မလကျွန်းကျေးရွာမှ တောင်သူ ၁၁၀ ဦး ပိုင်ဆိုင်သည့် လယ်ဧက ၉၀ ကျော်ကို တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် သိမ်းဆည်းခဲ့သည်။
ယင်းအပေါ် ထိုက်သင့်သည့်နစ်နာကြေး ရရှိရေးအတွက် တောင်သူ ၂၀ ဦးက တရားလိုပြုလုပ်ကာ POSCO International ကုမ္ပဏီကို ၂၀၁၆ ခုနှစ်က အမှုဖွင့်တရားစွဲဆိုခဲ့သည်။ ကိုးရီးယားနိုင်ငံက အကျိုးဆောင်ရှေ့နေ အဖွဲ့(Igong Law Firm)၏ အကူအညီဖြင့် ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဗဟိုခရိုင်တရားရုံးတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
POSCO International သည် ကိုးရီးယားအခြေစိုက်ကုမ္ပဏီဖြစ်ပြီး ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ပရောဂျက်ကို လုပ်ပိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။
သို့သော် လယ်ယာမြေသိမ်းဆည်းမှုမှာ POSCO နှင့်သက်ဆိုင်မှုမရှိဘဲ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် သာ သက်ဆိုင်သည်ဟုဆိုကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တရားရုံးက အပြီးသတ်အမိန့် ချမှတ်ခဲ့သောကြောင့် တောင်သူများမှာ အမှုရှုံးနိမ့်ခဲ့ကြသည်။
ယင်းအပြင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ POSCO International ကုမ္ပဏီကို တရားစွဲဆိုခဲ့သည့် တောင်သူများမှာ အမှုရှုံးနိမ့်ခဲ့မှုကြောင့် တရားရုံးအသုံးစရိတ် ကျခံရမည်ဟု ကုမ္ပဏီက စာပေးပို့လာကြောင်း သိရသည်။
တရားရုံးမှ တောင်းခံလာသည့် ကိုရီယား ဝမ် ၂၇,၁၄၉,၅၀၀ (ဝမ်သိန်း၂၇၀) ကျော်၊ ယင်းအချိန်က မြန်မာငွေ ပေါက်ဈေး သိန်း ၆၀၀ ခန့်ကို တောင်သူများမှပေးဆောင်ရန် ယင်းကုမ္ပဏီက တောင်းခံလာခြင်းဖြစ်သည်။
ငွေကြေးတောင်းခံသည့် အကြောင်းကြားစာကို ဆိုးလ်းမြို့ ဗဟိုခရိုင်တရားရုံး၏ အတည်ပြုချက်ဖြင့် ကျောက်ဖြူ မြို့နယ် တရားရုံးသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် ပြီးခဲ့သည့် ဇွန် ၂၆ ရက်တွင် တောင်သူများထံ ရောက်ရှိလာခဲ့သည်။
အဆိုပါငွေကြေးများကို တောင်သူများအတွက် အမှုလိုက်ပေးခဲ့သည့် အကျိုးဆောင်ရှေ့နေ အဖွဲ့မှ ပေးဆောင်ခဲ့ကြောင်း သိရသည်။
“ကျမတို့မှာ အမှုမနိုင်ခဲ့တော့ လယ်မြေလည်း ပြန်မရလိုက်ဘူး။ ဆိုတော့ လုပ်ကွက်တွေ ဆုံးရှုံးသွားတယ်။ လယ်သမားတွေ အတွက် အများကြီးနစ်နာတယ်” ဟု ဂုံးချွိန်ကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းသို့ဖြစ်ရပ်များကို သင်ခန်းစာရနေကြသည့် တောင်သူများမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အပေါ်တွင်လည်း အယုံအကြည်မရှိဘဲ လုပ်ကွက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကဲ့သို့ မတရားမြေသိမ်းခံရမည်ကို စိုးရိမ်၍ အထူးစီးပွားရေးဇုန် တည်ဆောက်မည့် အကြောင်းကို ကြားသိသည်နှင့်တပြိုင်နက် လယ်ယာမြေများကို အောက်ဈေးဖြင့် ရောင်းချလိုက်ကြသည့် တောင်သူ အများအပြားရှိကြောင်း သိရသည်။
လက်ရှိတွင် အထူးစီးပွားဇုန်စီမံကိန်းဧရိယာထဲမှ လယ်ယာမြေများကို စီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူထားခြင်းများ ရှိနေသည်။ တောင်သူအချို့မှာ ရောင်းချထားကြပြီဖြစ်ပြီး အချို့မှာ လုပ်စားစရာမရှိဖြစ်သွားမည်ကို စိုးရိမ်၍ မရောင်းချ သေးသည့် တောင်သူများလည်းရှိနေသည်။
“ကျမတို့ကတော့ ရောင်းလည်း မရောင်းချင်ဘူး။ ကျမက လယ်လုပ်စားဖို့ တစ်ခုပဲတက်တယ်။ နောက်ဘာမှ မတက်ဘူး။ လယ်ကို ရောင်းလိုက်ရင် ရတဲ့ပိုက်ဆံက သိပ်မကြာခင်ကုန်သွားမယ်။ လယ်ရှိတယ်ဆိုရင် အဲဒီလယ်နဲ့ လုပ်စားနေလို့ ရတယ်။ အဲဒီလယ်ကို ရောင်းလိုက်ရင် ကျမတို့မှာ ဆုံးရှုံးပြီ” ဟု ကန္ဒီးကျေးရွာမှ တောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများ အကောင်အထည်မဖော်ခင်က အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်လာလျှင် ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်ဟု မက်လုံးပေးစည်းရုံးခြင်းများ ရှိခဲ့သည်။
သို့သော် စီမံကိန်းအကောင်အထည်ဖော်လာချိန်တွင် ဒေသခံများမှာ လုပ်ကွက်များ ဆုံးရှုံးရုံမှလွဲ၍ အကျိုးခံစားခွင့် မရရှိခဲ့ ကြပေ။ အုတ်ပြောင်း၊ သဲထမ်းစသည့် အခြေခံလုပ်သားနေရာအချို့တွင် အလုပ်အကိုင်ရရှိခဲ့သည်။
ထို့ကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် လယ်ယာမြေများ သိမ်းဆည်းသွားလျှင်လည်း အလုပ်အကိုင် အခွင့်အလမ်း (သို့မဟုတ်) လယ်ယာမြေများကိုပြန်အစားထိုးပေးရန် တောင်သူများက လိုလားနေကြသည်။
“မရောင်းလို့ မလွတ်ဘဲ တကယ်ရောင်းရမယ်ဆိုရင်တော့ လူမှုဘဝ မိသားစု စားဝတ်နေရေးက အကြီးအကျယ် အခက်ကြုံရ နိုင်တယ်။ မဟုတ်ရင် သူတို့ဆီက မိသားစုစားဝတ်နေရေးအဆင်ပြေအောင် အစားထိုးအလုပ်တွေ လုပ်ပေးစေချင်တယ်” ဟု မဒေးကျွန်းဒေသခံ တောင်သူ ဦးအောင်သန်းရွှေက ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်လျှင် ဒေသခံများကို တဖြည်းဖြည်းနှင့် စီမံခန့်ခွဲမှု အလုပ်နေရာ ခန့်အပ်ပေးမည်ဖြစ်ပြီး စီမံကိန်း အကုန်လည်ပတ်၍ ၁၀ နှစ်အကြာတွင် အခြေအနေအပေါ်မူတည်၍ စီမံခန့်ခွဲမှုအလုပ်နေရာ ၉၀ ရာခိုင်နှုန်းကို ဒေသခံများအား ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း CITIC Group ဥက္ကဋ္ဌ၊ Mr.Chang Zhenming (မစ္စတာ ရှောင်းကျန်းမင်း) က ပြောဆိုထားသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းမူဘောင်သဘောတူညီချက်ကို နေပြည်တော်၌ ချုပ်ဆိုချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်းကြောင့် အလုပ်အကိုင်အခွင့်အလမ်း တစ်သိန်းကျော်ရရှိနိုင်ကြောင်း ခန့်မှန်ထားပြီး လုပ်ငန်းများလည်ပတ်၍ ၁၀ နှစ် ကြာလျှင် စီမံခန့်ခွဲမှုအလုပ်နေရာ ၉၀ ရာခိုင်နှုန်းကို ဒေသခံများကို ခန့်အပ်ရန် သဘောတူထားသည်ဟု သိရှိရကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) တွင် ဖော်ပြထားသည်။
သို့သော် ကျောက်ဖြူရေနက်ဆိပ်ကမ်းထက် ကြီးမားသည့် နိုင်ငံအချို့၏ ဆိပ်ကမ်းများတွင်ပင် လူရာဂဏန်း၀န်းကျင်ကိုသာ အလုပ်အကိုင်ပေးထားနိုင်သည်ကို တွေ့ရသည်ဟုလည်း ISP Myanmar က ဆိုသည်။
စီမံကိန်းအသက်သွင်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ တတိယံပိ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေသည်။ ယခု တိုက်ပွဲသည် ၂၀၁၈ ၊ ၂၀၂၂ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ပုံစံမျိုးနှင့် မတူပေ။ AA က စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ပြီး မြို့သိမ်းတိုက်ပွဲအထိ ဆင်နွဲလာသည်။
တိုက်ပွဲ ၉ လတာအတွင်း ရခိုင်ဒေသက ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။ မောင်တော၊ သံတွဲမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ရန် လက်တကမ်း အလိုမှာရှိပြီး စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့ရှိ စစ်ကောင်စီ၏ ဌာနချုပ်များကို AA က ပိတ်ဆို့ထားသည်။
ရခိုင်ပြည်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် သိမ်းပိုက်ရရှိရေး အပြင်းထန်ဆုံးနှင့် အမြန်ဆုံး ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကြေညာထားသည်။
စစ်ရေးအရ အရှုံးနှင့်ရင်ဆိုင်နေချိန်တွင် စစ်ကောင်စီသည် ကျောက်ဖြူအထူးစီးပွားဇုန်စီမံကိန်းကို အမြန်ဆုံးအကောင် အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း စီမံကိန်းအရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
စစ်ကောင်စီသည် ကျောက်ဖြူဒေသကို AA ထံ လက်လွှတ် မဆုံးရှုံးစေရန် စီမံကိန်းဖြင့် အကာအကွယ် ယူနိုင်အောင် ကြိုးစားနေခြင်းဟု တရုတ်စီမံကိန်းအရေး လေ့လာစောင့်ကြည့်သူ ဦးထွန်းကြည်က ရှုမြင်သည်။
“ စစ်ကောင်စီဘက်ကတော့ ကျောက်ဖြူမြို့ကို အကာအကွယ်ရရေးအတွက် တရုတ်ရဲ့ စီမံကိန်းတွေနဲ့ အကာအကွယ် လိုချင်တဲ့ သဘောပါ” ဟု ဦးထွန်းကြည်က ပြောသည်။
“တနည်းအားဖြင့် စစ်ကောင်စီရဲ့ ဆုံးရှုံးလာတဲ့ နယ်မြေတွေကို အကာအကွယ်ယူဖို့၊ ကျောက်ဖြူနယ်မြေကို အကာအကွယ်ယူဖို့ ကြိုးစားတာလို့ နားလည်ရတယ်” သူက ဆက်ပြောသည်။
စစ်ရှိန်မြင့်နေချိန်တွင် စစ်ကောင်စီက အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသော်လည်း တရုတ်ဘက်မှ စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှု မတွေ့ရကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
လက်ရှိတွင် စီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(EIA) လုပ်ငန်းစဉ်များမှာ မပြီးစီးသေးပေ။ လက်ရှိတွင် တိုက်ပွဲကြောင့် Myanmar Survey Research (MSR) Consortium ကုမ္ပဏီမှ (EIA) လုပ်ငန်းများ ဆောင်ရွက်မှုကို ရပ်နားထားရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း တည်ဆောက်ရေးအတွက် လုပ်ကိုင်ခွင့် နောက်ဆက်တွဲသဘောတူ စာချုပ်ကို တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် လက်မှတ်ရေးထိုးလိုက်ကြောင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ဆက်တွဲစာချုပ်တွင် ပါဝင်သည့်အချက်များကို တရားဝင်ထုတ်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ရေနံတင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ရေလမ်းကြောင်းအား ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုဆိုကာ စစ်ကောင်စီက မဒေးကျွန်းအနီးပင်လယ်ပြင်တွင် ဒေသခံများ သွားလာခွင့်ကို ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ နှစ်လခွဲအထိ ပိတ်ပင်ထားသည်။
စစ်ကောင်စီသည် စီမံကိန်းကို အကောင်အထည်ဖော်ရန် ကြိုပမ်းနေသော်လည်း လက်ရှိရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးအရ စီမံကိန်းကို အာရက္ခတပ်တော် (AA) က တာဝန်ယူလုပ်ဆောင်ရမည်ဟု အနေအထားရောက်ရှိလာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
“စီမံကိန်းကို အကောင်အထည်ဖော်တာက ကောင်းတယ်။ ဒါပေမယ့် စစ်ကောင်စီက စီမံကိန်းကို အဆုံးထိ လုပ်နိုင်မယ်လို့ မထင်ဘူး။ တစ်ချိန်ချိန်မှာ ULA က တာဝန်ယူပြီး လုပ်ဆောင်လာရမယ့် လုပ်ငန်းတစ်ခုလို့ မြင်တယ်” စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာများကို ပြင်ဆင်ရမည်ဖြစ်၍ စစ်ကောင်စီထိန်းချုပ်ထားသည့် ကျောက်ဖြူမြို့မှ ပြည်သူများအနေဖြင့် ဘေးလွတ်မည့်နေရာများတွင် တိမ်းရှောင်ကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ ရက်တွင် အသိ ပေးထားသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့သည် တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေပြီး တရုတ်စီမံကိန်းအနီးတွင် တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။ လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်ငြား နှစ်ဖက်စစ်ရေး တင်းမာနေသည်။
လက်ရှိတွင် အထူးစီးပွားရေးဇုန်နှင့် ချိတ်ဆက်မည့် ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်တွင် သိမ်းပိုက်ခဲ့သည်။
ယင်းအပြင် ကျောက်ဖြူမြို့အပါအဝင် မြို့အနီးက ကျေးရွာ ၁၂ ရွာခန့်နှင့် တရုတ်စီမံကိန်း ရှိတည်ရှိရာ မဒေးကျွန်းမှ လွဲ၍ ကျန်နေရာများကို AA က ထိန်းချုပ်စိုးမိုးထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ် ဌာနချုပ်၊ တောင်မော်ကြီးရေတပ်ဌာန(ခွဲ)နှင့်၊ ခြေမြန် တပ်ရင်း (ခမရ -၅၄၂)၊ (ခမရ- ၅၄၃)၊ ခြေလျင်တပ်ရင်း (ခလရ- ၃၄)နှင့် ၃၂ ရဲတပ်ရင်းတို့ရှိသည်။
စစ်ပွဲနဲ့ စီမံကိန်းဒေသက တောင်သူတွေရဲ့ ဘဝ
တိုက်ပွဲကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ လာရောက်ဆောင်ရွက်မှု မရှိသဖြင့် စီမံကိန်းဧရိယာအတွင်းက ဒေသခံများမှာ ပုံမှန်အတိုင်းလယ်ယာလုပ်ငန်းများ လုပ်ကိုင်နေကြသည်။
“ အခုချိန်မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်နေတော့ လောလောဆယ် လှုပ်ရှားမှု ဘာမှ မရှိသေးဘူး။ လယ်သမားတွေက လည်း သူ့ဟာနဲ့သူ လုပ်နေကြတုန်းပဲ” ဟု ပျားတဲ ကျေးရွာမှ လယ်သမား ဦးလှသိန်းက ပြောသည်။
သို့သော် စီမံကိန်းဧရိယာအတွင်းက ဒေသခံအားလုံးမှာ လယ်ယာ၊ တောင်ယာလုပ်ငန်းတို့ကို လုပ်ကိုင်နိုင်ကြသည် မဟုတ်ပေ။ စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် တောင်သူအချို့မှာ လယ်ယာ လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။
စီမံကိန်းဧရိယာအတွင်းက ပျားတဲ ကန္ဒီး၊ စစ်တော ကျေးရွာအချို့အပါအဝင် စိုင်ခြုံ၊ စည်မော်၊ ရှောက်ချောင်း၊ သစ်ပုတ်တောင်၊ ဂုံးချွိန်၊ အုန်းတော၊ မလကျွန်း၊ ပြင်ရှည်၊ ကုလဘာ၊ နှမ်းဖဲတောင်စသည့် ကျေးရွာ ၂၀ နီးပါးက တောင်သူ ၁၂၀ ဦးထက်မနည်းမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း DMG သတင်းဌာနမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ၂၀၂၄နှစ်၊ ဇန်နဝါရီနှင့် မတ်လအတွင်းက စစ်ကြောင်း ထိုးခြင်း၊ စခန်းချ နေထိုင်းခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လယ်ကွင်း၊ တောလမ်းနေရာ၊ တောင်ကုန်းများနှင့် ကျေးရွာအနီးတို့တွင် မြေမြှုပ်မိုင်းထောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းသို့ စစ်ကောင်စီ ထောင်ထားသည့် မိုင်းကို နင်းမိ၍ ဒေသခံများမှာ သေဆုံး၊ ဒဏ်ရာရရှိမှုအပြင် ကျွဲ၊ နွား တိရစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုများ မကြခဏရှိနေ၍ စိုးရိမ်နေကြခြင်းဖြစ်သည်။
စီမံကိန်းဧရိယာတွင် ပါဝင်သည့် ကန္ဒီးကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက “ သူတို့ ( စစ်ကောင်စီ)က နေရာအနှံ့မှာ စစ်ကြောင်းထိုးပြီး မိုင်းတွေ ထောင်သွားတာ။ ဘယ်နေရာမှာ မိုင်းထောင်ထားတယ်ဆိုတာကို မြင်ရတာမဟုတ်တော့ လူတော်တော်များများက လယ်မလုပ်ရဲတော့ဘူး” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးသူဦးရေ ၂၀ နီးပါးထိရှိလာသည်။ သို့ဖြစ်၍ စီမံကိန်းကြောင့် ဆုံးရှုံးနစ်နာခြင်းထက် လက်ရှိတွင် စစ်ကောင်စီ မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ဆုံးရှုံးမှုများကို နေ့ဓူဝ တွေ့ကြုံနေရသည်ဟု ကျောက်ဖြူဒေသခံများက ပြောဆိုကြသည်။
ယင်းအပြင် စစ်ကောင်စီသည် ကျောက်ဖြူမြို့ကို ပိတ်ဆို့ထားပြီး မြို့နှင့်ထိစပ်နေသော ရေနယ်နိမိတ်များပါ သွားလာခွင့် ပိတ်ပင်ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို အလှုးအလဲရင်ဆိုင်နေကြရသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ခြင်း၊ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။
စစ်ကောင်စီ၏ မိုင်းအန္တရာယ်နှင့် စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ် မှုများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၃၀ ခန့်မှ တောင်သူများမှာ လယ်ယာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယင်းကြောင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်းတွင် မဟာဗျူဟာကျ စီမံကိန်းဖြစ်သည့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်မည့်အပေါ် ကျောက်ဖြူဒေသခံများမှာ စိတ်ဝင်စားမှုမရှိကြပေ။
မည်သို့ပင်ဆိုစေကာမှု စီမံကိန်းကို အကောင်အထည်ဖော်လာမည့် အဖွဲ့များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါက လုံးဝလက်ခံမည် မဟုတ်ကြောင်း တောင်သူများ ကိုယ်စား လယ်သမား ဦးလှသိန်းက ယခုကဲ့သို့ ပြတ်သားစွာ ပြောဆိုလာသည်။
“အစိုးရက တာဝန်ယူမလား၊ ကုမ္ပဏီက တာ၀န်ယူမလား ဘာမှ မသိရဘူး။ ဘယ်သူကမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိ သေးတော့ လယ်သမားတွေဖက်ကလည်း လက်ခံမယ့် အစီအစဉ် လုံးဝမရှိသေးဘူး”