တရုတ်စီမံကိန်းတွေနဲ့ ရခိုင်လူထုရဲ့ အကျိုးစီးပွား
မြေအောက်သယံဇာတများစွာထွက်တဲ့ ရခိုင်ပြည်အတွင်းက ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းကြီးတွေရှိပေမယ့် ပြည်သူတွေဟာ စီမံကိန်းရဲ့အကျိုးကို တစ်စုံတစ်ရာ ခံစားခွင့်မရရှိကြသလို သိသာထင်ရှားတဲ့ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း မရှိလာဘူးလို့ ဒေသနေသူတွေက ဝေဖန်ကြပါတယ်။
12 Apr 2022
DMG ၊ ဧပြီ ၁၂
(ဆောင်းပါး)
မြေအောက်သယံဇာတများစွာထွက်တဲ့ ရခိုင်ပြည်အတွင်းက ကျောက်ဖြူမြို့နယ်မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းကြီးတွေရှိပေမယ့် ပြည်သူတွေဟာ စီမံကိန်းရဲ့အကျိုးကို တစ်စုံတစ်ရာ ခံစားခွင့်မရရှိကြသလို သိသာထင်ရှားတဲ့ဒေသဖွံ့ဖြိုးတိုးတက်မှုလည်း မရှိလာဘူးလို့ ဒေသနေသူတွေက ဝေဖန်ကြပါတယ်။
အရင်အစိုးရတွေတည်ဆောက်ခဲ့တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ မဒေးကျွန်းက ရေနံပိုက်လိုင်း စီမံကိန်းတို့မှာ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အတွက် ဒေသခံတွေမှာ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်ဆုံးရှုံးရတာ၊ လယ်မြေတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
အစိုးရအဆက်ဆက်ဟာ ဗဟိုချုပ်ကိုင်မှုတွေနဲ့လုပ်ဆောင်ခဲ့ကြတဲ့အတွက် စီမံကိန်းကြီးတွေရှိတဲ့ ရခိုင်ဒေသဟာ ဖွံ့ဖြိုးမှုမရှိဘဲ အခုလိုဆင်းရဲမွဲတေမှုနဲ့ကြုံတွေ့နေရတာဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက ရှုမြင်ပါတယ်။
“တရုတ်စီမံကိန်းနဲ့ပတ်သက်လို့ ကျောက်ဖြူဒေသနဲ့ ရခိုင်ပြည်မှာ ဒေသခံတွေအကျိုးစီးပွားဖြစ်ထွန်းတာတော့ မတွေ့မိသေးဘူး။ သူတို့ အခုလုပ်သွားတဲ့လုပ်ငန်းတွေက ရွှေသဘာဝဓာတ်ငွေ့၊ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်ပြီး သူတို့တရုတ်နိုင်ငံအတွက် ရေနံပိုက်လိုင်းသွယ်တန်းတာရယ်၊ အဲလိုဆိပ်ကမ်းကြီးတွေ တည်ဆောက်တာတော့တွေ့တယ်။ အဲဒါကလည်း ရခိုင်လူမျိုးနဲ့ ရခိုင်ပြည်အတွက် ဘာမှအလုပ်အကိုင် အခွင့်အလမ်းလည်းမရဘူး။ ဖွံ့ဖြိုးတိုးတက်မှုလည်းမရဘူးဆိုတာ မျက်မြင်ကြုံတွေ့နေရတာကိုတွေ့ရတယ်”လို့ ဦးဖိုးစံကပြောပါတယ်။
လတ်တလောမှာ တရုတ်အစိုးရရဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် လယ်သမားတွေနဲ့ မြေပိုင်ရှင်တွေမှာ ၎င်းတို့ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာခဲ့ကြတဲ့ လယ်ယာမြေတွေအတွက် နစ်နာကြေးမရဘဲ ဆုံးရှုံးနိုင်ခြေနဲ့ရင်ဆိုင်နေကြရတဲ့အပေါ် DMG မှ အစောပိုင်းမှာဖော်ထုတ်တင်ပြခဲ့ပြီ ဖြစ်ပါတယ်။
ကျောက်ဖြူ SEZ တည်ဆောက်ဖို့အဆိုပြုထားတဲ့အထဲက မြေ ၂၅၀ ဧကကို သိမ်းဆည်းရန် ပြင်ဆင်ထားပြီးတော့ အဲဒီမြေတွေဟာ ကျေးရွာလေးရွာက ဒေသခံလယ်သမား ၇၀ ကျော်ပိုင်ဆိုင်တဲ့ လယ်မြေတွေဖြစ်ပါတယ်။ သိမ်းဆည်းမယ့်မြေတွေထဲက ဧက ၆၀ ကို ဒေသခံမဟုတ်တဲ့ အမည်မသိသူသုံးဦးက ပိုင်ဆိုင်ကြောင်း အမည်ပေါက်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာတဲ့ လယ်သမား ၂၂ ဦးဟာ ကျူးကျော်အဖြစ်သတ်မှတ်ခံထားရပါတယ်။
SEZ စီမံကိန်းမစတင်မီ လယ်ယာမြေပိုင်ဆိုင်မှုအထောက်အထားတွေကို တိတိကျကျပြုလုပ်ပေးဖို့အတွက် စီမံကိန်းဧရိယာထဲမှာ လယ်ယာမြေပါဝင်နေတဲ့ တောင်သူတွေက လိုလားနေကြပါတယ်။
“ဒီတောင်သူတစ်ဦးချင်းနဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေကို ကျနော်တို့တောင်သူလယ်သမားလက်ထဲကို ပြန်လည်လုပ်ပေးပါဆိုပြီး တောင်းဆိုထားတာရှိတယ်။ သူတို့ကတော့ ဘာမှပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာလည်း မရှိဘူး။ (SEZ)လုပ်မယ်လို့တော့ ပြောသံကြားတယ်။ အစည်းအဝေးတွေ လုပ်သံကြားတယ်။ ကျနော်တို့ဒေသခံတွေကို ခေါ်ပြီးတော့ ဆွေးနွေးတိုင်ပင်တာတွေ ဘာမှလည်းမရှိသေးဘူး” လို့ တောင်သူလယ်သမားများလူမှုစီးပွားဖွံ့ဖြိုးရေးအသင်းရဲ့ အတွင်းရေးမှူး ဦးသိန်းတန်ကဆိုပါတယ်။
ကျောက်ဖြူ SEZ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ တရုတ်ကုမ္ပဏီ(CITIC)က “မြန်မာအစိုးရက ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာထုတ်ပြန်ခဲ့တဲ့ ကျောက်ဖြူ SEZ အဆိုပြုချက်တောင်းခံမှုမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေနဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ ကျောက်ဖြူ SEZ စီမံကိန်းပါအချက်တွေအရ ကျောက်ဖြူ SEZ စီမံကိန်းရဲ့ မြေယာသိမ်းပိုက်မှုနဲ့ ဒေသခံတွေ ရွှေ့ပြောင်းရမှုတို့အတွက် မြန်မာအစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်လို့”ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရဟာ အဲဒီကိစ္စရပ်တွေကို ပွင့်လင်းမြင်သာစွာ တာဝန်ယူဆောင်ရွက်ပေးပြီး လယ်ယာမြေ သိမ်းပိုက်တာနဲ့ ရွှေ့ပြောင်းတာတွေအတွက် နစ်နာကြေးပေးအပ်ရေးကိစ္စရပ်တွေမှာ ဒေသခံရွာသားတွေနဲ့ မျှတဆီလျော်တဲ့ အများသဘောတူညီချက်ရရှိအောင် ဆောင်ရွက်မယ်လို့ယုံကြည်ကြောင်း တရုတ်ကုမ္ပဏီရဲ့ ကြေညာချက်မှာဖော်ပြပါတယ်။
CITIC ၏ ထုတ်ပြန်ချက်ကိုကြည့်ရင် မြန်မာစစ်အုပ်စုနောက်ကွယ်မှာ ပုန်းလျှိုးရန်ကြိုးစားချက်အဖြစ် ထင်ထင်ရှားရှားမြင်တွေ့ရသလို မကောင်းသတင်းတွေအားလုံးအတွက် မြန်မာဘက်ကိုသာ အပြစ်တင်ရန် ပြောကြားလိုက်တာဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။
ကျောက်ဖြူစီမံကိန်းဟာ အဓိကအားဖြင့် တရုတ်နဲ့ ၎င်းရဲ့ယူနန်ခရိုင်အကျိုးစီးပွားအတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး စီမံကိန်းအရ တရုတ်ဟာ မလက္ကာရေလက်ကြားကိုရှောင်ကွင်းပြီးတော့ အိန္ဒိယသမုဒ္ဒရာဘက်သို့ ထွက်ပေါက်တစ်ခု ရရှိမှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ EIA လုပ်ထုံးလုပ်နည်းများအရ စီမံကိန်းအဆိုပြုသူဟာ (က) ပုဒ်မ ၃၄၊ ၅၀ နှင့် ၆၁ တို့မှာ ဖော်ပြထားသည့်အတိုင်း IEE နဲ့ EIA အကောင်အထည်ဖော်မှုအဆင့်တိုင်းကို သက်ဆိုင်ရာပြည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန်နဲ့ (ခ) စီမံကိန်းနဲ့ဆက်စပ်တဲ့ သတင်းအချက်အလက်တွေအားလုံးကို ဤလုပ်ထုံးလုပ်နည်းနဲ့အညီ အများပြည်သူသိရှိအောင် အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးရန် ဟူသည့်အချက်များကို လိုက်နာရမှာလည်း ဖြစ်ပါတယ်။
တရုတ်စီမံကိန်းကြီးတွေနဲ့ ရေနံတင်သင်္ဘောဆိပ်ကမ်းရှိတဲ့ မဒေးကျွန်းဒေသမှာ သိသာမြင်သာတဲ့ ဖွံ့ဖြိုးတိုးတက်မှုမရှိသေးသလို ဆုံးရှုံးမှုတွေနဲ့သာကြုံတွေ့နေရကြောင်းနဲ့ လာမယ့်ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်လို့လည်း တစ်စုံတစ်ရာ ပွင့်လင်းမြင်သာစွာ ချပြလာတာမရှိသေးဘူးလို့ မဒေးကျွန်းဒေသခံ ကိုမောင်မောင်သန်းကပြောပါတယ်။
“မဒေးကျွန်းဒေသက စီမံကိန်းဟာ ဆယ်နှစ်နီးပါးလောက် လည်ပတ်နေတဲ့စီမံကိန်းကြီးတစ်ခုပြောရမယ်။ အဲဒီစီမံကိန်းဝင်လာပြီး ဆယ်နှစ်ပတ်ဝန်းကျင်အတောအတွင်းမှာ မဒေးကျွန်းဒေသရဲ့ ဖွံ့ဖြိုးမှု၊တိုးတက်မှုတွေက သိသိသာသာပြောင်းလဲမှုမရှိဘူး။ အများနဲ့ပြောရရင်တော့ နည်းနည်းလောက်ပဲရှိတယ်။ အခုလက်ရှိ အကျိုးခံစားခွင့်နဲ့ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုကတော့ အကျိုးခံစားခွင့်လည်းမရှိသလို ဆုံးရှုံးနစ်နာမှုကတေ့ာ ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနစ်နာမှုရှိတယ်။ နောက်ထပ်လည်း SEZ စီမံကိန်းလာမယ်လို့ ပြောသံကြားတယ်။ အခုချိန်ထိ ဘယ်သူကမှလာပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဒေသခံတွေကို လာပြီးချပြပေးတာတော့ မတွေ့ရသေးဘူး”လို့ ဆိုပါတယ်။
ရခိုင်ဒေသမှာ စီမံကိန်းကြီးတွေ လာရောက်အကောင်အထည်ဖော်နေတဲ့တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းက မဲခေါင်မြစ်ပေါ်မှာ ရေကာတာစုစုပေါင်း ၁၁ ခုတည်ဆောက်ခဲ့ပြီး လက်ရှိမှာလည်း လာအိုနိုင်ငံအတွင်းမှာ ရေကာတာတွေ ထပ်မံတည်ဆောက်လျက်ရှိပါတယ်။
မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းမှာ ဆည်တည်ဆောက်ရေးအစီအစဉ်တွေ အားကောင်းလာခဲ့တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေမှာ မဲခေါင်မြစ်ကော်မရှင်က လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့အတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံအထိ အကျိုးအမြတ်ဖြစ်ထွန်းနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နောက်နှစ်များ အကြာမှာ ထိုကော်မရှင်က ထပ်မံကောက်ယူခဲ့တဲ့စစ်တမ်းတွင်မူ ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်မည်ဆိုပါက မဲခေါင်မြစ်ဝှမ်းအောက်ပိုင်းရှိ နိုင်ငံတွေရဲ့စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၇ ဘီလျံ အကျိုးအမြတ်ရရှိမယ်လို့သာ ဖော်ပြထားပါတယ်။
လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက မဲခေါင်မြစ်အပေါ်မှီခိုနေကြရတဲ့ သာမန်ပြည်သူတွေဟာ တရုတ်ကတည်ဆောက်ထားပြီးဖြစ်တဲ့ရေကာတာတွေကြောင့် ရေမျက်နှာပြင် အလွန်အမင်းနိမ့်ကျခြင်းနဲ့အတူ သန်းနဲ့ချီသော လယ်သမားနဲ့ငါးဖမ်းသမားတွေဟာ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွှတ်ရမှုကြောင့် ကသောင်းကနင်းဖြစ်ရပ်တွေ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုအကြီးစားစီမံကိန်းတွေလုပ်ဆောင်မယ်ဆိုပါက ပြည်နယ်နဲ့ပြည်မကြားက သဘောတူညီချက် ကတိဂဝတ်တွေအပါအဝင် ဒေသနဲ့ပြည်သူတွေရဲ့ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေကို ဖန်တီးပေးဖို့လိုအပ်တယ်လို့ ကျောက်ဖြူမြို့ ငြိမ်းချမ်ရေးနဲ့ ဖွံ့ဖြိုးရေးစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေလုပ်မယ်ဆိုရင် ပြည်နယ်နဲ့ ပြည်မကြားက သဘောတူညီချက်၊ ဂတိကဝတ်တွေ၊ ပြည်နယ်ရဲ့အကျိုးခံစားခွင့်တွေ၊ အဲဒီဒေသမှာရှိတဲ့လူတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကိစ္စတွေအပါအဝင် အလုပ်အကိုင် အခွင့်အလမ်းကအစ ဒါတွေအကုန်လုံးက တိကျတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးပေးဖို့လိုတယ်။ နောက်တစ်ခုက ရခိုင်ဒေသမှာလုပ်မယ်ဆိုရင် ရခိုင်ဒေသကလူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကို ထူထောင်ပေးတယ်ဆိုရင် ဒီစီမံကိန်းဟာ ခက်ခဲတဲ့စီမံကိန်းမျိုးမဟုတ်ဘူး”လို့ ဆိုပါတယ်။
ရခိုင်လူထုရဲ့အကျိုးစီးပွားအတွက် ဆောင်ရွက်တာလို့ပြောဆိုထားတဲ့ ကျောက်ဖြူ SEZ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ရေးအတွက် တရုတ်နဲ့ တရုတ်အစိုးရပိုင် CITIC ကဲ့သို့သော ကုမ္ပဏီတွေအနေဖြင့် မြန်မာစစ်အုပ်စုရဲ့နောက်မှာပုန်းကွယ်ပြီး အပြစ်တွေကို
စစ်ကောင်စီအပေါ် ပုံချနေခြင်းထက် တာဝန်ယူမှုတာဝန်ခံမှုနဲ့ဆောင်ရွက်ဖို့လိုအပ်သလို ရခိုင်လူထုရဲ့အကျိုးစီးပွားကိုလည်း မထိခိုက်ဖို့လိုအပ်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
မင်းထွန်း-ရေးသည်