ကိုယ်ပိုင်ပြဋ္ဌာန်းခြင်း၊ အုပ်ချုပ်ခြင်း၏ အတိမ်အနက်

အမှန်အားဖြင့် လူမျိုးကြီးဝါဒသည် တသမတ်တည်းကို ရည်ညွှန်းထား၍မရနိုင်သလို အသေကိုင်စွဲထားလို့ မရနိုင်ပေ။ ကာလဒေသ အပိုင်းအခြားအရ ပြောင်းလဲနိုင်သည့်အချက်တစ်ခု (သို့မဟုတ်) ပြောင်းလဲ၍ရသော အခြင်းအရာတစ်ခုနှင့် ညှိနှိုင်းတိုင်ပင်ရမည့် ကျယ်ပြန့်သောကိစ္စရပ်တစ်ခုဖြစ်နေသည်။

By ဂေါင် 15 Jun 2022

DMG ၊ ဇွန် ၁၅

(ဆောင်းပါး)

ဆောင်းပါးအနှစ်ချုပ်

ဤဆောင်းပါးတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးကြီးဆုံး အချက်များဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ခွဲထွက်ခြင်း/ခွဲမထွက်ခြင်းတို့အပေါ် လူမျိုးကြီးဝါဒနှင့် ချုပ်ကိုင်မှု၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရည်မှန်းချက်များကို အတွေးအမြင်အဖြစ် ထည့်သွင်းရေးသားထားသည်။

နိဒါန်း

မြန်မာနိုင်ငံ၏ပဋိပက္ခတို့မှာ ပုံစံမျိုးစုံဖြင့် ထူးခြားစွာရှုပ်ထွေးနေပြီး ပဋိပက္ခနှင့်အတူ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးနယ်ပယ်သည် ပိုပြီးနက်နဲ ရှုပ်ထွေးမှုတို့ဖြင့် ကျယ်ပြန့်လာနေသည်။

တနိုင်ငံလုံး၌ နိုင်ငံရေးအကျပ်အတည်းနှင့် စစ်မီးဟုန်းဟုန်း တောက်လောင်နေသည့် ယခုအခါ စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် EAOs ခေါင်းဆောင်အချို့နှင့် ငြိမ်းချမ်းရေး စကားပြောဆိုနေသည်။ ထိုဆွေးနွေးပွဲတွင် တိုင်းရင်းသားတို့ကို ရပိုင်ခွင့်ဟုဆိုကာ နိုင်ငံရေးရည်မှန်းချက်ထဲမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေးမည်၊ ပြည်ထောင်စုထဲမှ ခွဲမထွက်ဟု ဆိုထားသည်။

ယင်းကြောင့် စစ်ကောင်စီပြောဆိုသည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်ပြီး မည်မျှအထိနက်ရှိုင်းကျယ်ပြန့်နေလဲ။ ယင်းအချက်များသည်ပင်လျှင် တိုင်းရင်းသားတို့၏ အမှန်တကယ် လိုလားချက်လား။ သို့မဟုတ် အပြောနှင့်အလုပ် အံဝင်ဂွင်ကျဖြစ်နိုင်မလားဆိုသည်ကို စဉ်းစားတွက်ချက်ကြည့်သင့်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်

ကိုယ်ပိုင်ပြဌာန်းခွင့်သည် သာမန်အားဖြင့် ရိုးရှင်းသည်။ နိုင်ငံတကာဥပဒေများတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံမူတစ်ခုအဖြစ် သတ်မှတ်ထားသလို ပြင်ပမှ ဖိအားပေးခိုင်းစေမှုမပါဝင်ဘဲ လွတ်လပ်စွာ ရွေးချယ်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

တနည်းအားဖြင့် ဒေသဆိုင်ရာ ပြည်သူများအနေဖြင့် ၎င်းတို့၏အနာဂတ် နိုင်ငံရေးအခြေအနေအပေါ် ပြည်ထောင်စုမှ ခွဲတမ်းချပေးတတ်သည့် အာဏာလွှမ်းမိုးမှုမရှိဘဲ စစ်မှန်သောပြဌာန်းပိုင်ခွင့်ကို ထုဆစ်နိုင်ရမည်လည်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်မှု

ထို့အတူ ကိုယ်ပိုင်အုပ်ချုပ်မှုသည် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကိုရည်ညွှန်းပြီး ၎င်းတို့ကိုယ်ပိုင်မူဝါဒများ ဆုံးဖြတ်ခွင့် အကောင်အထည်ဖော်ခြင်းတို့တွင် လွတ်လပ်စွာဆောင်ရွက်နိုင်သည့် အတိုင်းအတာဖြစ်သည်။

ယင်းကြောင့် တိုင်းရင်းသားဘက်က မျှော်မှန်းသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွင် ပြည်ထောင်စုအဆင့်မှ မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များ၊ လုပ်ပိုင်ခွင့်အာဏာ မသက်ရောက်တော့ဘဲ ဒေသဆိုင်ရာ အသေးစိတ်ကိစ္စမှ အမျိုးသားအဆင့် စည်းမျဉ်းများကို အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်တို့ရှိနေသည်။

ကိုယ်ပိုင်အုပ်ချုပ်မှုသည် အခြားသောပုံစံအမျိုးမျိုး ရှိနေအုံးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယင်းတို့အားလုံးတွင် ဆုံးဖြတ်ချက် ချမှတ်မှုများသည် ကိုယ်ပိုင်အုပ်ချုပ်မှုတွင် ကိုယ်ပိုင်ဟု ရည်ညွှန်းထားသည့် ကိုယ်ပိုင်နယ်နိမိတ်နှင့် အမြဲသီးသန့် ဆက်စပ်နေတော့သည်။

ယင်းအပြင် မိမိနယ်မြေကို ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်၊ အများပြည်သူဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ပြင်ပမှ ကြားဝင်စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ခိုင်မာစွာ တည်ဆောက်ပေးသင့်သည်။

ခွဲထွက်ခြင်း

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ပြည်ထောင်စုထဲက လုံးဝခွဲမရဟုပြောဆိုမှုမှာ အနာဂတ် ဖက်ဒရယ်ဘောင်ထဲတွင် သွတ်သွင်းထားပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း ပင်မ NCA လမ်းကြောင်းကို မောင်းနှင်နေသည်။

သို့သော်လည်း ကိုယ်ပိုင်ပြဌာန်းခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်း၏ပန်းတိုင်တွင် တိုင်းရင်းသားများသိထားသည့် ခွဲထွက်ခြင်းဆိုသည့်အဓိပ္ပာယ်တွင် ပြည်သူလူထုများ၏ဆန္ဒအရ ထွက်ခွာခြင်းဖြင့် နိုင်ငံသစ်တစ်နိုင်ငံ တည်ဆောက်ခြင်းအထိ မျှော်မှန်းမှုများရှိနေသည်။
ထို့အတူ ခွဲထွက်ခွင့်ကို ပြောလိုက်သည်နှင့်တပြိုင်နက် ပေါင်းစည်းခြင်းလည်း အလိုအလျှောက် ပါဝင်လာတတ်သည်။ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်၊ ပေါင်းစည်းလိုက ပေါင်းစည်းလိုခွင့်ကိုလည်း လက်ခံရမည်ဖြစ်သည်။

ခွဲထွက်ခြင်းကို ဘယ်သူပိုင်လဲ

စစ်အာဏာရှင်နှင့် အစိုးရအဆက်ဆက်တို့က ပြည်ထောင်စုဆိုသည့် ဘောင်ကန့်သတ်ချက်အောက်တွင် တိုင်းရင်းသားဒေသမှထွက်သည့် သယံဇာတအကျိုးအမြတ်များကို ဗဟိုချုပ်ကိုင်မှုစနစ်အောက်တွင် လိုသလို သုံးစွဲနေခြင်းကြောင့် ဒေသခံတို့ အကျိုးခံစားခွင့်မရှိဘဲ ဆင်းရဲခြင်းသံသရာထဲတွင် နစ်မြုပ်နေရသည်။

ထို့ကြောင့် တိုင်းရင်းသားများမှာ ပြည်ထောင်စုဆိုသည့် ပုံစံခွက်ထဲမှရုန်းထွက်ရန် စိတ်အားထက်သန်ခဲ့ကြပြီး ခွဲထွက်ခြင်း၊ ပေါင်းစည်းခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့မှာ လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေးအဖြစ် ခေတ်သစ်လူ့ဘောင်အဖွဲ့အစည်းက လက်ခံလာနေကြသည်။

ထိုသို့ဖြစ်ရခြင်းမှာလည်း ဒေသခံပြည်သူတို့နှင့် အဆင်မပြေသည့် နိုင်ငံရေးမူဘောင်တစ်ခုအောက်တွင် ပြည်သူတို့က မနေချင်တော့လျှင် (သို့မဟုတ်) ပေါင်းစည်းနေထိုင်၍ အဆင်မပြေနိုင်ဟု စိတ်ခံစားချက် ရှိလာခြင်းဖြစ်သည်။ ယင်းကြောင့် ခွဲမထွက်ရဆိုသည့်အချက်မှာ သက်ဆိုင်ရာဒေသများတွင် နေထိုင်သည့် ပြည်သူလူထု၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းဟုလည်း ဆိုနိုင်သည်။

မြန်မာ့နိုင်ငံရေးအခင်းအကျင်း၌ လက်နက်ကိုင်အင်အားစုများနှင့်အတူ အတိတ်သမိုင်းမှာ ခွဲထွက်ရေး အိပ်မက်များကို တော်လှန်ရေးအဖွဲ့အစည်းတိုင်းက ရည်မှန်းထားခဲ့သလို မြန်မာ့အမျိုးသားခေါင်းဆောင် တစ်ဦးကလည်း ခွဲထွက်ခွင့်ကိစ္စကို အာမခံခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်လာဖို့အတွက် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကာလတွင် တိုင်းရင်းသားများအား ၁၀ နှစ်ပေါင်းကြည့် နေထိုင်ကြပါ။ မကြိုက်လျှင်ခွဲထွက်ပါဟု ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများနှင့် သဟဇာတဖြစ်အောင် လုပ်ပေးနိုင်သူအဖြစ် ယုံကြည်ချက်၊ အရည်အချင်း အပြည့်အဝရှိကြောင်းလည်း ဆိုရပေမည်။ သို့သော်လည်း လွတ်လွပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံလိုက်ရသဖြင့် သူ့စကားကို အကောင်အထည်မဖော်ဆောင်နိုင်ခဲ့ပေ။

ထို့နောက် ၁၉၆၂ မှာ ဦးနေဝင်းအစိုးရက အာဏာသိမ်းမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကတိကဝတ်များ လုံးဝပျက်ပြယ်သွားရပြီး တိုင်းရင်းသားတို့၏ လက်နက်ကိုင်နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စပြဿနာကို စဉ်းစားကြရာတွင် ခွဲထွက်ခွင့်ဆိုသည့်အကြောင်းအရင်းကို လုံးဝနှုတ်ပိတ်ကာ ခံခဲ့ရသည်။

ယနေ့အချိန်တွင် ခွဲထွက်ရေးကိုမပြောအပ်သည့် စကားအသုံးအနှုန်းတစ်ခုအဖြစ် ထင်မှတ်တတ်ကြပြီး မတတ်သာ၍ ပေါ်ပေါက်လာသည့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း နောက်ဆက်ဆွေးနွေးမည်ဟုသာ ခေါက်ထားသည်။

ခွဲထွက်ခြင်း ဥပေဒများရှိ

အချို့နိုင်ငံ၏ ဖွဲ့စည်းပုံများတွင် ခွဲထွက်ခြင်းကို စည်းမျဉ်းထိန်းကျောင်းသည့် အတိအလင်းပြဌာန်းချက်များလည်း ရှိကြသည်။  ဥပမာအားဖြင့် အီသီယိုပီးယား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၄)တွင် လူမျိုးစုတစ်ခု သို့မဟုတ် ပြည်သူတစ်ရပ်၏ဆန္ဒအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ခွဲထွက်ခြင်းကို ခွင့်ပြုထားသည်။

၁၉၀၅ ခုနှစ်တွင် နော်ဝေနှင့် ဆွီဒင်တို့သည် အပြန်အလှန်သဘောတူညီမှုဖြင့် ခွဲထွက်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် ယူကေမှခွဲထွက်ရန် စကော့တလန်မှပြည်သူများ ဆန္ဒမဲပေးခဲ့သည့်ဖြစ်စဉ်အတွင်း နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းထားသည့် ခွဲထွက်ခြင်းတစ်ခု၏ ဥပမာပင်ဖြစ်သည်။ တခါတရံ ခွဲထွက်ခြင်းများအား တဖက်သတ် ကြေညာနိုင်ခြင်းလည်းဖြစ်သည်။

လူမျိုးကြီးဝါဒနှင့် ရိုးရှင်းသော တိုင်းရင်းသားတို့ ခံစားချက်

ထိုသို့ ပြည်သူလူထုဆန္ဒအပေါ် မူတည်နေသည့် ခွဲထွက်ရေးကိစ္စကို ပိတ်ပင်တားဆီးခြင်းအပေါ် ဆန်းစစ်ကြည့်လျှင် မြန်မာနိုင်ငံတွင် Identity ခေါ် လူမျိုးရေးသရုပ်လက္ခဏာအား အစဉ်အဆက် လူမျိုးစုတိုင်းက အသေကိုင်ထားတတ်ကြသည်ကို တွေ့မြင်နိုင်သည်။

အမှန်အားဖြင့် လူမျိုးကြီးဝါဒသည် တသမတ်တည်းကို ရည်ညွှန်းထား၍မရနိုင်သလို အသေကိုင်စွဲထားလို့ မရနိုင်ပေ။ ကာလဒေသ အပိုင်းအခြားအရ ပြောင်းလဲနိုင်သည့်အချက်တစ်ခု (သို့မဟုတ်) ပြောင်းလဲ၍ရသော အခြင်းအရာတစ်ခုနှင့် ညှိနှိုင်းတိုင်ပင်ရမည့် ကျယ်ပြန့်သောကိစ္စရပ်တစ်ခုဖြစ်နေသည်။

တိုင်းရင်းသားလူမျိုးစုအားလုံးသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်အေးချမ်းစွာနေလိုကြသည်။ ဖက်ဒရယ်စနစ် ဒီမိုကရေစီနိုင်ငံဆိုသော နိုင်ငံရေးစကားလုံးများထက် မိမိဒေသတွင် ဗမာများမရှိလျှင် အဆင်ပြေသည်ဆိုသည့် ရိုးရှင်းသော စဉ်းစားချက်များရှိကြသည်။

ထိုသို့ဖြစ်ပေါ်လာရခြင်းမှာလည်း တိုင်းရင်းသားဒေသနှင့် နီးစပ်သည့် အိမ်နီးရှင်းနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေကို နေ့စဉ်မြင်နေရသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပတ်ပတ်လည်ရှိ ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့၏ ပထဝီဝင်နိုင်ငံရေး၊ အကျိုးစီးပွားများကို တိုင်းရင်းသားတို့က အားကျတတ်ကြသည်။

EAOs အဖွဲ့များ

အာဏာသိမ်းမှုနောက်ပိုင်းမှ အသစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များမဟုတ်ဘဲ ယခင်ကတည်းကပင် ခေတ်အဆက်ဆက်အစိုးရကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ကျော်အထိ ရှိနေသည်။

၎င်းတို့မှာ (၁) မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ (၂) ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ (၃) ချင်းအမျိုးသားတပ်ဦး(CNF)၊ (၄) ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော်(DKBA)၊ (၅) ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ (၆) ကရင်နီတိုးတက်ရေးပါတီ (KNPP)၊ (၇) ကရင်အမျိုးသားအစည်းအရုံး(KNU)၊ (၈) ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ (၉) လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ (၁၀) မြန်မာ့တပ်မတော်(MA)၊ (၁၁) ကိုးကန့်(MNDAA)၊ (၁၂)၊ မိုင်းလား(NDAA)၊ (၁၃) မွန်ပြည်သစ်ပါတီ(NMSP)၊ (၁၄) နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K)၊ (၁၅) ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ (၁၆) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ (၁၇) ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ (၁၈) တအေဲာင်းပလောင်(TNLA)၊ (၁၈) ရက္ခိုင့်တပ်တော်(AA)၊ (၁၉) ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ (၂၀) ရခိုင်အမျိုးသားကောင်စီ(ANC/AA)၊ (၂၁) ရှမ်းနီအမျိုးသား တပ်မတော်(SNA)တို့ကို တွေ့ရသည်။

လက်ရှိစစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့များမှာ KNLA/PC၊ PNLO၊ ALP၊ DKBA၊ NMSP၊ RCSS၊ SSPP၊ UWSP၊ NDAA နှင့် LDU တို့ စုစုပေါင်း ၁၀ ဖွဲ့ရှိနေပြီး စစ်ရေးတင်းမာနေမှုကြောင့် ကျန်(၁၀)ဖွဲ့မှာ မဆွေးနွေးဘဲရှိသည်။

အထက်ပါအဖွဲ့များတွင် တစ်ဖွဲ့ချင်းစီ၏ နိုင်ငံရေးခံယူချက် ဖြတ်သန်းမှုသမိုင်းနှင့် လားရာ၊လာရာလမ်းတို့ မတူညီကြပေ။ ဒေသနေပြည်သူတို့ သဘောထားနှင့် အားပေးထောက်ခံမှုတို့ကလည်း ကွဲပြားနေသည်။  ယင်းကြောင့် လက်ရှိတွင် စစ်ကောင်စီနှင့်မဆွေးနွေးပဲ ကျန်ရှိနေသည့် EAOs အဖွဲ့အချို့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခြင်းနှင့်အတူပါလာသည့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုသည့် နောင်မှာခွဲထွက်ခွင့် ရည်မှန်းချက်ခရီးအထိ တာဆူထားသူများရှိနေသည်ကို တွေ့ရသည်။

နိဂုံး

လက်ရှိမြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့် စသည်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပေးထားသည်။ သို့သော်လည်း အဆိုပါဒေသများမှာ ဗဟိုချုပ်ကိုင်မှုစနစ်အောက်က မလွတ်ကင်းသည့်အတွက် ဝေဖန်မှုများရှိနေခြင်းကို တွေ့ရသည်။ ထို့အတွက် ၂၀၀၈ ခြေဥအောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ ရေရှည်အဆင်ပြေမလား။

ယင်းကြောင့် ကိုယ်ပိုင်ပြဌာန်း၊ အုပ်ချုပ်ခြင်းတွင် မည်ကဲ့သို့သောနိုင်ငံ၊ မည်သို့သောလူ့ဘောင်၊ မည်သို့သော အတူတကွယှဉ်တွဲနေထိုင်မှု၊ မည်သို့သောတန်းတူရေး၊ နိုင်ငံသားတို့၏လုံခြုံမှု စသည့်အချက်များကို တိကျသောကတိကဝတ်ဖြင့် အာမခံပေးရမည်လည်းဖြစ်သည်။

အချုပ်အားဖြင့် မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ခွဲထွက်ခွင့်၊ ပေါင်းစည်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု စသည့်စကားလုံးများအကြား၌ အနက်အဓိပ္ပာယ်တစ်ခုချင်းစီ၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များသည် ရှုပ်ထွေးပြီး ဝေဝါးနေအုံးမည်ဖြစ်ကြောင်း ရေးသားလိုက်ရသည်။

ဂေါင်-ရေးသည်။