စစ်ကောင်စီ ဖိနှိပ်မှုနှင့် ကြံ့ကြံ့ခံ ရခိုင်လူထု

စစ်ကောင်စီ၏ ဖိနှိပ်အုပ်ချုပ်မှုဒဏ်မှ အလုံးစုံကင်းလွှတ်နိုင်ရေးမှာ အာဏာရှင်စနစ် အမြစ်ပြတ်ရန် လိုအပ်ပြီး “ကြားကာလမှာတော့ ပြည်သူတွေအနေနဲ့ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အရေးကြီးတယ်” 

By Admin 28 Mar 2024

စစ်ကောင်စီ ဖိနှိပ်မှုနှင့် ကြံ့ကြံ့ခံ ရခိုင်လူထု

မင်းထွန်း - ရေးသည်။

ရခိုင်စစ်ပွဲကို ရက္ခိုင့်တပ်တော်(AA)က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ စစ်ကောင်စီနယ်ခြားစောင့်စခန်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်ကာ စစ်မျက်နှာပြန်ဖွင့်ခဲ့သည်။

တိုက်ပွဲလေးလကျော်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ရာနှင့်ချီကို AA က သိမ်းပိုက်ထားသည့်အပြင် ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ် တို့ကိုလည်း ထိန်းချုပ်ထားသည်။ လက်နက်ချ အညံ့မခံသေးသော စစ်ကောင်စီ၏ လက်ကျန်စခန်းအားလုံးကို ထပ်မံသိမ်းပိုက်ရရှိရေး ကြိုးပမ်းနေကြောင်း AA က ထုတ်ပြန်ထားသည်။

ရခိုင်စစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရှုံးမဲမဲကာ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လူမျိုးရေးအရ ဖိနှိပ်မှု၊ နှိပ်ကွက်မှုများနှင့် သွေးထိုးလှုံံ့ဆော်မှုများကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိနေသည်။

■ ပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်း

ရခိုင်ဒေသတွင် တပ်စခန်း၊ မြို့များ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ပြည်သူများကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည်။

အရပ်သားများနေထိုင်ရာ မြို့/ရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနိက အဆောက်အအုံများကို ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှရှိနေပြီး ပြည်သူများမှာ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရသည်။

“စစ်ကောင်စီလေယာဉ်တွေလာရင် ဗုံးကြဲသွားမလားဆိုပြီး အမြဲကြောက်လန့်နေရတယ်။ အသက်အန္တရာယ် လုံခြုံမှုမရှိဘူး” ဟု မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ်ရက်ဆက်ရှိနေပြီး ယခုလအတွင်း စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်တို့တွင် အရပ်သားရာနှင့်ချီ ထိခိုက်သေဆုံးခဲ့ရသည်။

“စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျုးလွန်တာတွေကို နေ့တိုင်းကျုးလွန်လျက်ရှိတယ်” ဟု မတ်လ ၂၅ ရက် AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထူးသဖြင့် စစ်ကောင်စီသည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့/ရွာများကို လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

“AA သိမ်းထားတဲ့ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးတွေ မလုပ်ရဲအောင် ပစ်ခတ်နေတာလို့ မြင်တယ်။ ပြီးရင် AA ကို ထောက်ခံတဲ့ ပြည်သူတွေကိုလည်း အကြောက်တရားတွေ ကိန်းဝပ်သွားအောင် လုပ်နေတာဖြစ်တယ်” ဟု ရခိုင်က လူမှုရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲများဖြစ်ပွားနေမှုအပါအဝင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ရခိုင်ပြည်သူများမှာ စိုးရိမ်ကြောင့်ကြမှုနှင့် စိတ်ဖိစီးမှု များပြားလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ထုတ်ပြန်ထားသည်။

■ ရခိုင်လူထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှု

တိုက်ပွဲစဖြစ်သည်နှင့်တပြိုင်နက် စစ်ကောင်စီက ရခိုင်ဒေသကို ကုန်လမ်း၊ ရေလမ်းပိတ်ဆို့လိုက်၍ ပြည်သူများမှာ ကုန်စည်၊ စားနပ်ရိက္ခာ၊ ဆေးဝါး ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။ တပြိုင်တည်းတွင် ရခိုင်ဒေသခံများကို AA နှင့်ဆက်စပ်သည်ဟု အကြောင်းပြပြီး ဖမ်းဆီးတရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ဒေသတွင်းလူမှုကူညီရေးအဖွဲ့များနှင့် နိုင်ငံတကာ လူသားချင်းစာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကိုလည်း သွားလာခွင့်ကန့်သတ်ပိတ်ပင်ထား၍ သိန်းနှင့်ချီသော စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွာစွာ ကြုံတွေ့နေရသည်။

“နေဖို့ထက် စားဖို့က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။ ကျမတို့ အသက်ဆက်ရှင်ဖို့အတွက် ဘယ်အဖွဲ့ရဲ့ အကူအညီတွေကိုမဆို မျှော်လင့်နေပါတယ်” ဟု ပေါက်တောမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ သုံးသိန်းကျော်အထိ ရှိလာကြောင်း UNOCHA ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ၊ နေထိုင်ရေးနှင့် အမိုးအကာတို့ကို အရေးပေါ်လိုအပ်နေကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဒု-ဥက္ကဌ မနှင်းသဇင်လှိုင်က ပြောသည်။

“စားစရာမရှိတဲ့ မိသားစုတွေက အရမ်းကိုများပြားနေပါတယ်။ ငတ်ပြတ်နေကြတဲ့ မိသားစုတွေဆိုရင် ရွာထဲဝင်ပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် အလှူခံပြီးတော့ စားသောက်နေရတယ်” ဟု သူက ပြောသည်။

■ လူမျိုးရေးအခြေခံ ဖိနှိပ်မှု

မြို့နယ် ၉ ခုကို AA လက်ထဲသို့ ထိုးအပ်လိုက်ရပြီးနောက် စစ်ကောင်စီသည် ရခိုင်ဒေသတွင်းရှိ ပြည်သူများကို ပို၍ဖိနှိပ်လာရုံသာမက ပြည်မရောက် ရခိုင်များကိုလည်း ဖိနှိပ်မှုများရှိလာသည်။ ရခိုင်ပြည် မှတ်ပုံတင်အမှတ် ၁၁/ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်သူများကို ပြည်တွင်းခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လာခြင်းဖြစ်သည်။

၁၁/ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကိုင်ဆောင်သူများကို နိုင်ငံအတွင်း မည်သည့်နေရာသို့မျှ သွားလာခွင့်မပြုရန်နှင့် လက်မှတ်များ မရောင်းချကြရန် အဝေးပြေးယာဉ်လိုင်းများနှင့် ခရီးသွားအေဂျင်စီများကို မတ်လ ၁၈ ရက်တွင် စစ်ကောင်စီက ညွှန်ကြားစာပေးပို့ခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် ရခိုင်ဒေသခံတစ်ဦးက “ဒီကာလမှာဆိုရင် ရခိုင်ကနေ ရန်ကုန်ကို အားကိုးတကြီးနဲ့ စစ်လာရှောင်တဲ့လူတွေ အများကြီး။ သူတို့ဆိုရင် ခဏတဖြုတ်ဆိုပြီး လာခဲ့ကြတာ။ အလုပ်ကလည်းမရှိဘူး။ အခု ရခိုင်ကိုပြန်ဖို့ကလည်း အဆင်မပြေတော့ တော်တော်လေးကြောက်လန့်နေကြတာကို တွေ့ရတယ်” ဟု ပြောသည်။

၁၁/ ကိုင်ဆောင်သူများကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ခြင်းမှာ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ရာရောက်သလို လူမျိုးရေးပြဿနာဖြစ်အောင် အစဖော်နေခြင်းဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ နှိမ်တာမျိုးဖြစ်တယ်။ အထူးသဖြင့် ရခိုင်တွေကိုဆိုရင် အသေအလဲမုန်းတယ်။ ULA ကို မကြိုက်ဘူး။ စစ်ပွဲတွေမှာလည်း စစ်ကောင်စီက အမြဲတမ်းရှုံးနိမ့်နေတဲ့အခါကျတော့ ဒီအပေါ်မှာ ဘာမှမဆိုင်ဘဲနဲ့ လူမျိုးရေးပြသနာဖြစ်အောင် အစဖော်တာလည်း ဖြစ်မယ်” ဟု သူက ပြောသည်။

■ လူမျိုးရေးအခြေခံ သွေးထိုးလှုံ့ဆော်မှု

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ရခိုင်ဒေသ၌ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်ပြီး မွတ်ဆလင်များအား အဓမ္မ စစ်သင်တန်းပေး၍ စစ်တိုက်ရန် ခိုင်းစေလာသည်။ ရခိုင်လူထုထောက်ခံမှု အပြည့်အဝ ရရှိထားသော “ရက္ခိုင့်တပ်တော်(AA)အား အလိုမရှိကြောင်း” ဆန္ဒပြကြရန် ဖိအားပေးလုပ်ဆောင်နေသည်။

မတ်လ ၂၁ ရက်က စစ်တွေမြို့တွင် မွတ်ဆလင်များက “AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ တိုက်ပွဲ အလိုမရှိ၊ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးကို ဖျက်ဆီးနေသည့် NUG၊ AA အလိုမရှိ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မတ်လ ၁၉ ရက်ကလည်း ဘူးသီးတောင်မြို့တွင် ရာနှင့်ချီသော မွတ်ဆလင်များသည် “AA အလိုမရှိ၊ တိုက်ပွဲ အလို မရှိ၊ ဘူးသီးတောင်မြိုကို ကာကွယ်ကြ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မ စေခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကြောင့် အဆိုပါဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဟု မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆန္ဒပြတဲ့ မွတ်ဆလင်တွေဟာ စစ်ကောင်စီက ကြိုးကိုင်ထားသူတွေဖြစ်တယ်။ စစ်ကောင်စီက အတင်းအဓမ္မ ဆန္ဒပြခိုင်းတဲ့အတွက် ဆန္ဒပြသူတွေဖြစ်တယ်။ ဒါက ရခိုင်နဲ့ မွတ်ဆလင် လူမျိုးနှစ်ခုကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်နေတာဖြစ်တယ်” ဟု ဘူးသီးတောင်မြို့မှ မွတ်ဆလင် ဘာသာရေးဆရာတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)ကလည်း စစ်ကောင်စီသည် လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်၍ မွတ်ဆလင်များအား အတင်းအဓမ္မစေခိုင်းကာ ဆန္ဒပြပွဲများပြုလုပ်နေသည်ဟု မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ(FRC) ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က “ဒေသခံရိုဟင်ဂျာ (မွတ်ဆလင်)တွေအနေနဲ့ အခုလို ဖိအားပေးခြိမ်းခြောက်ပြီး ပါဝင်ခိုင်းနေတာကို ရခိုင်ညီအစ်ကိုမောင်နှမတွေက နားလည်မှုလွှဲပြီး တင်းမာမှုတွေဖြစ်လာမှာကို အထူးစိုးရိမ်နေကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်သူများအနေဖြင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်နေသော စစ်ကောင်စီ၏ နိုင်ငံရေးထောင်ချောက်ထဲသို့ သက်ဆင်းမသွားစေရန် သတိထားစောင့်ကြည့်ကြဖို့ AA က တိုက်တွန်းထားသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီသည် ရခိုင်ဒေသတွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့်အပြင် မွတ်ဆလင်များကိုလည်း စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်လျက်ရှိသည်။ ထို့ကြောင့် မွတ်ဆလင်အများအပြားမှာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ဖိနှိပ်အုပ်ချုပ်မှုဒဏ်မှ အလုံးစုံကင်းလွှတ်နိုင်ရေးမှာ အာဏာရှင်စနစ် အမြစ်ပြတ်ရန် လိုအပ်ပြီး “ကြားကာလမှာတော့ ပြည်သူတွေအနေနဲ့ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အရေးကြီးတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။