နွေဦးတော်လှန်ရေး ကန့်လန့်ကာနောက်ကွယ်က ရက္ခိုင့်တပ်တော်

(၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ကြသည်။ ထိုသို့ပေးပို့ကြသည့်အထဲတွင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့တစ်ချို့က ရက္ခိုင့်တပ်တော်၏ ကူညီထောက်ပံ့မှုအပိုင်းအစများကို ဖော်ပြလိုက်ကြသည်။ လတ်တလောတွင် ရက္ခိုင့်တပ်တော်သည် တော်လှန်ရေးအဖွဲ့အစည်း အနည်းဆုံးလေးဖွဲ့ကိုကူညီထားကြောင်း တွေ့ရှိရသည်။

By နေမျိုးလင်း 23 Apr 2022

DMG ၊ ဧပြီ ၂၃

(ဆောင်းပါး)

စစ်အာဏာသိမ်းပြီးနောက်တွင် ရခိုင်ပြည်သူလူထုနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကို အခြားသူများက “ဘေးထွက် ထိုင်ကြည့်နေကြသူများ”ဟု အမြင်ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၂၁ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကို ရခိုင်ပြည်သူလူထုက ဆန့်ကျင်ကြောင်း တွင်တွင်ကျယ်ကျယ်မပြသကြသကဲ့သို့ AA အနေဖြင့်လည်း မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသောကြောင့်ဖြစ်သည်။

ထို့ပြင် ရခိုင်အင်အားကြီးပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလိုသည့်အနေအထားတစ်ခုကို လမ်းခင်းခဲ့သဖြင့် ဝေဖန်မှုများပိုမိုမြင့်တက်စေခဲ့သည်။ ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်ကို နိုင်ငံတော်အဆင့် စစ်ကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အခြားထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဇော်အေးမောင်ကို ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်ကခန့်အပ်ခဲ့သည်။

ရခိုင်ပြည်သူလူထုအများစုမှာ စစ်အာဏာသိမ်းမှုအပေါ် ရေငုံနှုတ်ပိတ်သယောင်ရှိနေကြသော်လည်း အာဏာသိမ်းမှုကို ထောက်ခံသည်ဟုဆိုလို၍မရပေ။ စစ်အာဏာသိမ်းပြီး ပူပူနွေးနွေးအချိန်တွင် သံတွဲ၊ တောင်ကုတ်၊ မာန်အောင်မြို့နယ်များတွင် ဒေသခံအမြောက်အများ ဆန့်ကျင်ဆန္ဒပြခဲ့ကြသကဲ့သို့ ရန်ကုန်ရောက် ရခိုင်ပြည်သူများမှာလည်း ဆန္ဒဖော်ထုတ်ခဲ့ကြသေးသည်။

ယင်းနောက်ပိုင်းတွင် ဆန္ဒပြသူများ တစ်ဦးပြီးလျှင်တစ်ဦး ဖမ်းဆီးခံရမှု ဆက်တိုက်ကြုံတွေ့လာရသောကြောင့် ရခိုင်ကမြို့နယ်များမှာ ဆန္ဒပြပွဲများရပ်တန့်ခဲ့ရသည်။ သို့သော် နိုင်ငံအနှံ့တွင်တော့ အာဏာသိမ်းမှုကိုဆန့်ကျင်မှု ရပ်တန့်မသွားဘဲ နည်းလမ်းမျိုးစုံဖြင့်တွန်းလှန်ကြသည်။ အနုနည်းဖြင့် လမ်းမပေါ်ဆန္ဒပြ၍ မရသောအခါ တစ်နိုင်ငံလုံးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ ပေါ်ပေါက်လာပြီး မြန်မာစစ်တပ်ကို လက်နက်စွဲကိုင်တိုက်ခိုက်လာကြသည်။

ထိုသို့အကြောင်းအရာများကြောင့် တစ်နိုင်ငံလုံးတွင် တည်ငြိမ်မှုပျောက်ဆုံးနေသည့်အချိန်တွင် ရခိုင်ပြည်နယ်မှာတော့ တည်ငြိမ်လျက်ရှိသည်။ ရခိုင်ပြည်သူလူထု၏ ထောက်ခံမှုအများအပြားရရှိထားသည့် AA ကလည်း စစ်ပန်းနေသည့်ဒေသကို အနားပေးစေလိုကာ တည်ငြိမ်မှုကို ဆက်လက်ထိန်းထားလိုသည်က တစ်ကြောင်း၊ အခြားတစ်ဖက်တွင် မြန်မာစစ်တပ်ကလည်း နိုင်ငံတဝှမ်းတွင် အင်အားသုံးတိုက်ခိုက်နေကြရာ အင်အားကြီးမားသည့် AA နှင့် တိုက်ပွဲမဖြစ်ပွားလိုသည့် အခြေခံအကြောင်းအရင်းများကြောင့် ငြိမ်သက်နေသည်ဟု ဆိုရမည်။

ရခိုင်လူထုနှင့်ရက္ခိုင့်တပ်တော်၊ ရက္ခိုင့်တပ်တော်နှင့်ရခိုင်လူထုကို ခွဲခြား၍မရပေ။ ထို့ကြောင့် ပြည်သူလူထုများသည် ရက္ခိုင့်တပ်တော်ကချမှတ်ထားသည့် ရက္ခိတလမ်းစဉ်အောက်တွင် လျှောက်လှမ်းနေကြပြီး တစ်သားတည်းရပ်တည်နေကြောင်း ပြသကြသည်။

တိုက်ပွဲများ ရပ်တန့်နေသည့်ကာလတွင် AA သည် အုပ်ချုပ်ရေးယန္တရားကို အခိုင်အမာတည်ဆောက်နေပြီး တရားစီရင်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်နေသည်။ ထိုကဲ့သို့လုပ်ရပ်များသည်ပင် စစ်ကောင်စီကို လက်နက်ကိုင်ပြီး မတိုက်ခိုက်သော်လည်း “သူ့အုပ်ချုပ်ရေးကို ကိုယ့်အုပ်ချုပ်ရေး”အဖြစ် အစားထိုးကာ လက်နက်မသုံးဘဲ တော်လှန်နေခြင်းဖြစ်ပေသည်။

အာဏာသိမ်းပြီးနောက်တွင် ရက္ခိုင့်တပ်တော်သည် နွေဦးတော်လှန်ရေးတွင် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အလုံးစုံ ပါဝင်းခြင်းဖြစ်စေ ပူးပေါင်းပါဝင်မှုမည်သို့ရှိနေသည်ကို ထုတ်ဖော်ပြသခြင်းမရှိပေ။ နွေဦးတော်လှန်ရေးတွင် တိုက်ပွဲဝင်နေသည့်လူငယ်များကို လေးစားကြောင်းနှင့် PDF ကို ချီးကျူးအသိအမှတ်ပြုကြောင်းပြောဆိုကာ မိမိတို့မှာ ရက္ခိတလမ်းစဉ်အတိုင်းသာသွားမည်ဟု ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားထားသည်။ မည်သို့ပင်ဆိုစေကာမူ ဗမာလူထုတစ်ချို့သည် နွေဦးတော်လှန်ရေးတွင်မပါဝင်ဟု ရက္ခိုင့်တပ်တော်ကို ပြစ်တင်ဝေဖန်ကြသည်။

သို့သော်လည်း ပြစ်တင်ဝေဖန်သူများကို အံ့အားသင့်စေသည့်အရာများကို မကြာသေးခင်က ကျရောက်ခဲ့သည့်  ဧပြီလ ၁၀ ရက်၊ ရက္ခိုင့်တပ်တော်နေ့တွင် ထုတ်ဖော်ပြသခဲ့ကြသည်။ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တပ်ဖွဲ့ကိစ္စရပ်များနှင့်ပတ်သက်ပြီး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရာမှ တော်လှန်ရေး၏ နောက်ကွယ်မှနေပြီး မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်ကြောင်းကို ပထမဆုံးအကြိမ် ဖွင့်ဟပြသလိုက်ခြင်းလည်းဖြစ်သည်။

(၁၃)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းအသီးသီးမှ သဝဏ်လွှာများ ပေးပို့ကြသည်။ ထိုသို့ပေးပို့ကြသည့်အထဲတွင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့တစ်ချို့က ရက္ခိုင့်တပ်တော်၏ ကူညီထောက်ပံ့မှုအပိုင်းအစများကို ဖော်ပြလိုက်ကြသည်။ လတ်တလောတွင် ရက္ခိုင့်တပ်တော်သည် တော်လှန်ရေးအဖွဲ့အစည်း အနည်းဆုံးလေးဖွဲ့ကိုကူညီထားကြောင်း တွေ့ရှိရသည်။

ထင်ရှားသည့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကဗျာဆရာ မောင်ဆောင်းခ ခေါင်းဆောင်သည့်  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း မိမိတို့အဖွဲ့ ဖြစ်မြောက်အောင်မြင်စေရေးအတွက် အခြားသော မဟာမိတ်များနှင့်အတူ အဖက်ဖက်မှ ကူညီထောက်ပံ့ပေးနေခြင်းများကို မှတ်တမ်းတင် ဂုဏ်ပြုသည်ဟု သဝဏ်လွှာတွင်ရေးထားသည်။

ထို့ပြင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(ရန်ကုန်)၏ ကျောင်းသားလက်ရုံး တပ်တော်ကလည်း ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေမှာ အခြေခံစစ်ပညာသင်ယူခဲ့ပြီး တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် မိမိတို့တပ်တော်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်ဟု ဆိုထားသည်။

အလားတူ လူထုတော်လှန်ရေးမဟာမိတ်(PRA-Magway)၊ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့(MDF)တို့ကလည်း လက်နက်ပံ့ပိုးကူညီမှု၊ သင်တန်းပို့ချမှု၊ စစ်ရေးဆိုင်ရာ ထောက်ပံ့မှု၊ စစ်ရေးဆိုင်ရာနည်းဗျူဟာများ အကြံဉာဏ်များဖြင့် ကူညီထောက်ပံ့မှုများရှိကြောင်း သဝဏ်လွှာများတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အထက်ပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများကို ကူညီခြင်းဖြင့် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေခြင်းဟု ဆိုလို၍ရနိုင်သည်။ ထို့ပြင် ရက္ခိုင့်တပ်တော်သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်မှုအချို့ ရှိနေသည်ဟုလည်း သတင်းများကဆိုသည်။

တစ်ဖက်တွင်လည်း ယခုကာလတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်။ ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၈ ခု၊ နှစ်ကုန်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်တွင်မှ တိုက်ပွဲရပ်တန့်ခဲ့သည်။ တိုက်ပွဲရပ်တန့်နေသည်မှာလည်း သာမန်နားလည်မှုသဘောဖြင့်သာ ရပ်စဲထားခြင်းဖြစ်သဖြင့် နားလည်မှုများပျက်ပြေသွားလျှင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်။

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးလာနေသောကြောင့် သည်းမခံနိုင်သည့်အနေအထားရှိလာလျှင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား လာနိုင်ကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧပြီလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များတွင်ရှိသည့် နယ်မြေတရားရုံးအနီးအနားတို့တွင် မြန်မာစစ်တပ်ဘက်က ဝင်ရောက်ရှာဖွေစစ်ဆေးမှုများရှိနေသည့်အပြင် တရားရုံးအနီးအနားတို့တွင်လည်း စစ်ကြောင်းလှုပ်ရှားမှုများရှိသည်ဟု ၎င်းကပြောသည်။

“ULA တရားရုံးမှာတိုင်ရင် ဥပဒေအရအရေးယူမယ်ဆိုပြီးတော့ ပြည်သူတွေကိုခြိမ်းခြောက်တာတွေ တွေ့နေရပါတယ်။ ကျနော်တို့အနေနဲ့ (စကစ)ဘက်က ဒီလိုမျိုးဆက်တိုက်လှုပ်ရှားနေတာကို အထူးသတိထား စောင့်ကြည့်နေပါတယ်။ သည်းမခံနိုင်တဲ့အနေအထားမှာ ထိပ်တိုက်တွေ့မှုတွေဖြစ်ပွားလာနိုင်ပြီးတော့ ရခိုင်မှာ စစ်ပွဲတွေဆက်တိုက်ဖြစ်သွားနိုင်ပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးတွင် လှုပ်ရှားနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို ရက္ခိုင့်တပ်တော်က ထောက်ပံ့ကူညီပေးနေသည်ကိုလည်း ကြိုက်နှစ်သက်မည်မဟုတ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဆက်ဆံရေးကောင်းမွန်ပြီး နီးစပ်သွားမည်ကိုလည်း စိုးရိမ်ပုံပေါက်သည်။ တစ်ဖက်တွင် လက်နက်အင်အား၊ လူအင်အားတောင့်တင်းသည့် ရက္ခိုင့်တပ်တော်ကဲ့သို့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု နွေဦးတော်လှန်ရေးတွင် ပိုမိုပါဝင်ရန် NUG က မလွဲမသွေ လိုလားမည်ပင်ဖြစ်သည်။

မိမိတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးမှသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းမျာနှင့်အတူ ပူးပေါင်းလက်တွဲ၍ အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒပြင်းပြ ထက်သန်လျက်ရှိသည်ဟု NUG က မတ်လ ၂၄ ရက်နေ့က ရက္ခိုင့်တပ်တော်ကို စာပေးပို့ခဲ့သည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီအနေဖြင့် ရက္ခိုင့်တပ်တော်နှင့် အလွတ်သဘောတွေ့ဆုံလိုသည်ဟု ကမ်းလှမ်းထားသည်။ ထိုကမ်းလှမ်းချက်အပေါ် ရက္ခိုင့်တပ်တော်နေ့ နောက်ပိုင်းမှသာလျှင် အကြောင်းပြန်ကြားသွားမည်ဟု ဦးခိုင်သုခကပြောဆိုထားသည်။ ထိုတွေ့ဆုံပွဲသာ အတည်ဖြစ်သွားပြီး ဆွေးနွေးမှုများအောင်မြင်ပါက မြန်မာနိုင်ငံရေးအလှည့်အပြောင်း တစ်စုံတစ်ရာဖြစ်သွား မည်ပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ရက္ခိုင့်တပ်တော်နှင့် ရခိုင်လူထုများကို နွေဦးတော်လှန်ရေးတွင်ပါဝင်မှုမရှိဟု မည်သို့ပင် ပြောဆိုကြသော်လည်း ကန့်လန့်ကာနောက်ကွယ်မှ ပံ့ပိုးကူညီမှုများကို ယခုအခါ ထင်ထင်ရှားရှား မြင်တွေ့နေရပြီ။ ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီနှင့် NUG ကြားတွင် နိုင်ငံရေးအရ မည်သို့ရပ်တည်မည်နည်း ဆိုသည်မှာလည်း စိတ်ဝင်စားစရာဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

နေမျိုးလင်း-ရေးသည်

ဗီဒီယိုများ