ရေစီးနဲ့အတူမျှောပါသွားတဲ့ တောင်သူတွေရဲ့ ချွေးစက်များ

အခက်အခဲအမျိုးမျိုးကြားမှ ငွေအား၊ လူအားပေးဆပ်ကာ စိုက်ပျိုးထားသော စပါးပင်များအား တခဏအတွင်း ဆုံးရှုံးလိုက်ရ၍ မုဆိုးမဒေါ်မသိန်းဟန်တစ်ယောက် ကူရာမဲ့ဖြစ်နေသည်။ 

By Admin 22 Aug 2024

ရေစီးနဲ့အတူမျှောပါသွားတဲ့ တောင်သူတွေရဲ့ ချွေးစက်များ

အောင်မင်း - ရေးသားသည်။ 

ကျောက်တော် - မြောက်ဦး ကားလမ်းတစ်လျှောက် လယ်ကွင်းများရှိ တစ်လသားအရွယ်မျှ စပါးပင်များမှာ ရေတဝက်တစ်ပျက်နှင့် ရွံ့နွံများဖုံးလွှမ်းကာ မြေကြီး၌ ပြားပြားဝပ်ကာ သေကြေပျက်စီးနေကြသည်။ 

ယိုင်လဲပျက်စီးနေသော စပါးခင်းများကိုကြည့်ရင်း ဒေါ်မသိန်းဟန်က “ရှိသမျှအကုန်ရင်းပြီး စိုက်ထားရတာမို့ အများကြီး မျှော်လင့်ထားတာ။ အခုတော့ မျှော်လင့်ချက်တွေ အကုန်ရေစီးနဲ့ ပါသွားသလိုပါပဲ” ဟု ပြောသည်။ 

အခက်အခဲအမျိုးမျိုးကြားမှ ငွေအား၊ လူအားပေးဆပ်ကာ စိုက်ပျိုးထားသော စပါးပင်များအား တခဏအတွင်း ဆုံးရှုံးလိုက်ရ၍ မုဆိုးမဒေါ်မသိန်းဟန်တစ်ယောက် ကူရာမဲ့ဖြစ်နေသည်။ တစ်ဦးတည်း ရုန်းကန်စိုက်ပျိုးထားသော လယ် (၁၀)ဧကလုံး ရေနစ်ပျက်စီးသွားပြီး စပါးပင်များ ပြန်လည်သန်ရှင်ရန်မှာ မသေချာတော့ပေ။

ဒေါ်မသိန်းဟန်နေထိုင်သည့် ကျောက်တော်မြို့နယ်၊ မဟာမုနိကျေးရွာတွင် တောင်သူ ၁၅ ဦး၏ လယ်ဧက စုစုပေါင်း ၇၀ ကျော်မှာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသဖြင့် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေကြရသည်။ 

“နွံတွေက အကုန်လုံး ဖုံးလွှမ်းသွားတာ။ စပါးပင်တွေက နွံအောက်မှာ ဖိသတ်ခံရလိုဖြစ်သွားတယ်။ စပါးပင်တွေက လသားအရွယ်ပဲရှိသေးတော့ ပြန်ရှင်ဖို့က မမျှော်လင့်နိုင်တော့ဘူး” ဟု ဒေါ်မသိန်းဟန်က ပြောသည်။ 

ဇူလိုင်လကုန်မှစ၍ အဆက်မပြတ်ရွာသွန်းနေသော မိုးကြောင့် လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေ မြင့်တက်ကာ ရခိုင်ပြည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည်။ လယ်ဧက သုံးသောင်းကျော်မှာ နေနစ်ပျက်စီးသွား၍ လယ်သမားများမှာ အတိဒုက္ခရောက်ခဲ့ရသည်။ 

ဓာတ်မြေဩဇာရှားပါးမှု၊ သွင်းအားစုစရိတ်ကြီးမားမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် လေကြောင်းအန္တရာယ်ကြားမှ ခက်ခက်ခဲခဲစိုက်ပျိုးထားသော စပါးပင်များမှာ ဒီရေနှင့်အတူပါသွားပြီဟု ဦးမောင်သန်းအောင်က ဖွင့်ဟလာသည်။ 

“ရှိသမျှရင်းပြီး လူပင်ပန်း၊ စိတ်ပင်ပန်းခံပြီး ကြိုးကြိုးစားစားစိုက်ပျိုးထားတာ။ အခု အောက်ခြေကနေ ဖြတ်ရိုက် လိုက်သလိုဖြစ်သွားပြီ။ ဘာလုပ်ရမှန်းတောင် မတွေးတတ်တော့ဘူး” 

မြောက်ဦးမြို့နယ်၊ တောင်ဦးကျေးရွာဇာတိ ဦးမောင်သန်းအောင်မှာ လယ်ယာလုပ်ငန်းတစ်ခုတည်းဖြင့် အသက်မွေးလာသူဖြစ်သည်။ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောစပါးပင်များမှာ ပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်မရှိတော့၍ လာမည့်နှစ် မိသားစုစားဝတ်ရေးအတွက် တွေးပူနေလေသည်။

တောင်သူများ၏ ယခုနှစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ကြရသည်။ စက်သုံးဆီ တစ်ပီပါလျှင် ငွေကျပ် သိန်း ၃၀၊ ဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၃ သိန်းနှင့်အထက်ကို လုပ်အားခစရိတ် ထည့်ပေါင်းတွက်ချက်ပါက လယ်တစ်ဧက စိုက်ပျိုးစရိတ်မှာ အနည်းဆုံး ငွေကျပ် ၁၃ သိန်းခန့် ကုန်ကျသည်။ 

ယင်းကြားထဲ သဘာဝဘေးအန္တရာယ်ကြောင့် ကြိုးစားသမျှ အရာမထင်ခဲ့ပေ။ ပျက်စီးသွားသော လယ်ဧကများကို ပြန်လည်စိုက်ပျိုးရန်မှာ မျိုးစပါးရှားပါးမှု၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည်တို့ကိုဝယ်ယူရန် ငွေကြေးအရင်းအနှီး မရှိတော့သဖြင့် ပြန်စိုက်ပျိုးရန် အခက်အခဲများ ရှိနေကြသည်။ 

“မပျက်စီးဘဲကျန်ခဲ့တဲ့ စပါးပင်တွေက ဝမ်းစာရနိုင်ဖို့ကိုပဲ အားကိုးရတော့မယ်။ ပျက်စီးသွားတဲ့ လယ်ဧကတွေကို ပြန်စိုက်ပျိုးနိုင်ဖို့ကတော့ အလှမ်းဝေးသွားပြီ” ဟု တောင်ဦးကျေးရွာက ဒေါ်စိန်စိန်သန်းက ပြောသည်။ 

ရခိုင်တွင် မိုးရာသီကာလရောက်တိုင်း ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့လာရပြီး နှစ်စဉ် လယ်ဧကသောင်းနှင့်ချီ ပျက်စီးဆုံးရှုံးနေရသည်။ ပြီးခဲ့သည့်နှစ်ကလည်း လယ်ဧက ၇ နှစ်သောင်းကျော် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ကျွဲ၊ နွား၊ ဝက်၊ ကြက် တိရစ္တာန်သေဆုံးမှု အများအပြားရှိခဲ့သည်။ 

“ရသမျှကိုစုဆောင်းပြီး လယ်စိုက်ပျိုးတယ်။ စိုက်ပျိုးလို့မပြီး အကုန်လုံး ပေးဆပ်လိုက်ရတယ်။ ကြာလာရင် လယ်စိုက်ဖို့တောင် မတွေးရဲတော့ဘူး။ ဒါပေမဲ့ နောက်ထပ် လုပ်ကိုင်စားသောက်ဖို့အရာမှ မရှိတာ။ ကံတရားကိုပဲ အားကိုးစိုက်ပျိုးရတယ်။ လယ်လုပ်ရတာ တစ်နှစ်ထက်တစ်နှစ် ကြီးပွားဖို့မပြောနဲ့ နစ်ပဲနစ်မြုပ်လာတယ်” ဟု ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။ 

ရခိုင်တွင် သစ်တော၊ ဒီရေတော ပြုန်းတီးလာမှုကြောင့် အပူချိန်မြင့်တက်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း၊ မိုခေါင်ခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း စသည့် ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနေသည်။ 

ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေစွာဖြင့် လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်ရန် လိုအပ်နေသော်လည်း စစ်ရေးပဋိပက္ခများကြောင့် ကြိုတင်ပြင်ဆင် မလုပ်ကိုင်တော့သဖြင့် နစ်နာဆုံးရှုံးမှုဒဏ်ကို ကြုံကြရသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်းနည်းပါးလာပြီး စိုက်ပျိုးဧကမှာလည်း တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေသည်။ 

ရခိုင်ပြည်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသည့်အနက် ပြီးခဲ့သည့်နှစ်က လယ်ဧက ၁၀ သိန်းခန့်သာ စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးဧက ၅ သိန်းခန့်သာရှိကြောင်း ဓညဝတီမျိုးစပါးစိုက်ပျိုးရေးအသင်းမှ သိရသည်။ ထိုကြားထဲ သောင်းနှင့်ချီသောလယ်ဧကများ ရေနစ်ပျက်စီးသွားသဖြင့် ရခိုင်ပြည်၏ လာမည့်နှစ် စားနပ်ရိက္ခာဖူလုံရေးမှာ စိုးစရိမ်စရာဖြစ်နေသည်။ 

“ဒီနှစ်မှာ ကောင်းကောင်းမွန်မွန် မစိုက်ပျိုးနိုင်ခဲ့ရင် နောက်နှစ် ရိက္ခာဖူလုံရေးအပိုင်းကို ထိခိုက်နိုင်တယ်။ နောက်နှစ် ဝမ်းစာဖူလုံရေးကိစ္စဟာ လယ်သမားတွေမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ အမျိုးသားရေးတာဝန တစ်ရပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဓညဝတီမျိုးစပါးစိုက်ပျိုးရေးအသင်း အတွင်းရေးမှူး ဦးမောင်သိန်းလှက ပြောသည်။

လမ်းခရီးပိတ်ဆို့ခံထားရသဖြင့် ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေသော ရခိုင်ဒေသ၏ တစ်ခုတည်းသောအားကိုးရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ဆုတ်ယုတ်လာမှုသည် ရခိုင်ဒေသအတွင်း နေထိုင်သူများအားလုံး၏ လူမှုဘဝအပေါ် ရိုက်ခတ်မှုရှိလာမည်လည်း ဖြစ်သည်။

ရခိုင်ဒေသတွင် မိုးစပါးကိုသာ အဓိကစိုက်ပျိုးကြပြီး နွေစပါး၊ ဆောင်းစပါး စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသည်။ လယ်သမားအများစုမှာလည်း လယ်ယာလုပ်ငန်းမှလွဲ၍ တခြားဝင်ငွေရလုပ်ငန်းများ မရှိကြပေ။ 

“အခုလိုအခြေအနေနဲ့ လာမယ့်နှစ်မှာ လယ်စိုက်ပျိုးလုပ်စားဖို့တောင် မတွေးရဲတော့ဘူး။ သွင်းအားစုစရိတ်က တစ်မျိုး၊ ရာသီဥတု နှိပ်စက်တာကတစ်ဖုံနဲ့ လုပ်နိုင်ဖို့မထင်တော့ဘူး” ဟု ဒေါ်မသိန်းဟန်က ပြောသည်။