စစ်အာဏာသိမ်းမှု ရက်ပေါင်း(၁၀၀) ကျော်ပြီးနောက် ရခိုင်ပြည်အခြေအနေ (Vox Pop)
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း (၁၀၀) ကျော်အချိန်အတွင်း ရခိုင်ပြည်နယ်ကို ဘယ်လိုထိခိုက်မှုမျိုးတွေ ရှိနေသလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ၊ ကျွမ်းကျင်သူတွေနဲ့ ဒေသခံတွေကို DMG က ဆက်သွယ်မေးမြန်းထားတာပါ။
18 May 2021
DMG | မေ ၁၈
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း (၁၀၀) ကျော်အချိန်အတွင်း ရခိုင်ပြည်နယ်ကို ဘယ်လိုထိခိုက်မှုမျိုးတွေ ရှိနေသလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ၊ ကျွမ်းကျင်သူတွေနဲ့ ဒေသခံတွေကို DMG က ဆက်သွယ်မေးမြန်းထားတာပါ။
ဦးဖေသန်း (လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
စီးပွားရေးကလည်း တစ်နိုင်ငံလုံး ရိုက်ခတ်တယ်။ ရခိုင်ပြည်ကလည်း အဲဒီစီပွားရေးရိုက်ခတ်မူဒဏ်ကို ခံရတယ်။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးတွေ၊ ကုန်စည်စီးဆင်းမူတွေ မမှန်မကန်ဖြစ်တာကြောင့် ရခိုင်ပြည်မှာရှိတဲ့ ကုန်စည်တွေ အရင်ကထက် နှစ်ဆလောက် ဈေးတက်သွားတယ်။ အဲဒါကြောင့် ပြည်သူလူထုအနေနဲ့ စားဝတ်နေရေးကျပ်တည်းလာတယ်။
ကုန်စည်စီးဆင်းမူ အားနည်းသွားတယ်။ နောက် ကိုဗစ်ဆိုရင်လည်း အခု မစစ်ဆေးနိုင်တာကြောင့် ဘယ်လောက်ထိ ဖြစ်နေပြီလဲဆိုတာကို တစ်ယောက်မှ မခန့်မှန်းနိုင်ကြဘူး။
စီပွားရေးကတော့ လက်လုပ်လုပ်စားကနေအစ အကုန်လုံး ကျပ်တည်းသွားတယ်။ စီပွားရေးလုပ်ငန်းရှင်တွေလည်း မလည်ပတ်နိုင်တော့ဘူး။ ကုန်ထုတ်လုပ်မှုတွေကလည်း အစကတည်းက မရှိဘူးဆိုတော့ ရခိုင်ပြည်နယ်ရဲ့ စီပွားရေးအခြေအနေကတော့ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ပြောလို့ရတယ်။
ဒေသဖွံ့ဖြိုးရေးကတော့ အခုကုန်သွားတဲ့ ဘတ်ဂျက်နှစ်မှာ အာဏာသိမ်းသွားတဲ့အတွက် ဧပြီလမှာစမယ့် RE ဘတ်ဂျက်တွေ လုံးဝမချနိုင်တဲ့ အနေအထားဖြစ်သွားတယ်။ နောက်ဆက်တွဲ ဘတ်ဂျက်မချနိုင်တဲ့ အနေအထားဖြစ်သွားတယ်။ လာမယ့် ဘတ်ဂျက်တွေမှာလည်း ရာခိုင်နူန်းဘယ်လောက် ထောက်ပံ့နိုင်မှာလဲ ဆိုတာကို မေးခွန်းတစ်ခုဖြစ်လာတယ်။
အဲဒါကြောင့် အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မလုပ်ပေးနိုင်ရန် အရင်ကတော့ ၁၆၀ ဘီလီယံလောက်ပေးတယ်။ အခုကတော့ ဘီလီယံ ဘယ်လောက် ထောက်ပံ့ပေးနိုင်မလဲဆိုတာ အခြေအနေကြည့်ရတာတော့ အဲဒီလောက်ထိ လုပ်နိုင်မယ်လို့ မမြင်ဘူး။ အထူးသဖြင့် မပြီးပြတ်သေးတဲ့ လုပ်ငန်းအကျိုးဆက်တွေကိုပဲ လုပ်နိုင်မယ်လို့ ထင်တယ်။ လုံးဝအသစ်တွေကိုတော့ လုပ်လာနိုင်မယ်လို့ မမြင်ရပါဘူး။ အဲဒါကြောင့် သူတို့ ဘတ်ဂျက်အခြေအနေကတော့ RE မှာ မရေးဆွဲနိုင်ခဲ့တာကြောင့် လာမယ့် PE မှာကော အရင်လောက် ပွင့်ပွင့်လင်းလင်း ဘတ်ဂျက်ရေးဆွဲနိုင်မှာလား၊ အရင်လောက် ဘတ်ဂျက်တွေကို ဖွင့်ပေးနိုင်သေးလား၊ လုံးဝ ကျဆင်းသွားမှာလား မကြာခင် မြင်လာရမှာပေါ့။ အဲဒါက စိန်ခေါ်မှုတစ်ခုပေါ့နော်။ အဖက်ဖက်ကတော့ ထိခိုက်မှုတွေ ရှိနေတယ်။ ကောင်းတာက တစ်ခုမှ မရှိပါဘူး။
စောစံငြိမ်းသူ ( ဥက္ကဌ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့)
ရခိုင်ဒေသအခြေအနေက နိုင်ငံရေးအပြောင်းအလဲနဲ့အတူ ဖွံ့ဖြိုးတိုးတက်မူကို လုပ်တဲ့အခါမှာလည်း နောက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အာဏာမသိမ်းခင် ကာလက စပြီးတော့ ဖွံ့ဖြိုးတိုးတက်မူကို ဦးစားပေးဆောင်ရွက်မယ်ဆိုပြီးတော့ စီမံကိန်းချတဲ့ကြားထဲက ကိုဗစ်ဖြစ်လာတယ်။
ကိုဗစ်အခြေအနေတွေကြောင့် ပိုပြီးစီပွားရေးအခက်အခဲဖြစ်တယ်။ တစ်ဖက်မှာကလည်း စစ်ပွဲတွေက ဆက်တိုက်ဖြစ်နေသေးတယ်ဆိုတဲ့ အနေအထားမှာ တိုက်ပွဲဖြစ်လိုက်၊ ကိုဗစ်ဖြစ်လိုက်နဲ့ ဖွံ့ဖြိုးတိုးတက်မူတွေက ပိုပြီးတော့ အခက်အခဲဖြစ်တဲ့အနေအထားဖြစ်တယ်။ အဲဒီကြားထဲမှာမှ အာဏာသိမ်းလိုက်တဲ့နောက်မှာဆို ပိုပြီးတော့ အခက်အခဲအကျပ်အတည်းတွေက ဖြစ်ပေါ်လာတယ်။
ဘာကြောင့်လဲဆိုတော့ ကိုဗစ်အခက်အခဲ အကျပ်အတည်းကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ အနေအထားတွေမှာ စီးပွားရေးအခက်အခဲ အကျပ်အတည်းတွေဖြစ်လာတယ်။ အခုဆိုလို့ရှိရင် ကုန်သွယ်မူတွေကလည်း အခက်အခဲဖြစ်တာကြောင့် ကုန်စည်နှုန်းတွေ တက်လာတယ်။ တစ်ဖက်နိုင်ငံက ဖြစ်စေ၊ တခြားပြည်မက ဖြစ်စေ၊ များသောအားဖြင့် ကုန်ပစ္စည်းတွေက အဲဒီဖက်ကလာရောက်မှ သုံးစွဲလို့ရတဲ့အနေအထားဖြစ်တာကြောင့် ကုန်သွယ်မှုအခက်အခဲကြောင့်လည်း ပိုပြီးတော့ အကျပ်အတည်းဖြစ်လာတယ်။
ဦးတင်အောင်ဦး (ဥက္ကဌ ၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပဲ ကုန်ဈေးနှုန်းကြီးမားတဲ့ ဒဏ်တွေကို ခံနေရတာပေါ့။ အဲဒါကတော့ ရခိုင်တစ်ခုတည်း ကွက်ပြီးဖြစ်နေတဲ့အနေအထား မဟုတ်ပါဘူး။ အားလုံးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Inputs သွင်းတဲ့အတိုင်းအတာနဲ့ အားလုံးက ဈေးနူန်းမြင့်တက်လာတာ ရှိတာကိုး။
အခက်အခဲကတော့ စားဝတ်နေရေး အခက်အခဲမှာတော့ ကုန်ဈေးနှုန်းတက်တာတော့ အရမ်းကိုတက်တယ်။ နောက်အိမ်ဆောက်ပစ္စည်းမှာဆိုလည်း သံချောင်းတွေ၊ ဘီလပ်မြေတွေ အကုန်လုံးက တော်တော်များများကို တက်လာတယ်။ သံချောင်းတွေဆိုလို့ရှိရင် အရင်ကထက် ၅၀ ရာခိုင်နူန်းကျော်လောက် ထပ်တက်သွားတယ်။ အဲဒီလိုမျိုးတွေဖြစ်နေတယ်။ ဆိုတော့ အလုပ်လုပ်ရတဲ့အပိုင်းမှာ အကုန်လုံးက အခက်အခဲဖြစ်တာပေါ့။
ငွေကြေးလည်ပတ်မှုအပိုင်းကတော့ လက်ရှိဘဏ်စနစ်တွေက ကောင်းကောင်းကြီး မလည်ပတ်နိုင်တဲ့အခါမှာ အခက်အခဲတွေ အများကြီးကြုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတကယ်လုပ်နေကြတဲ့လူတွေမှာ ဘဏ်မှာ အပိုအလျှံတွေ အပ်ထားတဲ့လူတွေအတွက် ပြဿနာမရှိပေမဲ့ လုပ်ငန်းလည်ပတ်ပြီးတော့ ဘဏ်နဲ့ပဲ အဝင်အထွက်လုပ်ပြီးတော့ သွားနေရတဲ့လူတွေမှာ ဒီအတိုင်းပိတ်လိုက်တဲ့အခါမှာ ပိတ်မိကျန်ခဲ့တဲ့ ငွေတွေက လက်ရှိမှာ ဘယ်လောက်ဘယ်လောက်ဆိုပြီးတော့ ထုတ်နေရတဲ့အချိန်မှာ အဲဒီလိုအခက်အခဲတွေကတော့ ဘဏ်ကနေ ငွေထုတ်ရတဲ့အခက်အခဲကြောင့်ပဲ ငွေကြေးစီးဆင်းမှုအပိုင်းကတော့ တော်တော်များများကို အခက်အခဲဖြစ်နေတယ်လို့ သုံးသပ်လို့ရတယ်။
ဒေါ်နှင်းမိုးလှိုင် (ပုဇွန်လက်လီလက္ကားဒိုင်ပိုင်ရှင်)
ရန်ကုန်ကလူတွေ အလုပ်မလုပ်နိုင်တော့ ကျမတို့ဘက်က ပို့တဲ့လုပ်ငန်းတွေမှာလည်း ရိုက်ခတ်မှုရှိတယ်။ ရန်ကုန်ကို ပုဇွန်ပို့တဲ့အပိုင်းမှာလည်း အရင်က တပိဿာကို နှစ်သောင်းလေးထောင်ရတယ်။ အခုက တစ်သောင်းတစ်ထောင်ပဲရတယ်။ အဲဒီလို ဈေးကျသွားတော့ အောက်ခြေက လူတန်းစားတွေကလည်း နှစ်ထောင်လောက်လျော့ပြီး ဝယ်လိုက်ခြင်းအားဖြင့်လည်း အကုန်လုံး ခက်ခဲသွားတာပေါ့။
လှေသမားတွေက အရင်က လှေနဲ့ ပုဇွန်ဖမ်းထွက်ဖို့အတွက် ငွေက ငါးထောင်လောက်အသုံးပြုရတယ်။ ဆိုတော့ ရလာတဲ့ ပုဇွန်တွေက စရိတ်လောက်ပဲဆိုတော့ မိသားစုစားဝတ်နေရေးအတွက် မဖူလုံဘူးလေ။
အစကတည်းက ရခိုင်က ကိုဗစ်တမျိုး၊ နောက် စစ်ပွဲကပါ ရှိတဲ့ကြားမှာတော့ အကုန်လုံး အထိနာနေကြတယ်။ ဆိုတော့ အပြင်မထွက်နိုင်၊ အလုပ်မလုပ်နိုင်ဘူးဆိုတော့ ပိုခက်ခဲတာပေါ့။ စားဝတ်နေရေး မဖူလုံကြတော့ဘူး။ အစစအရာရာ ဈေးတက်သွားတော့ အကုန်ခက်ခဲသွားတာပေါ့။ အခုလိုအခြေအနေမျိုးနဲ့ ရှေ့ဆက်ရင် အခက်အခဲဖြစ်လာနိုင်တာကြောင်း အကောင်းဆုံးအခြေအနေတစ်ခုကို လုပ်စေချင်ပါတယ်။
ဦးခိုင်ကောင်းစံ(ဒါရိုက်တာ၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေရှင်း - ရခိုင်ပြည်)
အဓိကတော့ စီပွားရေးပေါ့။ ကုန်စည်နှုန်းတွေ မြင့်မားလာတယ်။ ပြည်သူတွေအတွက်က အရင်က ဆီတစ်ဗူးကို ၁၇၀၀ ကျပ် အခုကတော့ ၂၀၀၀ ကျော်တယ်ပေါ့နော်။ ကုန်ဈေးနှုန်းတွေ မြင့်မားတဲ့ဒဏ်ကို ပြည်သူတွေ ခံရတယ်။ နောက် ပြည်သူတွေမှာ အပ်နှံထားတဲ့ ငွေတွေကို လွယ်လင့်တကူ ထုတ်ယူလို့မရဘူး။ အဲဒီလို ငွေကြေးဆိုင်ရာ၊ နောက်တစ်ခါ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေသော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းတွေသော်လည်းကောင်း သူတို့မှာလည်း ငွေကြေးစီးဆင်းမူတွေ မရှိတော့တဲ့အတွက် နစ်နာမူတွေရှိတယ်။
ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဆိုရင်လည်း ပြည်မမှာ မရင်းနှီး မမြုပ်နှံတဲ့အတွက် ပြည်နယ်တွေကို ဆင်းလာမယ့် ငွေကြေးစီးဆင်းမူတွေ အထူးသဖြင့် ပြည်သူလူထုတွေက ကုန်စည်စီးဆင်းမူဒဏ်ကို ခံရတယ်ပေါ့၊
စီပွားရေးအရဆိုရင်တော့ စီပွားရေးမှာ ငွေကြေးဖောင်းဖွမူပေါ့၊ စီပွားရေးမှာ အရေးကြီးတယ်။
အစကတည်းက ရခိုင်ပြည်နယ်က ဆင်းရဲတဲ့ပြည်နယ်တစ်ခုပေါ့နော်။ အဲဒီလိုဆိုတော့ ကုန်ဈေးနှုန်းမြင့်မားတယ် ဆိုတဲ့အခါမှာ စီပွားရေးအရလည်း ငွေကြေးဖောင်းပွမှုဒဏ်ကို ခံရတယ်။
အဓိကတော့ အာဏာသိမ်းတယ်ဆိုတာက အာဏာသိမ်းမှုအကျိုးဆက်က ရခိုင်ပြည်နယ်မှာတော့ ဆူပူမှုမရှိဘူးပေါ့နော်။ ဆန္ဒဖော်ဆောင်မူတွေမရှိဘူး။ သို့သော်လည်း အဲဒါက တနိုင်ငံလုံးမှာ သက်ရောက်မှုတွေရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်မှာရှိနေတဲ့ အသီးအနှံတွေ၊ ကုန်စည်တွေကို အားလုံးကအစ ပြည်မကလာတာဖြစ်တယ်။ နောက်တစ်ခါ ဆီဈေးတွေတက်တယ်။ ဆီလို့ပြောတဲ့အခါမှာ မဖြစ်မနေသုံးနေရတဲ့ လောင်စာဆီပေါ့၊ နောက်တစ်ခါ စားသုံးဆီတက်တယ်။ ကုန်ပစ္စည်းဈေးနှုန်တွေလည်းတက်တယ်။ ဒီအကြောင်းအရာတွေက အာဏာသိမ်းမှုနောက်ကွယ်က ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်တယ်။