ALP ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်းနှင့် အင်တာဗျူး

“ကျမတို့ ALP အနေနဲ့ ငယ်သည်ဖြစ်စေ၊ အိုသည်ဖြစ်စေ သမိုင်းအစဉ်အလာအရ ပေါ်ပေါက်လာတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် ဒီပါတီဟာ ရှင်သန်နေရအုံးမယ်။ ရှိနေရအုံးမယ်။ ကြိုးစားနိုင်သလောက်ကို ကြိုးစားသွားမယ်” စောမြရာဇာလင်း၊ ဒုတိယ ဥက္ကဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)

06 Oct 2022

DMG ၊ အောက်တိုဘာ ၆ / အင်တာဗျူး

လက်ရှိတွင် စစ်အာဏာသိမ်းမှုနှင့်အတူ မြန်မာ့နိုင်ငံရေးသည် များစွာရှုပ်ထွေးမှုရှိနေပြီး လက်နက်ကိုင် ပဋိပက္ခများကလည်း ပြင်းထန်နေဆဲဖြစ်သည်။ ထို့အတူ ယနေ့အချိန်တွင် ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှာလည်း တိုက်ပွဲပြင်းထန်နေသည်။

အခြားတဘက်၌လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့နှင့် နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို မြင်တွေ့ရသည်။

ယင်းအထဲမှ စစ်ကောင်စီနှင့် လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ရခိုင့်လက်နက်ကိုင်အဖွဲ့ ဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)၏  ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေ၊ လတ်တလော စစ်ရေးလှုပ်ရှားနေမှု၊ အနာဂတ်မျှော်လင့်ချက်တို့ကို ALP ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဒုတိယ ဥက္ကဌ စောမြရာဇာလင်းကို DMG က ဆက်သွယ်မေးမြန်းထားသည်။

မေး - လက်ရှိ ALP နဲ့ စစ်ကောင်စီတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကနေ ဘယ်လိုရလာဒ်တွေ ထွက်ပေါ်ခဲ့ပါသလဲ။

ဖြေ - အခုအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ဒုတိယအကျော့ပြီးပြီပေါ့။ ပထမတုန်းကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံတာ။ သွားလိုတဲ့ နိုင်ငံရေးခရီးကို ဆွေးနွေးတာ။ အဲဒီတုန်းက အကျပ်အတည်းသိပ်မရှိခဲ့ဘူး။ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာတော့ သူတို့က မေးခွန်းတွေ၊ ဆွေးနွေးမယ့် အကြောင်းအရာတွေပေးတယ်။ အဲဒီမှာ ဇယား(၁) ၊ (၂)ပါတယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်ကိစ္စတွေ ဖြည့်စွက်ဖို့လိုအပ်နေသေးလဲ …စတာတွေပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)တွေနဲ့ ဆွေးနွေးရတာဖြစ်တယ်။ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံမှာပါနေတဲ့ ဇယား(၁)၊ ဇယား(၂)တွေကိုကျတော့ အချိန်ယူပြီး ဆွေးနွေးရအုံးမယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံမှာပါနေတဲ့ဟာတွေနဲ့ (Union Accord)ဇယား (၁)(၂)(၃)တွေမှာ ပါနေတဲ့အချက်တွေနဲ့ နှိုင်းယှဉ်ဖို့ပေးထားတော့ အချိန်မလောက်သေးတဲ့အတွက် စိတ်တိုင်းကျ ဆွေးနွေးခဲ့ရတယ်လို့ ပြောဖို့ခက်တယ်။

သူတို့ဘက်က Accord (၁)(၂)(၃)နဲ့ ၂၀၀၈ မှာပါတဲ့ အကြောင်းအရာတွေက စကားလုံးမတူတာရှိတယ်။ ဘာတွေကတော့တူတယ်ဆိုပြီး နှိုင်းယှဉ်ပြီး သဘောတူညီချက်တွေကို စုစည်းတဲ့အပိုင်းဖြစ်တယ်။ အဲဒီ သဘောတူညီချက်တွေဟာလည်း (၁၀)ဖွဲ့နဲ့ ဆွေးနွေးထားတာဆိုတော့ တစ်ဖွဲ့တည်းက ဆုံးဖြတ်ရခက်တယ်။ အခု နစကဘက်က စဉ်းစားတာက ပြည်နယ်တစ်ခု၏ အရေးကိစ္စကို အခြားပြည်နယ်တစ်ခုက လာပြီးတော့ ဆွေးနွေးဖို့မလိုအပ်။ အဓိက ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီမလား။ အကြောင်းအရာတွေ တိုက်ဆိုင်မှုရှိလား ဆိုတာကိုပြောတယ်။ အဓိက ဒီမှာ ၂၀၀၈ မှာပါနေတာတွေက ဖက်ဒရယ်ဖြစ်မလား။ မဖြစ်ရင် ဘာအချက်တွေကို ထည့်ရမလဲ။ ဘာထည့်ပေးဖို့ တောင်းဆိုချင်လဲဆိုတာတွေကို ပြောကြတာဖြစ်တယ်။

မေး - ငြိမ်သက်နေတဲ့ ALP ဟာ အခုဆိုရင် သင်တန်းတွေ၊ စစ်ရေးပြတာတွေရှိနေတော့ ပြည်သူတွေကလည်း စိတ်ဝင်တစားသိချင်နေကြပါတယ်။ ပြည်သူတွေကို ဘာများ အသိပေးချင်သလဲ။

ဖြေ - ကျမတို့ရဲ့ ပါတီအခြေအနေကိုလည်း အများကြီးပြောစရာမလို၊ ပြည်သူတွေသိပြီးသားပါ။ အခုကျမ တာဝန်ယူလာတဲ့အချိန်မှာ ပါတီက အကြီးအကျယ် အခက်အခဲဖြစ်နေတဲ့အချိန်။ ဆိုတော့ အခုက ပါတီတစ်ခုမှာ မလှုပ်ရှားဘဲ လုံးဝငြိမ်သက်နေရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ လှုပ်ရှားနိုင်တဲ့အချိန်မှာ လှုပ်ရှားကြမယ်။ လှုပ်ရှားတယ်ဆိုတာကလည်း ပါတီတစ်ခုမှာ သင်တန်းပေးရမှာတွေကတော့ အများကြီးပါ။ အမြဲတမ်း လိုအပ်ပါတယ်။ အခု သင်တန်း(၁)ခု၊ (၂)ခုပေးတယ်ဆိုတာကလည်း လုံလောက်မှာမဟုတ်ပါ။ နိုင်တဲ့ဘက်က သင်တန်းတွေပေးထားတာလို့ ဖြေချင်ပါတယ်။

ဒီအပေါ်မှာ ပြည်သူတွေက ထင်ချင်သလိုထင်ပြီး ရေးချင်ရာ ရေးကြတာ။ ဒါကလည်း သူ့အမြင်နဲ့သူပါ။ ပြောရမယ်ဆိုရင် လုံးဝမစိစစ်ဘဲ လျှောက်ပြောနေကြပါ။ ပြောချင်တာက လူပုဂ္ဂိုလ်တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ပြောချင်တယ်ဆိုရင် ပြောမယ့်သူအပေါ် ကိုယ်က သူ့လောက်ပေးဆပ်ပြီလား။ ဘာတွေလုပ်ပေးပြီလဲ ပြောချင်ပါတယ်။ ALP ပါတီဟာ အခုအချိန်မှာ ဆင်းရဲသွားတယ်။ အလုပ်မလုပ်တာဆိုပြီး အားလုံးကမြင်နိုင်ပါတယ်။ သို့သော် ALP ပါတီဟာ နှစ်ပေါင်းများစွာ ဒုက္ခခံပြီး တည်ဆောက်လာတယ် ဆိုတာကိုတော့ အသိအမှတ်ပြုသင့်တယ်။ လူသားစိတ်နဲ့ အသိအမှတ်ပြုသူတွေလည်း ရှိပါတယ်။ အခုအချိန်ခါ ဆင်းရဲသွားလို့ မတရားပြောနေတမ်းဆိုရင် လက်တွေ့ကျ၊ မကျဆိုတာ ပြောတဲ့သူတွေနဲ့ဘဲ ဆိုင်ပါတယ်။

မေး - ALP က မကြာမီမှာ စစ်မျက်နှာဖွင့်မယ့် အလားအလာရှိတယ်ဆိုပြီးတော့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီကိစ္စကိုရော ဘာများပြောလိုပါသလဲ။

ဖြေ - ဒါတွေကို ဘာမှ မပြောလိုပါ။

မေး - ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံပွဲတစ်ခုမှာ စစ်ကောင်စီက ALP ကို သံတွဲဘက်မှာ နေရာပေးထားတယ်ဆိုတဲ့ အသံတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဘာများပြောလိုပါသလဲ။

ဖြေ - ဒါတွေကလည်း ကောက်ချက်ချလွန်းတာ။ မဆင်မခြင် ပြောဆိုကြတာဖြစ်ပါတယ်။ အကြီးအကျယ် လုပ်ဇာတ်ခင်းတာဖြစ်ပါတယ်။ အခုသံတွဲဘက်မှာလည်း ဘာတခုမှ လုပ်ဆောင်တာမျိုးတွေ မရှိပါဘူး။ ဒါကြောင့် ဒီဟာတွေက အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်။

မေး - ALP ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေကို AA ကဖမ်းထားတာ ဘယ်လောက်ရှိပြီလဲ။ လက်ရှိ အခြေအနေမှာရော တစုံတရာညှိနှိုင်းမှုတွေရှိနေလား။ ALP နဲ့ AA ဆက်ဆံရေးအခြေအနေကို သိချင်ပါတယ်။

ဖြေ - ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျမတို့နဲ့ AA နဲ့ အဆက်အသွယ်မရှိပါ။ ဖမ်းဆီးခံထားရတာလည်း မကြာမီက သြဂုတ်လနဲ့ အရင်တုန်းကပေါင်းရင် (၁၆)ယောက်ထက်မနည်း ရှိနေပြီ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ AA နဲ့ ဘာမှအဆက်အသွယ်လုပ်တာ မရှိသေးပါ။ ဆက်ဆံရေးအခြေအနေကတော့ AA ဘက်က သတင်းစာရှင်းလင်းပွဲမှာ တွေ့ပါတယ်။ ရခိုင်ပြည်မှာ သူတို့တစ်ဖွဲ့တည်းသာ ရှိရမယ်ဆိုပြီးတော့ ပြောထားတာတွေ့ရတယ်။ ကျမတို့ကတော့ ALP အနေနဲ့ ငယ်သည်ဖြစ်စေ၊ အိုသည်ဖြစ်စေ သမိုင်းအစဉ်အလာအရ ပေါ်ပေါက်လာတဲ့ ပါတီတစ်ခုဖြစ်တဲ့အတွက် ဒီပါတီဟာ ရှင်သန်နေရအုံးမယ်။ ရှိနေရအုံးမယ်။ ကြိုးစားနိုင်သလောက်ကို ကြိုးစားသွားမယ်လို့ စဉ်းစားချက်ရှိတယ်။ ဒီမှာ ဘယ်အဖွဲ့အစည်း တစ်ခုကိုမှလည်း မတရားလုပ်ဆောင်လိုခြင်း၊ ပြောဆိုလိုခြင်း မရှိပါ။ ကျမတို့ အမြဲတမ်းပြောချင်တာက ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက်ကြိုးစားနေတဲ့ အဖွဲ့အစည်းတိုင်းသည် ရန်ဖက်မဖြစ်သင့်။ မိတ်ဖက်သာ ဖြစ်သင့်တယ်လို့ ပြောချင်တယ်။

မေး - AA ကတော့ ALP ခေါင်းဆောင်တွေကို ဖမ်းရတာဟာ ရာဇဝတ်မှုကျူးလွန်နေတာကြောင့် ဆိုပြီးတော့ စွပ်စွဲထားတာတွေ့ရတယ်။ ဒီအပေါ်မှာ ဘာမှတ်ချက်ပေးလိုပါသလဲ။

ဖြေ - ကျမတို့ကတော့ ရာဇဝတ်မှုကို ဘယ်အချိန်ခါမှ ခွင့်ပြုထားတာ မရှိပါ။ ရာဇဝတ်မှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း တစုံတခုမှမလုပ်ဖို့ ပါတီမှာ တားမြစ်ထားပါတယ်။ ဒါကြောင့် (ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း) ရာဝဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာလည်း ကျမကတော့ ငြင်းပါတယ်။ သိသလောက်ဆိုရင် သူ(ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းဟာ)က ပါတီနဲ့လူမျိုးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးကိုလုပ်နေတာလို့ ကျမပြောချင်တယ်။

မေး - ALP ရဲ့ တော်လှန်ရေးပန်းတိုင်ကို လက်ရှိမှာ ဘယ်လိုနည်းနဲ့ သွားနေသလဲဆိုတာ ပြောလို့ရရင် ပြောပေးစေချင်ပါတယ်။

ဖြေ -  ကျမတို့ ALP က ၁၉၆၇ ခုနှစ်ကတည်းက လွတ်လပ်ရေးတိုက်ပွဲဝင်မယ်ဆိုပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို စတင်ထူထောင်လာတာဖြစ်တယ်။ သို့သော် ၁၉၈၀ ကျော်ကာလမှာ အရှေ့ဘက်မှာရှိတဲ့ မဒတ(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု)အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်လာတဲ့အခါမှာ မြန်မာနိုင်ငံရေးကို ဖြေရှင်းမယ်ဆိုလို့ရှိရင် လွတ်လပ်ရေးဆိုတဲ့ တိုက်ပွဲတွေထက် ဖက်ဒရယ်ပုံစံကို စဉ်းစားလာကြတာ။ ဖက်ဒရယ်ဆိုတဲ့ စဉ်းစားမှုမျိုးမှာ ကိုယ့်တိုင်းပြည်ကို ကိုယ်အုပ်ချုပ်ပြီးနေမယ်။ အခြားလူမျိုးတွေကို အနှောက်ယှက်မပေး။ အခြားသူတွေကလည်း လာပြီးအုပ်ချုပ်လို့မရ။ မိမိနေရာ မိမိပြည်ကို အုပ်ချုပ်မယ်ဆိုတဲ့စနစ်နဲ့ ပြည်ထောင်စုမှာနေဖို့ နည်းတွေဖြစ်တယ်။ အဲဒီအချိန်ကစပြီး ALP ခေါင်းဆောင်တွေကြားမှာ ဖက်ဒရယ်နဲ့သွားမယ်လို့ စဉ်းစားလာတာ။ ဒါကြောင့် အခု NCA စာချုပ်ကို ချုပ်ဆိုလိုက်တာဟာလည်း ဖက်ဒရယ်နဲ့သွားမယ်လို့ ဆုံးဖြတ်တာ။

အဓိက ကိုယ့်ပြည်မှာ ကိုယ့်အုပ်ချုပ်ပုံ၊ ဖွဲ့စည်းပုံကို ကိုယ်ရေးပြီး ပြည်ထောင်စုဖွဲ့စည်းပုံနဲ့တော့ လွဲချော်လို့မရလို့ ပြောဆိုချက်တွေလည်းရှိတယ်။ သို့သော် ကိုယ့်ပြည်နယ်ရဲ့ဖွဲ့စည်းပုံကို ကိုယ်တိုင်ရေးဆွဲပြီးရင် Self – Determination(ကိုယ်ပိုင်ပြဌာန်းခွင့်)ကို တိုင်းရင်းသားအားလုံးက လိုချင်ကြတာ။ အဓိကတော့ ကိုယ့်ပြည်နယ်ကို ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့် အာဏာသုံးရပ်က ရှိမယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ဒီအာဏာသုံးရပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ဖြစ်တယ်။ အခုအချိန်မှာလည်း ဒီအချက်တွေနဲ့ သင့်တော်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ အလုပ်လုပ်နေတာဖြစ်တယ်။

မေး - စစ်ကောင်စီနဲ့တွေ့တုန်းကဆိုရင် “ဝ”တို့က ပြည်နယ်တောင်းတယ်။ မိုင်းလားဆိုရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းတယ်။ စစ်ကောင်စီဘက်ကလည်း မူအားဖြင့် သဘောတူတယ်ပေါ့။ ဆိုတော့ ALP ကရော ရခိုင်နဲ့ပတ်သက်လို့ ဘာတွေ တောင်းဆိုခဲ့တာရှိလဲ။

ဖြေ - တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖိတ်ပုံ၊ ဆွေးနွေးပွဲကတော့ တူချင်မှတူမယ်။ အဓိကတော့ ဒီတခါ ကျမတို့ကို ဖိတ်လိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စနဲ့ ပြည်ထောင်စုသဘောတူစာချုပ်ကို ဆွေးနွေးဖို့ဆိုပြီးတော့ ဖိတ်တာဖြစ်တယ်။ ဒီကိစ္စကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးတဲ့အချိန်မှာလည်း ကျမတို့က တိုင်းပြည်ကို အလှဆင်ချင်တဲ့သူတွေလို့ ပြောခဲ့တယ်။ ကျမတို့ ဒီတိုင်းပြည်ကို ကောင်းကောင်းမွန်နဲ့ တည်ဆောက်ချင်လို့ ဒီအလုပ်ကိုလုပ်နေတာဖြစ်တယ်လို့ ပြောဖြစ်တယ်။ ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းဖို့နဲ့ သွေးမြေမကျဘဲနဲ့ စားပွဲဝိုင်းမှာ စကားပြောနိုင်တဲ့ အနေအထားရောက်လာဖို့ ဆွေးနွေးဖြစ်တယ်။

အဓိက ကျမတို့ကို ဖိတ်ခေါ်လိုက်တဲ့အချက်မှာ ဖွဲ့စည်းပုံကို နှိုင်းယှဉ်ဖို့သာဖြစ်တယ်။ ဆိုတော့ ကျမတို့ဘက်ကလည်း ရခိုင်ပြည်နဲ့ပတ်သက်လာရင် ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲရအုံးမယ်။ ဆိုတော့ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲတဲ့အခါမှာ ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံနဲ့ လွဲချော်မှု ရှိ၊ မရှိ ကြည့်ရအုံးမယ်။ လွဲချော်မှုရှိရင် ဘယ်လိုလုပ်ရမလဲ။ ဒါတွေကိုတော့ ရခိုင်ပြည်မှာရှိနေတဲ့ Stakeholders (ပါဝင်သင့်ပါဝင်ထိုက်သူများ)နဲ့ ဆွေးနွေးတိုင်ပင်ရအုံးမယ်။ ဒါတွေကြောင့် ALP ကို အထင်သေးစရာလည်းမလို၊ အထင်ကြီးစရာလဲမလို။ ဒါကြောင့် ရခိုင်ပြည်ကို ALP လည်းမပိုင်ဆိုတာကို သက်သေပြနေပြီးဖြစ်တယ်။ ဆိုလိုတာက ALP ကို ထူထောင်ခဲ့စဉ်က ရခိုင်ပြည်လွတ်လွပ်ရေးအဖွဲ့ AIO ဆိုပြီးတော့ ၂ ဖွဲ့ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ AIO လည်း မရှိတော့ဘူးဆိုတော့ အဲဒီတုန်းက ကိုယ့်ပြောချင်တဲ့စကားကို ALP ကပြောလို့ရသေးတယ်။

အခုအချိန်မှာတော့ နိုင်ငံရေးစင်မြင့်ကိုတက်ဖို့အတွက် နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာတယ်။ နောက်ပြီးတော့ ရက္ခိုင့်တပ်တော်(AA)၊ ANC/AA ဆိုတာလည်း ပေါ်ပေါက်လာတယ်။ ဆိုတော့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်ပြီး တော်လှန်တိုက်ပွဲဝင်နေသူတွေအားလုံးဟာ ရခိုင်နဲ့ ရခိုင်လူမျိုးကောင်းစားရေး လုပ်နေတယ်။ အဲဒီမှာ လွတ်လပ်ရေး၊ ဖက်ဒရယ် စသဖြင့်ရှိမယ်။ ဒါပေမယ့်လည်း အနှစ်သာရအားဖြင့်တော့ ရခိုင်ပြည်သူ/သားတွေဘဝနဲ့ ရခိုင်ပြည်ရဲ့ကံကြမ္မာကို ရခိုင်တွေဖန်တီးဖို့ဆိုတဲ့ စဉ်းစားချက်ပဲတွေ့ရတယ်။ ဒါကြောင့် ရခိုင်ပြည်အရေးကို လုပ်ဆောင်ရဲ့အခါမှာ အားလုံးပါဝင်ပြီးတော့ ဆွေးနွေးရအုံးမယ်မှာဖြစ်တယ်။ ဒါတွေကိုလည်း ကျမတို့က အတတ်နိုင်ဆုံး ကြိုးပမ်းသွားရအုံးမှာ။

မေး - ALP ကို စစ်ကောင်စီက နယ်ခြားစောင့်တပ်အဖြစ်ထားမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒီအပေါ်မှာရော ဘာများပြောလိုပါသလဲ။

ဖြေ - နယ်ခြားစောင့်ကိစ္စနဲ့ ALP က ဘာမှ မပြောရသေးဘူး။ သတင်းတွေကလည်း မဟုတ်မမှန်တာတွေ ဖြစ်တယ်။ ALP ကြားမှာ၊ လူပုဂ္ဂိုလ်သော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း နယ်ခြားစောင့်ကိစ္စနဲ့ ပတ်သက်လို့ လုံးဝမဆွေးနွေးရသေးဘူး။ တပ်ချုပ်ကြီးကပြောတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပုဂ္ဂိုလ်တွေကိုလည်း နိုင်ငံရေးစင်မြင့်ထက်ကို ရောက်စေချင်တယ်။ တချို့ပုဂ္ဂိုလ်တွေအနေနဲ့ ပါတီတွေဘက်က လက်နက်ကိုင်ချင်တယ်ဆိုရင် အစိုးရဌာနအသီးသီးမှာ ထည့်ပေးလို့ရတယ်။ လက်နက်ကိုင်ချင်သေးတယ်ဆိုရင် ရဲလား၊ လုံ/ထိန်းလား။ နယ်ခြားစောင့်တပ်လား တစ်ခုခုမှာ ထည့်ပေးလို့ရတယ်လို့ ဒီလိုသဘောမျိုးပြောတာ။

နောက်ပြီးတော့ နယ်ခြားစောင့်တပ်တွေမှာပါရင်လည်း ရတယ်လို့ ပြောတာထင်တယ်။ ဒီလိုတွေ့မိတယ်။ လက်နက်ကိုင်တော်လှန်ရေးထဲက အစိုးရဌာနမှာပူးပေါင်းပြီး တာဝန်ထမ်းဆောင်မယ်ဆိုရင် အရည်အချင်းရှိရင် ထမ်းဆောင်လို့ရတယ်။ သို့တည်းမဟုတ် ရဲအဖွဲ့မှာသာ လုပ်မယ်ဆိုရင်လည်း ဝင်လို့ရတယ်။ စစ်တပ်မှာဆိုလည်း ရတယ်လို့ပြောတာ။ တပ်ချုပ်ကြီးနဲ့တွေ့တဲ့အခါမှာ နိုင်ငံရေးရည်မှန်းချက် ၂ ချက်၊ အမျိုးသားရေးရည်မှန်းချက် ၂ ချက် တောင်းတယ်။ အဲဒီကိစ္စတွေဆွေးနွေတာ ဆွေးနွေးပွဲမှာတော့ ပွင့်ပွင့်လင်းလင်းရှိတာတွေလည်းရှိတယ်။ ဒါပေမယ့် နောက်ဆုံးတွေ့ဆုံခဲ့ရတာက ကျမတို့မှာ အချိန်လည်းတိုတယ်။ ကျမက တခြားကိစ္စတစ်ခုရှိရာကနေ သွားလိုက်ရတာ။ ဒါကြောင့် ပြင်ဆင်မှုနည်းသွားတယ်ပေါ့။

မေး - လက်ရှိ ရခိုင်အသိုင်းအဝိုင်းထဲမှာ ALP အပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြင်းထန်နေတယ်။ ဆိုတော့ ဒီအပေါ်မှာ ဖြည့်စွက်ပြောစရာရှိရင် ပြောပြပေးပါ။

ဖြေ - ပြည်သူလူထုကိုပြောချင်တာက ALP ကို မတရားတော့မပြောကြပါနဲ့။ ဆင်ခြင်သင့်သလောက် ဆင်ခြင်ပေးကြပါ။ ALP ကို အခြေအမြစ်မရှိ မတရားပြောနေကြတာ အများကြီးတွေ့ရတယ်။ ပြောနေကြတဲ့ သူတွေထက် ဒီလူတွေက အများကြီးစဉ်းစားပြီးမှ အလုပ်လုပ်နေတယ်ဆိုတာကို သိစေချင်ပါတယ်။
အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့  ဒုတိယဥက္ကဌ စောမြရာဇာလင်းကို DMG က ကျေးဇူးအထူးတင်ရှိပါတယ်။

ဗီဒီယိုများ