ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် အင်တာဗျုး

“လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကိစ္စကို ကြိုးစားအားထုတ်မှု မရှိဘူး။ အမြန်ဆုံး အကောင်အထည်မဖော်ဘူးဆိုရင် ရခိုင်ပြည်နယ် တစ်ခုတည်းမဟုတ်ဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ရှုပ်ထွေးတဲ့ပြဿနာတွေ ပိုဖြစ်သွားမယ်”

By Admin 26 Oct 2022

ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် အင်တာဗျုး

DMG ၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်တွင် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ နှစ်နှစ်ကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများသည် ရွေးကောက်ပွဲ ကာလဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်ခဲ့သည်။

သို့သော် ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာခဲ့သည်။ တိုက်ပွဲ သုံးလတာကာလအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၆၀၀၀ ကျော် တိုးလာခဲ့သည်။ ယခင်နှင့် လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် ထွက်ပြေးရသူစုစုပေါင်း ၉၀၀၀၀ ကျော်ရှိလာပြီဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရခိုင်ပြည်အတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှနှင့် DMG တို့ ဆက်သွယ်မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

DMG - ANP ပါတီ အနေနဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ လက်ရှိ ကူညီဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေကို ပြောပြပေးပါ။

UTTH - အခုရခိုင်မှာ တကျော့ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြားမှာ အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်သလောက်အကူအညီပေးဖို့အတွက် အစီအစဉ်လုပ်တာမှာ အခုလောလောဆယ်တော့ ဘူးသီးတောင်မြို့နယ်မှာဆိုရင် တချို့ကျေးရွာတွေက အခုလတ်တလော ရှောင်တိမ်းလာကြတဲ့ ပြည်သူတွေအတွက် ဆန်ရိက္ခာအကူညီတွေ ပေးလိုက်တာရှိတယ်။ ပြီးရင် မောင်တောမှာ ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျနော်တို့ပါတီဝင်တွေက ဆန်ရိက္ခာတွေ သွားလှူဒါန်းတာရှိတယ်။ မနက်ဖြန် ဆိုရင်လည်း ကျောက်တော်မှာရှိတဲ့ စစ်ဘေးရှောင်တချို့အတွက် ပါတီကသွားပြီး အဲဒီမှာ ဆန်ရိက္ခာတွေ သွားရောက်လှူဒါန်းဖို့ အစီအစဉ်တွေရှိတယ်။ ပြီးရင် ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက်လည်း ဆန်ရိက္ခာအကူညီပေးဖို့ စီစဉ်ဆောင်ရွက်နေတာရှိသလို မြောက်ဦးမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်စုံတစ်ရာဆန်ရိက္ခာ အကူအညီပေးဖို့အတွက် စီစဉ်ဆောင်ရွက်နေတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှာ အကူအညီပေးဖို့အတွက် ရရှိတဲ့ရန်ပုံငွေအပေါ်မှာ အတက်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေတာဖြစ်ပါတယ်။

DMG - ဘယ်လိုအလှူငွေတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတာလဲ။

UTTH - ပါတီတာဝန်ရှိသူတွေ၊ ပါတီဝင်တွေနဲ့ ပါတီအာမာခံတွေရဲ့ ပါဝင်ဆောင်ရွက်မှု၊ ကူညီပေးတဲ့ လှူဒါန်းငွေအပေါ်မှာ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့အပိုင်းဖြစ်ပါတယ်။

DMG - လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ NGO၊INGO အဖွဲ့တွေကိုလည်း ရခိုင်မြောက်ပိုင်းက မြို့နယ် ခြောက်မြို့နယ်ကို စစ်ကောင်စီက အခုအချိန်ထိ ကူညီခွင့် ကန့်သတ်ထားတဲ့အပေါ်မှာ ဘယ်လိုရှုမြင်လဲ။

UTTH - ကျနော်တို့ပါတီကလည်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီဖြစ်တယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ အတိဒုက္ခရောက်နေတဲ့ တိုက်ပွဲရှောင်ပြည်သူအတွက် နိုင်ငံတကာအဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အကူအညီပေးဖို့အတွက် လုပ်ကိုင်ဆောင်ရွက်နေတာကို ပိတ်ဆို့ဟန့်တားမှုတွေ မလုပ်ဖို့ ပါတီက တောင်းဆိုထားတာရှိတယ်။ ဒီအပြစ်မဲ့ပြည်သူတွေအတွက် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်နေထိုင်ရေးအတွက် အလုပ်လုပ်ဖို့တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။

နိုင်ငံတော်အစိုးရ(စစ်ကောင်စီ)မှာလည်း တာဝန်ရှိသလို တခြားအကူအညီပေးတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးမှာလည်း ကူညီဆောင်ရွက်ပေးဖို့အတွက် တာဝန်ရှိတယ်။ အဲဒီအတွက် ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေကို စားနပ်ရိက္ခာ သယ်ယူခွင့်၊ ကူညီပေးမှုတွေကို ပိတ်ဆို့ဟန့်တားတာတွေကို အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုအတိဒုက္ခရောက်နေတဲ့ ပြည်သူတွေက ကိုယ့်အိမ်၊ကိုယ်ရွာတွေကို ဖြစ်သလိုထားခဲ့ပြီး ရှောင်တိမ်းလာကြတဲ့အတွက် ဒုက္ခရောက်ကြတဲ့ ပြည်သူတွေဖြစ်တဲ့အတွက် အကူအညီပေးသင့်တဲ့ ကဏ္ဍတွေမှာ အမြန်ဆုံးခွင့်ပြုပေးဖို့အတွက် အရေးကြီးတယ်။ ခွင့်ပြုပေးစေချင်တယ်။ အမြန်ဆုံး ခွင့်ပြုပေးဖို့အတွက် တောင်းဆိုတယ်။

DMG - တစ်ဖက်မှာ မြန်မာစစ်တပ်က လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့အဖွဲ့တွေကို တားဆီးပိတ်ပင်မှုတွေ လုပ်နေတယ်။ အဲဒီလိုအချိန်မှာ ANP ပါတီက အခုလို စစ်ဘေးဒုက္ခသည်တွေ ဆန်ရိက္ခာတွေ ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်လာတာက ဘာကြောင့်လဲ။

UTTH - အရင်တုန်းကလည်း ရခိုင်ပြည်မှာဖြစ်ခဲ့တဲ့ စစ်ပွဲတွေအပေါ်မှာ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အများကြီးရှိတယ်။ အခုတကျော့ပြန်စစ်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထပ်ပြီးဖြစ်ပေါ်လာတဲ့ အခြေအနေရှိတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ ဒီအလုပ်ကိုလုပ်ဖို့ လိုအပ်တယ်လို့ ယူဆတယ်။ လုပ်ဖို့တာဝန်ရှိတယ်လို့လည်း ယုံကြည်တယ်။ အရင်ကလည်း ကျနော်တို့ပါတီအနေနဲ့ ရခိုင်ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန်မှာ တက်နိုင်သလောက် ကူညီဆောင်ရွက်ပေးခဲ့တာရှိတယ်။ အခုလည်း တက်နိုင်သလောက် ပါတီဝင်တွေ၊ ပါတီတာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပါတီကို အားပေးတဲ့ပုဂ္ဂိုလ်တွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပြီလို့ ယူဆတဲ့အတွက် ကျနော်တို့ပါတီက ဒီလုပ်ကို စတင်ပြီးလုပ်ကိုင်ဆောင်ရွက်တာဖြစ်ပါတယ်။

DMG - လက်ရှိ ရခိုင်ပြည်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပြင်းထန်နေတဲ့အပေါ်မှာ ANP အနေနဲ့ ဘယ်လိုမြင်လဲ။

UTTH - လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ပြဿနာက လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတဲ့ ပြဿနာဖြစ်တယ်လို့ ရှုမြင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာမှုအားနည်းခဲ့တဲ့အတွက် အခုလို မြန်မာတစ်နိုင်ငံလုံးနီးနီးမှာ ဒီလိုပဋိပက္ခတွေ မြောက်များစွာ ဖြစ်ပေါ်လာတယ်။ အဲဒါကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှု လုပ်ငန်းစဉ်လုပ်ဆောင်ဖို့လိုတယ်။ အဲဒီလို လုပ်ဆောင်တဲ့အခါမှာလည်း သဘောထားကြီးကြီးနဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့ အရေးကြီးတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုကို ရည်ရွယ်လို့ ဒီအဖွဲ့အစည်းတစ်ခုရဲ့ သဘောထားဆန္ဒပေါ်မှာ မဟုတ်ဘဲနဲ့ ဒီတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအတွက် စဉ်းစားဆောင်ရွက်ဖို့ လိုသလို ရခိုင်ပြည်မှာလည်း အခုဖြစ်နေတဲ့ပြဿနာတွေကလည်း မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြဿနာအပေါ်မှာ နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းခဲ့လို့ဖြစ်တယ်။ အဖြေမရှာခဲ့လို့ ဖြစ်ပေါ်လာတဲ့ပြဿနာတွေ ဖြစ်တယ်လို့ရှုမြင်တယ်။ အဲဒါကြောင့် ဒီအပေါ်မှာလည်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှုရှိဖို့၊ အဖြေရှာနိုင်တဲ့ လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့မြင်တယ်။

DMG - စစ်တပ်နဲ့ AA တို့ ဆက်ဆံရေးအခြေအနေက ဘယ်လောက်ထိ တင်းမာနေပြီလို့ပြောလို့ရလဲ။

UTTH - ဒါကတော့ နှစ်ဖက်လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တွေ ပိုပြီးသိမှာဖြစ်တယ်။ ကျနော်တို့ကတော့ သတင်းမီဒီယာကတစ်ဆင့်ကြားရတဲ့ အခြေအနေပဲရှိတယ်။ လောလောဆယ်မှာ ရခိုင်ပြည်အခြေအနေအရဆိုရင် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့မြင်တယ်။

DMG - တကျော့ပြန်ရခိုင်စစ်ပွဲက ဘယ်လောက်ထိပြင်းထန်လာနိုင်တယ်လို့ သုံးသပ်မိလဲ။

UTTH - ဒါကတော့ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့နှစ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာ မူတည်လိမ့်မယ်။ ကြိုးစားအားထုတ်မှုရှိရင်တော့ နှစ်ဖက်တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတဲ့ ကြိုးစားအားထုတ်မှုလုပ်ရင်တော့ ဒီတိုက်ပွဲတွေက လျော့ကျလာမယ်လို့မြင်တယ်။ တကယ်လို့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကိစ္စကို ကြိုးစားအားထုတ်မှုမရှိဘူး။ အမြန်ဆုံး အကောင်အထည်မဖော်ဘူးဆိုရင်တော့ ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘူး။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ပိုပြီးရှုပ်ထွေးတဲ့ ပြဿနာတွေ ပိုဖြစ်သွားမယ်လို့မြင်တယ်။

DMG - လက်ရှိ မြန်မာစစ်တပ်နဲ့ AA တို့ စစ်ရေးပဋိပက္ခတွေတင်းမာနေတယ်။ ပဋိက္ခတွေ လျော့ချနိုင်ဖို့အတွက် ANP အနေနဲ့ ကြားဝင်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတာတွေရှိလား။

UTTH - လောလောဆယ် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက မှေးမှိန်နေတဲ့ အခြေအနေရှိတယ်။ အဲဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အားပေးမှုရှိဖို့က အရေးကြီးတယ်။ အခုဖြစ်နေတဲ့ အခြေအနေပေါ်မှာဆိုရင် နိုင်ငံရေးပါတီတွေရဲ့ လုပ်ငန်းစဉ်တွေကို အားပေးတဲ့လုပ်ငန်းစဉ်မျိုး ရှိနေတယ်လို့ သိပ်မမြင်ဘူး။ အဲဒါကြောင့် နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဒီလိုပဋိပက္ခဖြစ်နေတဲ့ အခြေအနေမှာ ကြားကဝင်ရောက်ဆောင်ရွက်ဖို့ဆိုတာက လက်ရှိအခြေအနေပေါ်မှာ တော်တော်အခက်အခဲရှိမယ်လို့မြင်တယ်။

DMG - မြန်မာစစ်တပ်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေရပ်တန့်နိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်သင့်လဲ။

UTTH - လောလောဆယ်က ရခိုင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ ပြည်သူတွေ အတိဒုက္ခရောက်နေတယ်။ တိုက်ပွဲတွေ ရှိနေတဲ့အတွက် ပြည်သူတွေ အတိဒုက္ခပိုရောက်နိုင်တဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်တုန်းကဆိုရင် မြန်မာတပ်မတော်(မြန်မာစစ်တပ်)နဲ့ ရက္ခိုင့်တပ်တော်တို့ကြားမှာ တစ်စုံတစ်ရာ တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့တယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမယ့် နိုင်ငံရေးပြဿနာကို အဖြေရှာတဲ့ အဆင့်ထိ မရောက်နိုင်ခဲ့ဘူးလို့မြင်တယ်။ အဲဒါကြောင့် အခုလက်ရှိ ရခိုင်ပြည်နယ်ပြဿနာအပြင် မြန်မာတစ်နိုင်ငံလုံး ပြဿနာကိုလည်း လက်ရှိမြန်မာနိုင်ငံမှာ တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေက ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေရှာမှုလုပ်ငန်းစဉ်တွေကို အမြန်ဆုံး စတင်ပြီးအကောင်အထည်ဖော်ဖို့ လိုတယ်လို့မြင်တယ်။

DMG - ဖြည့်စွက်ပြီး ဘာများပြောချင်တာတွေရှိလဲ။

UTTH - လောလောဆယ် ကျနော်ပြောလိုတာက နိုင်ငံရေးပြဿနာလို့ယူဆရင် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာလိုစိတ် ရှိဖို့လိုတယ်။ အဲဒီလို အဖြေရှာလိုတဲ့စိတ် မရှိခဲ့တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက အခုလိုပြဿတွေ ဖြစ်နေတာဖြစ်တယ်။ အဲဒါကို အဓိကသင်ခန်းစာယူကြပါလို့ ပြောလိုတယ်။

DMG – အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ