ကိုဂန်ဘာရီအမှုတွင် လိုပြသက်သေနှစ်ဦး စစ်ဆေးရန်ကျန်သေး  

ဩဂုတ်လ ၂၁ ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း သက်သေ ရောက်မလာ၍ လာမည့် စက်တင်ဘာ ၄ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း ကိုဂန်ဘာရီနှင့် နီးစပ်သူများထံမှ သိရသည်။ 

By Admin 22 Aug 2024

ကိုဂန်ဘာရီအမှုတွင် လိုပြသက်သေနှစ်ဦး စစ်ဆေးရန်ကျန်သေး  

DMG ၊ ဩဂုတ် ၂၂

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပ‌ဒေပုဒ်မ ၅၀(ည) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်အမှုတွင် လိုပြသက်သေနှစ်ဦးကို စစ်ဆေးရန် ကျန်သေးကြောင်း သိရသည်။ 

ဩဂုတ်လ ၂၁ ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း သက်သေ ရောက်မလာ၍ လာမည့် စက်တင်ဘာ ၄ ရက်သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း ကိုဂန်ဘာရီနှင့် နီးစပ်သူများထံမှ သိရသည်။  

“သက်သေ ၇ ယောက်မှာ ၅ ယောက်ကို စစ်ဆေးပြီးပြီ။ နောက် ၂ ယောက်စစ်ဖို့ ကျန်သေးတယ်။ မနေ့က ရုံးချိန်းမှာ တရားလိုဖက်က သက်သေတွေ မရောက်တဲ့အတွက် ရုံးထပ်ချိန်းလိုက်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက် ညဉ့်အချိန်တွင် ကိုဂန်ဘာရီသည် လှိုင်မြို့နယ်ရှိ နေအိမ်၌ရှိနေစဉ် စစ်ဆေးစရာရှိသည် ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။ ယင်းနောက် အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှုရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုဥပဒေ ၅၀(ည)ဖြင့် တရားစွဲဆိုခဲ့သည်။ 

လက်ရှိတွင် ကိုဂန်ဘာရီကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူများအား အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေသည်။ အထူးသဖြင့် လူငယ်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်သူများကို ပစ်မှတ်ထားဖမ်းဆီးလျက်ရှိသည်။ 

“စစ်ကောင်စီက အဓိက လူငယ်ထုကို ဖြိုခွဲဖျက်ဆီးချင်တာ။ ဘာကြောင့်လဲဆို‌တော့ အာဏာရှင်ဆန့်ကျင်ရေးမှာ လူငယ်တွေ ထိပ်ဆုံးက လှုပ်ရှားခဲ့ကြတယ်။ အခုလည်း နည်းမျိုးစုံနဲ့ တွန်းလှန်နေကြတယ်။ စစ်ကောင်စီက လူငယ်တွေကို သိပ်သဘောမတွေ့ဘူး။ ဒါကြောင့်လည်း နည်းမျိုးစုံနဲ့ ဆွဲထည့်နေတာ” ဟု တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။ 

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဇာတိဖြစ်သူ ကိုဂန်ဘာရီမှာ ရခိုင်အမျိုးသားပါတီ၊ ဗဟိုကော်မတီဝင် Youth Wing ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်အရေးတွင် ကူညီရေးလုပ်ငန်းများ  လုပ်ဆောင်နေသူဖြစ်သည်။

ကိုဂန်ဘာရီကို တရားစွဲဆိုထားသည့် ပုဒ်မ ၅၀(ည)မှာ ပြစ်မှုထင်ရှားလျှင် အနည်းဆုံး ထောင်ဒဏ် ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည်။