- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရန်ကုန်တွင် ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုပိုများပြားလာ
စစ်ကောင်စီ၏ စစ်ဆေးဖမ်းဆီးမှုများ တင်းကြပ်လာခြင်းကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေတို့တွင် စစ်ဘေးရှောင်နေကြရသည့် ရခိုင်လူငယ်အချို့မှာ ထိုင်း၊ မလေးရှား၊ လာအို စသည့်နိုင်ငံများသို့ ထွက်ခွာမှုများလည်းမြင့် တက်လာနေသည်။
10 Jan 2025
DMG ၊ ဇန်နဝါရီ ၁၀
အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့အတွင်းသို့ ရောက်ရှိနေကြသည့် ရခိုင်လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးမှုများပြားလာနေကြောင်း ရန်ကုန်ရောက် ရခိုင်များထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက် မုဒိတာအိမ်ရာဝန်းတဝိုက်၊ အလယ်ဗဟိုလမ်းနှင့် အင်းစိန်လမ်းကြားရှိ လူနေအိမ်များနှင့် အောင်မေတ္တာ စသည့် နေရာများတွင် စစ်ကောင်စီ၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က အလုံးအရင်းနှင့်ဝင်ရောက် ဧည့်စာရင်းစစ်ကာ ရခိုင်လူငယ် ၂၀ ကျော် ဖမ်းဆီးသွားကြောင်း သိရသည်။
ရခိုင်လူငယ်များထဲတွင် ကိုးရီးယားနှင့် ဂျပန်စကားပြောသင်တန်းများ တက်ရောက်နေသူများဖြစ်ကြပြီး AAနှင့် ဆက်စပ်မှုများရှိနေသည်ဟု အကြောင်းပြ၍ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှသိရသည်။
၎င်းတို့ ပြန်လည်လွတ်မြောက်ရန်အတွက် မိသားစုများမှာ ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်ထိ မိသား စုများနှင့် အဆက်အသွယ်မရသေးဟု နီးစပ်သူများက ဆိုကြသည်။
“ရန်ကုန်မှာ စစ်ဘေးရှောင်ရင်း သင်တန်းတက်နေကြတာ။ အလုပ်လုပ်နေကြတဲ့ လူငယ်တွေလည်း ပါတာပေါ့။ အခု အချိန်ထိတော့ ပြန်မလွတ်သေးဘူး” ဟု နီးစပ်သူတစ်ဦးကပြောသည်။
ယခင်ကလည်း ရန်ကုန်တွင် ဖမ်းဆီးခံရသည့် ရခိုင်လူငယ်များကိုလည်း မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုဥပဒေတို့ဖြင့် တရားစွဲထောင်ချမှုများ လုပ်လေ့ရှိသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကလည်း ရခိုင်အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ မေလကလည်း ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်ကို နေအိမ်သို့ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂၉ တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သေးသည်။
စစ်ကောင်စီ၏ စစ်ဆေးဖမ်းဆီးမှုများ တင်းကြပ်လာခြင်းကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေတို့တွင် စစ်ဘေးရှောင်နေကြရသည့် ရခိုင်လူငယ်အချို့မှာ ထိုင်း၊ မလေးရှား၊ လာအို စသည့်နိုင်ငံများသို့ ထွက်ခွာမှုများလည်းမြင့် တက်လာနေသည်။
“အသိတွေ ဖမ်းဆီးခံရပြီးတဲ့နောက် ကျနော်လည်း ရန်ကုန်မှာ မနေရဲတော့တာကြောင့် ထိုင်းကို ထွက်လာတာ။ ကျနော်လို ထွက်လာကြတဲ့ ရခိုင်တွေလည်း အများကြီးရှိတယ်” ဟု ထိုင်းနိုင်ငံရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။
နိုင်ငံတဝန်း တပ်စခန်းများနှင့် ထိန်းချုပ်နယ်မြေများစွာ လက်လွှတ်နေရသည့် စစ်ကောင်စီသည် ပြည်သူများအားစစ်မှုထမ်းရန် အတင်းအဓ္ဓမဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့်လည်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေများရှိ ရခိုင်လူငယ်များမှာ စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့တွင် ဥပဒေအရချိုးဖောက်လျှင် မည်သူ့ကိုမဆို ဖမ်းဆီးနိုင်သော်လည်း စစ်ဘေးရှောင်ရခိုင်များအား တမင်သက်သက်အပြစ်ရှာပြီးဖမ်းဆီးမှုများမှာ လူမျိုးရေးအရမဖြစ်သင့်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြသည်။
“ကျနော်တို့ ကြားနေရတာကတော့ ရခိုင်ဆိုရင် ဖမ်းတယ်၊ စစ်ဆေးတယ်။ ဟိုမသွားရ၊ ဒီမသွားရလုပ်တယ်။ အဲဒီလိုမျိုး ၁၁ မျဉ်းစောင်း(ရခိုင်) တွေကို နှိပ်ကွပ်နေတာက နိုင်ငံရေးအပေါ်မှာ အခြေမခံဘဲနဲ့ လူမျိုးရေး အပေါ်မှာ အခြေခံတာပဲဖြစ်တယ်။ ဒါက မဖြစ်သင့်ဘူးလို့ထင်တယ်” ဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
စစ်အာဏာသိမ်းပြီးမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဖမ်းဆီးခံရသည့် ရခိုင် ၅၀၀ ကျော်ရှိပြီး နိုင်ငံတဝန်းဖမ်းဆီးခံရသူ ၂၈,၀၅၁ ဦးထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။