ANP ပါတီမှတ်ပုံတင်လျှောက်ထားမှု စစ်ကောင်စီ ငြင်းပယ်

ANP ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါအချက်အလက်များနှင့် ညီညွတ်မှုမရှိသဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ဇူလိုင် ၁ ရက်တွင် UEC က သတင်းထုတ်ပြန်ထားသည်။ 

By Admin 02 Jul 2024

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံရေးမြင်ကွင်းတစ်ခု။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံရေးမြင်ကွင်းတစ်ခု။

DMG ၊ ဇူလိုင် ၂ 

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ရခိုင်အမျိုးသားပါတီ(ANP)၏ မှတ်ပုံတင်လျှောက်ထားချက်ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ငြင်းပယ်လိုက်သည်။ 

ANP ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ပါအချက်အလက်များနှင့် ညီညွတ်မှုမရှိသဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ဇူလိုင် ၁ ရက်တွင် UEC က သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ANP ပါတီ၏ သဘောထားကိုသိရှိရန် ပါတီထိပ်ပိုင်းခေါင်ဆောင်အချို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရခိုင်အမျိုးသားပါတီ၏ မှတ်ပုံတင်လျှောက်ထားချက်ကို စစ်ကောင်စီက ငြင်းပယ်လိုက်ခြင်းမှာ နိုင်ငံရေးအရ ပါတီကို အသေသတ်လိုက်ခြင်းဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။ 

“ANP ကို ပါတီမှတ်ပုံတင်ခွင့်မပေးဘဲ ငြင်းပယ်လိုက်တယ်ဆိုတာက နိုင်ငံရေးအရ ဒီပါတီကို အသေသတ်လိုက်တာလို့ ပြောလို့ရတယ်။ ပါတီတစ်ခုကို မှတ်ပုံတင်ခွင့်ငြင်းပယ်မယ်ဆိုရင် ဘာကြောင့်လဲဆိုတာကို ပါတီကို အရင်အသိပေးရမှာဖြစ်တယ်။ အဲဒီအခါမှ ပါတီဖက်က ပြင်ဆင်လို့ရမှာဖြစ်တယ်” ဟု ပြောသည်။ 

ဆက်လက်၍ ဦးဖေသန်းက “နောက် ပါတီနဲ့လူကို ခွဲခြားပြီးမြင်ကြဖို့ အရေးကြီးတယ်။ လူတစ်ယောက်က လက်နက်ကိုင်နဲ့ဆက်စပ်နေရင် အဲဒီလူကို ပါတီကထုတ်ပေးဖို့ အသိပေးရမှာဖြစ်တယ်။ အခုက စစ်ကောင်စီအလိုကျ UEC က ဒိုင်လူကြီး မပီသပဲ လုပ်လိုက်တာလို့ မြင်တယ်” ဟု ပြောသည်။

ANP ပါတီသည် ၂၀၂၃ ခုနှစ်၊ မတ်လနောက်ဆုံးအပတ်တွင်  မှတ်ပုံတင်ခွင့်လျှောက်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီက တစ်နှစ်ကျော်ကြာ စိစစ်စစ်ဆေးပြီးနောက် ANP ပါတီ၏ မှတ်ပုံတင်လျှောက်ထားမှုကို ငြင်းပယ်လာခြင်းဖြစ်သည်။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ တွင် - မတရားအသင်း(သို့မဟုတ်) အကြမ်းဖက်အဖွဲ့အစည်း၊ နိုင်ငံတော်အား လက်နက်ကိုင်ပုန်ကန်သူ (သို့မဟုတ်) အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည့်အဖွဲ့အစည်း (သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာထားသည့်အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း(သို့မဟုတ်) အားပေးကူညီခြင်း စသည့်အချက်များအား လုပ်ဆောင်သောအဖွဲ့အစည်းများကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခွင့် မရှိစေရဟု ဆိုသည်။ 

ANP ပါတီသည် ၂၀၁၅ ၊ ၂၀၂၀ ခုနှစ် အထွေအထွေရွေးကောက်ပွဲတို့တွင် ရခိုင်ပြည်အတွင်း လူထုထောက်ခံမှု အများဆုံးရရှိခဲ့သည့် ပါတီဖြစ်သည်။ 

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ခဲ့သည့် ရခိုင်နိုင်ငံရေးပါတီ ၆ ခုထဲတွင် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှာ မှတ်ပုံတင်ခွင့်ရရှိထားပြီး ANP ပါတီ တစ်ခုတည်းသား ငြင်းပယ်ခံရခြင်းဖြစ်သည်။ 

ဗီဒီယိုများ