ရခိုင်စစ်ပွဲ ရုတ်တရက် ရပ်စဲလိုက်ခြင်းအပေါ် သဘောထားအမြင်များ (Vov Pop)

တောင်သူလယ်သမားများ စပါးရိတ်သိမ်းနိုင်ရန်နှင့် ကုန်းလမ်း၊ ရေလမ်းများဖွင့်ကာ ကုန်စည်စီးဆင်းမှု အဆင်ပြေလာစေရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်ရပ်မှု”ကို အလွတ်သဘော လုပ်ဆောင်ခဲ့ကြသည်။

By Admin 30 Nov 2022

ရခိုင်စစ်ပွဲ ရုတ်တရက် ရပ်စဲလိုက်ခြင်းအပေါ် သဘောထားအမြင်များ (Vov Pop)

DMG | နိုဝင်ဘာ ၃၀

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သော်လည်း ဂျပန်နီပွန်ဖောင်းဒေးရှင်းဥက္ကဌ မစ္စတာဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုကြောင့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အပစ်ရပ်စဲခဲ့ကြသည်။

တောင်သူလယ်သမားများ စပါးရိတ်သိမ်းနိုင်ရန်နှင့် ကုန်းလမ်း၊ ရေလမ်းများဖွင့်ကာ ကုန်စည်စီးဆင်းမှု အဆင်ပြေလာစေရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်ရပ်မှု”ကို အလွတ်သဘော လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ရပ်စဲလိုက်မှုနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများ၏ အမြင်သဘောများကို DMG က စုစည်း တင်ပြပေးလိုက်သည်။

ဦးသန်းစိုးနိုင်( နိုင်ငံရေးလေ့လာသုံးသပ်သူ)

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား အခုအပစ်အခတ် ရပ်စဲရေး လုပ်ထားတာပေါ့ဗျာ။ အဲဒါက ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောဆိုချက်အရဆိုရင် တစ်ခုက ရခိုင်ပြည်သူလူထုရဲ့ စစ်ဘေး၊ စစ်ဒဏ်ထိခိုက်နစ်နာမှုက များပြားနေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်ပြည်သူတွေ အရေအတွက်ကလည်း တိုးတက်နေတယ်။ အဲဒီ အခြေအနေကို လျှော့ချဖို့အတွက် ယာယီအပစ်အခတ်ရပ်စဲတာလို့ ဆိုပါတယ်။

နောက်တစ်ခုကတော့ ဒီအချိန်ဟာ ရာသီဥတုအရ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းခြွေရမယ့်အချိန်ဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် တော်တော်လေး ငြိမ်းချမ်းတဲ့အခြေအနေ ဖန်တီးပေးဖို့လိုအပ်တဲ့အတွက် အခုလို လုပ်လိုက်တာလို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီလို အနေအထား အဲလို သဘောထား ဆောင်ရွက်လာတာက တစ်ခု ပြောစရာရှိတာက ရခိုင်ပြည်သူလူထုသာလျှင် အခု စစ်ကောင်စီလုံခြုံရေး တပ်တွေရဲ့ ဖိနှိပ်မှုတွေ ၊ သတ်ဖြတ်မှုတွေ၊ ဖျက်စီးမှုကို ခံနေရတာ မဟုတ်ပါဘူး။

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်၊ KNU/KIA/KNPP စတဲ့ ဒေသတွေမှာလည်း ပြည်သူတွေဟာ ဒီလိုပဲ ခံနေရတာပါ။ ဗမာပြည်ရဲ့ အလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာဆိုရင် (စပါး) ရိတ်သိမ်းမှု မလုပ်နိုင်တင်မက ဖျက်ဆီးမှုခံနေရတဲ့ အခြေအနေတွေပါ။ အဲဒီလို ဗမာပြည်ရဲ့ အရေးကြီးဒေသတွေမှာလည်း ပြည်သူတွေဟာ စိုက်ပျိုးသီးနှံ စိုက်ပျိုးနေရာတွေ၊ ရပ်ရွာတွေ မီးရှို့ခံရတယ်၊ ပစ္စည်းတွေလည်း အလုယက်ခံနေရတယ်။

အဲဒီလို အခြေအနေမျိုးမှာ ရခိုင်ပြည်တစ်ခုတည်း ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားအတွက် အပစ်အခတ် ရပ်စဲတယ်ဆိုတာ သင့်တော်ပါ့မလား ဆိုတာကို စဉ်းစားဖို့တော့ လိုအပ်ပါတယ်။ ဒီနေ့ကာလအရ တိုင်းရင်းသား ( EAO) တွေလည်း NUGအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စစ်ကောင်စီရဲ့ အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်နေတဲ့ကာလမှာ ဒီလို လုပ်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ လုပ်ရပ်တွေကို ထိပါးနိုင်စရာ မရှိဘူးလားလို့ စဉ်းစားဖို့ကောင်းတယ်။

ဒါက (အပစ်အခတ် ရပ်စဲတာက) စစ်ရေး၊ နိုင်ငံရေး ဆက်စပ်မှု ရှိတယ်လို့ထင်တယ်။ လူသားချင်းစာနာ ထောက် ထားမှုနဲ့ဆိုင်တဲ့ကိစ္စက အခုရှိနေတဲ့အနေအထားရဲ့ ဘက်တစ်ဖက်တည်းဖြစ်ပါတယ်။ဒါပေမယ့် တစ်ဖက်က နိုင်ငံရေး၊ စစ်ရေး ဆက်စပ်မှုတွေ ဆိုတာက ရက္ခိုင့်တပ်တော်(AA)ရဲ့ ရက္ခိတလမ်းစဉ်ရဲ့ သူတို့ (AA)က ဒီကနေ့ ဗမာ ပြည်ပြဿနာ ဖြေရှင်းရေးမှာ အဲဒီသဘောထားနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ အဲဒီသဘောထားဆိုတာ တနည်းအားဖြင့် ပြောလို့ရှိရင် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်း အနေအထားရအောင် တည်ဆောက်မယ်ဆိုတဲ့ သဘောထားနဲ့ သူတို့(AA)က စစ်ကောင်စီနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် အဲဒီအချိန်တွေအပေါ်မှာ စစ်ကောင် စီနဲ့ AA ကြားထဲမှာ ဆက်သွယ်ဆွေးနွေးမှုတွေ မုချရှိနေမယ်လို့ ယူဆတယ်။

နောက်တစ်ခုက EAOတွေ အားလုံးက NUGနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို စစ်ရေးလုပ်ရှားမှုတွေ လုပ်ဆောင် နေတဲ့ အချိန်မှာ တစ်ဖက်သတ် တစ်သီးတစ်ခြား AAတပ်ဖွဲ့အနေနဲ့ ရပ်စဲရေးလုပ်လိုက်တယ်ဆိုတာ ကျန်တဲ့ အင်အားစုတွေရဲ့ တိုက်ခိုက်နိုင်မှုစွမ်းရည် တိုက်ပွဲအရှိန်အဟုန်ကို ဇက်ကြိုးဆွဲလိုက်သလိုမျိုးလို့ ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး၊ စစ်ရေးအရ ဆက်စပ်မှုတွေ ရှိနိုင်အုံးမယ်လို့ ယူဆတယ်။

(ရေရှည် အပစ်အခတ်ရပ်စဲဖို့)ကျနော်ကတော့ မထင်ပါဘူး။ ဒါတွေဟာ အလွတ်သဘောအားဖြင့် ရခိုင်ပြည် သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ ဒုက္ခတွေကိုဖြေရှင်းဖို့အတွက်အတွက် ယာယီ လုပ်တယ်လို့ပဲ ယူဆတယ်။ တစ်ဖက်က ရခိုင်ဒေသမှာ ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း လျှော့ချတာ မရှိပါဘူး။ နောက်တစ်ဖက်က AA ဟာလည်း သူရဲ့ ဒေသအုပ်ချုပ်ရေး၊ နောက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ ဆက်မလုပ်ဘဲ ရပ်နေမှာ မဟုတ်ပါဘူး။ အဲဒါတွေကို ဆက်တိုး လုပ်ဆောင်တာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ဒါတွေကို ဖျက်ဆီးဖို့၊ တုန့်ပြန်တိုက်ခိုက်ဖို့အတွက် စစ်အင်အားတွေ တိုးချဲ့လာအုံးမှာပါ။ အဲဒီအချိန်ခါဆိုရင် ဒီသဘောတူညီချက်တွေဟာလည်း ပျက်ပြေသွားမယ်လို့ ကျနော်ယူဆတယ်။

ဦးဖေသန်း ( ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

သူတို့ကတော့ အခု ရခိုင်ပြည်မှာ ပြည်သူတွေ ဟိုမသွားရ၊ ဒီမသွားရ။ ရိက္ခာတွေကို ဖြတ်တယ်။ စီးပွားတွေကို ဖြတ်တယ်။ လယ်သမားတွေ လယ်သိမ်းခွင့်မရ။ နောက် ရွာတွေကို လက်နက်ကြီးနဲ့ပစ်။ အဲလို ဒုက္ခရောက်နေတာက နေ့စဉ်နေ့တိုင်း ကြားနေရတယ်။ အဲဒီအပေါ်မှာ သူတို့က ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းချင်တာကြောင့်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲတယ်ဆိုပြီး သုံးတယ်ပေါ့။

အဲလို အခက်အခဲရောက်အောင်တော့ စစ်ကောင်စီက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေလို့ပဲ။ အမှန်က စစ်ပွဲနဲ့လည်းမဆိုင်ဘူး။ တစ်ခါတစ်ခါဆိုရင် စစ်ပွဲတွေလည်းမရှိဘဲ ရွာတွေကိုပစ်တယ်။ ရွာထဲဝင်ပြီး သတ်တယ်။ ရွာထဲဝင်ပြီး မီးတိုက်တယ်။ အဲဒီတော့ လူထုတွေရဲ့ ဒုက္ခရောက်တဲ့အသံက ထွက်လာတော့ ULA/AA ဘက်ကတော့ အဲဒီ အခက်အခဲတွေကို ပြေလည်စေချင်တာကြောင့် သူတို့ဘက်က ယာယီအပစ်အခတ်ရပ်စဲရေးကို လုပ်လိုက်တာပေါ့။

စစ်ကောင်စီအနေနဲ့တော့ သူတို့မှာက တမင် သူတို့ဘက်က ဖန်တီးထားတဲ့ ဆိုးကျိုးတွေပဲ ဖြစ်တယ်။ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေပဲ ဖြစ်တယ်။ သူတို့ ဒီလိုလုပ်တာကလည်း ULA/AA နဲ့ ပြည်သူတွေကို မပူးပေါင်းဝံ့အောင်ဆိုပြီး လုပ်လာတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်အဲလို အခက်အခဲတွေ ပြေလည်ဖို့ နှစ်ဖက်သဘောတူ လုပ်လိုက်တာကတော့ လောလောဆယ် ပြည်သူတွေအတွက် အသက်ရှူချောင်သွားတယ်ပေါ့။ အဲဒီ အခက်အခဲတွေက ရေရှည်မှာရော အခုလိုသွားမှာလား။ ပြန်ပြီးရင် တစ်ကြောင်းမဟုတ်ရင် တစ်ကြောင်း ထိပ်တိုက်တိုးလာမှာလား။ အဲဒါကတော့ စိုးရိမ်စရာဖြစ်တယ်။ လောလောဆယ်မှာတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးကတော့ ပြေလည်လာမယ်။ လယ်သမားတွေ စိတ်ဖြောင့်ဖြောင့်နဲ့ တလင်းသိမ်းနိုင်မယ်။ ပြည်သူတွေရဲ့ အကျပ်အတည်းအခက်အခဲတွေလည်း လောလောဆယ် ပြေလည်သွားမယ်ပေါ့။ တာရှည်ကတော့ ပြောလို့မရဘူးပေါ့။

သူတို့ ပြောတာကတော့ စစ်ရေးလှုပ်ရှားမူကို ရပ်တန့်ထားရမယ်ပေါ့။ ရောက်တဲ့နေရာမှာ နေရမယ်။ ကိုယ့်ဘက် ၊ သူ့ဘက်က အခုလက်ရှိ အပစ်အခတ်ရပ်စဲနေတဲ့အချိန်မှာ ရှိတဲ့နေရာမှာပဲနေရမယ်။ ရှေ့တိုးမလာရဘူးဆိုတဲ့ ပုံစံမျိုးကိုတော့ ဦးခိုင်သုခပြောတာကို ကြားလိုက်တယ်ပေါ့။ နောက်ပိုင်းမှာ စစ်ရေးအရ ဘယ်လိုဖြေရှင်းကြမလဲ။ နိုင်ငံရေးအရ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကိုတော့ ငါတို့လည်း မသိဘူး။ ပြည်သူတွေ အနေနဲ့တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေပြေလည်လည် ဖြစ်စေချင်တယ်ပေါ့ အားလုံးကို။

သဘောတူညီချက် ရေရှည်သွားမယ်ဆိုတာက နိုင်ငံရေး သဘောတူညီချက် ကတိကဝတ်ရှိမှသာ ရေရှည်သွား လို့ရတယ်။ လောလောဆယ် ဖြစ်ပေါ်နေတဲ့အခက်အခဲတစ်ခုကို ကတိကဝတ်လောက်နဲ့ တော့ ထာဝရ အေးချမ်းသွားမယ်လို့တော့မရှိဘူး။ ထာဝရ အပစ်အခတ်ရပ်စဲဖြစ်သွားမယ်လို့တော့ မရှိဘူး။ နိုင်ငံရေးအားဖြင့် အပေးအယူမျှတပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေရှိမှသာလျှင် တစ်ဖက်နဲ့ တစ်ဖက် လိုအင်ဆန္ဒတွေကို ညှိနိုင်မှာ ဖြစ်တယ်။ နိုင်ငံရေး ကတိကဝတ်တွေ ဖြစ်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုတွေကို ရှေ့ဆက်လုပ်သွားဖို့လိုတယ်။ အဲလိုမဟုတ်ရင်တော့ မကြာခင်ပဲ တစ်ခုမဟုတ်ရင် တစ်ခုတစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

စောမြရာဇာလင်း (ဒုတိယ ဥက္ကဌ) ALP

တိုက်ပွဲကာလအတွင်းမှာ ပြည်သူတွေ အများကြီးနစ်နာတာရှိတယ်။ ပြည်သူတွေဟာ အများကြီး ဒုက္ခရောက်တယ်။ ဒါကြောင့် တိုက်ပွဲတိုက်တယ်ဆိုတာထက် အပြင်မှာ လက်နက်ကိုင် တိုက်ခိုက်လို့ ကျဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ ရှိပေမယ့်လည်း ဒုက္ခရောက်မှုမှာကျရင်တော့ ကလေးတွေ အမျိုးသမီးတွေ လူအိုတွေ ပြည်သူတွေ အများကြီး ဒုက္ခရောက်တယ်။ ရွာပြို ရွာပျက်ဖြစ်တယ်။ ဒါကြောင့် စစ်ဆိုတာကတော့ မလွဲသာလို့ တိုက်ကြရတာ ဖြစ်တယ်။ ဆွေးနွေးဖို့ လမ်းကြောင်းရှိတယ်ဆိုရင် ဆွေးနွေးလို့ ရနိုင်တယ်။ ဆွေးနွေးလို့ ရနိုင်ဖို့ဆိုရင် ဆွေးနွေးရေးလမ်းကြောင်းကတစ်ဆင့် သွားသင့်တယ်။ စစ်ဖြစ်လာတယ်ဆိုတာ ပန်းနဲ့ပေါက်တာ မဟုတ်ဘူး။ ရေနဲ့ ပေါက်တာမဟုတ်တဲ့အတွက်ကြောင့် နှစ်ဖက်စလုံးက ထိခိုက်နစ်နာမှု ရှိတယ်။ အထူးသဖြင့် ပြည်သူတွေက မြေစာပင် ဖြစ်တယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲထားခြင်းအားဖြင့် ကောင်းတယ်လို့ မြင်တယ်။ ဒီတစ်ဆင့်ပြီးရင် ရှေ့ကိုတစ်ဆင့် တက်သွားနိုင်ဖို့အတွက် ကြိုးစားခြင်းဖြင့် အပြုသဘောဆောင်တဲ့ နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းနိုင်ဖို့လို့ ယုံကြည်တယ်။

အဓိကတော့ ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။ တိုက်ပွဲ ဖြစ်လာတယ်ဆိုကတည်းက ယုံကြည်မှု မရှိလို့ဖြစ်တယ်။ ပထမ အပစ်အခတ် ရပ်စဲထားခဲ့ကြတယ်။ နောက်ခါ ပြန်ပြီး တိုက်ပွဲ ဖြစ်လာတယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိတာကြောင့် ဖြစ်တယ်။ ယုံကြည်မှုကို ဒီထက်မက တည်ဆောက်နိုင်ခြင်းအားဖြင့် ရခိုင်ပြည်အတွက်လည်း အကျိုးရှိအောင် ဖန်တီးနိုင်မယ်လို့ မြင်တယ်။

ဦးမောင်ကျော်ဝင်း (စစ်ဘေးရှောင်) ကျောက်တော်မြို့နယ်

အိမ်ကိုတော့ ပြန်ချင်ပါတယ်။ ကျနော်တို့မှာ ကိုယ့်အိမ်၊ ကိုယ့်မြေ ၊ ကိုယ့်ယာကို ဘယ်သူက မလွမ်းလို့ရှိမှာလဲ။ ဒါပေမယ့် သူတို့မှာ အခုလို အပစ်အခတ်ရပ်စဲတာဟာ စာချုပ်၊ စာတမ်းတွေနဲ့လည်း မဟုတ်။ နားလည်မှုသဘောနဲ့ လောလောဆယ် သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲတာကိုတော့ ကျနော်တို့ မိသားစုတွေအတွက် ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး။ နောက်တိုက်ပွဲ ဖြစ်ဖို့ အလားအလာရှိလားဆိုတာကို စောင့်ကြည့်ရအုံးမယ်။ ကျနော်တို့မှာ အိမ်ကိုလွမ်းတော့လွမ်းပေမယ့် အိမ်ပြန်ဖို့ဆိုတာက ရှေ့မှာ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အခြေအနေအပေါ်မှာပဲ မူတည်ပါတယ်။

တိုက်ပွဲဖြစ်တယ်ဆိုရင် ကျနော်တို့မှာ သိပ်အခက်အခဲ ကြုံရပါတယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့ ကျနော်တို့မှာ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးက တစ်မျိုး။ စားဝတ်နေရေးက တစ်မျိုးပေါ့။ ပြီးရင် ကျနော်တို့မှာ အိမ်ပြန်မယ်ဆိုရင်လည်း မြေမြှုပ်မိုင်းတွေနဲ့ သွားရေးလာရေးအမျိုးမျိုး အခက်အခဲတွေ ရှိတယ်။ ပထမကတော့ အပစ်အခတ်ရပ်စဲတယ်ဆိုတာကို သတင်းတွေနဲ့ လူတွေဆီက ကြားကြားချင်း မယုံနိုင်စရာပါ။ သတင်းအမှန်ကြားတော့ ကျနော်တို့မှာ သိပ်ဝမ်းသာပါတယ်။ တကယ့် အဟုတ်အမှန် ဖြစ်လာမှာလားဆိုတာကို ကျနော်တို့မှာ သိပ်စဉ်စားရပါတယ်။

ဒီအပစ်အခတ်ရပ်စဲတာဟာ ရက်တိုလား၊ ရက်ရှည်လားပေါ့။ လောလောဆယ်တော့ အပစ်အခတ်ရပ်စဲပါတယ်ဆိုတဲ့ သတင်းကြရတာတော့ ကျနော်တို့ စစ်ဘေးရှောင်တစ်ယောက်အနေနဲ့တော့ အိမ်ကိုတော့ ပြန်ရတော့ မယ်လို့ ထင်မိပါတယ်။ သူတို့မှာက နှစ်ဖက်ညှိနှိုင်းပြီး လောလောဆယ်မှာတော့ ရပ်စဲထားတာပဲဖြစ်တယ်။ သူတို့က တစ်ဖက်က ကျူးလွန်ရင် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်။ သူတို့မှာ တစ်ဖက်က ကတိကဝတ် ချိုးဖောက်သည်ဖြစ်စေ၊ အဖွဲ့တစ်ခုခုက သူတို့ သဘောတူညီချက်ကို ကျူးလွန်ရင် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ကျနော်တို့လည်း စိုးရိမ်မှုတော့ရှိတယ်။ တိုက်ပွဲ နောက်ထပ်ဖြစ်ရင် ကျနော်တို့မှာ ပြေးစရာလည်း မရှိတော့ပါဘူး။ ဒီစခန်းထဲမှာ သေသေ ရှင်ရှင် ကျနော်တို့နေတဲ့ စခန်းတစ်ခုမှာပဲ ကုပ်ပြီးနေရတော့မှာပါ။

စောစံငြိမ်းသူ ( ဥက္ကဌ) ရခိုင်‌ရှေ့ဆောင် အမျိုးသမီးများအဖွဲ့

ကျမတို့ ဒေသအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေအပေါ်မှာ ထိခိုက်နစ်နာမှုတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီလို နောက်ဆက်တွဲက လမ်းပန်းဆက်သွယ်ရေးနဲ့ လမ်းတွေကို ပိတ်ဆို့မှုတွေ ရှိလာတယ်။ အဲဒီလမ်းပိတ်ဆို့မှုတွေနဲ့အတူ ကုန်သွယ်မှုတွေ မလုပ်ရ၊ တစ်ဖက်မှာလည်း စီးပွားရေးကအစ စားသောက်ကုန်တွေကအစ ပိတ်ဆို့မှုတွေ ရှိလာတဲ့အခါ ပြည်သူလူထုတွေ ရဲ့ ကျန်းမာရေး စောင့်ရှောက်ခံစားပိုင်ခွင့်ကို ထိခိုက်လာခဲ့တယ်။ တစ်ဖက်မှာ စားသောက်ကုန်တွေ ပြတ်လပ်တဲ့အတွက်ကြောင့် စားနပ်ရိက္ခာ စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း အများကြီး ကြုံလာရတာတွေ ရှိပါတယ်။

ဆေးဝါးပြတ်လပ်မှုအခြေအနေတွေမှာ သွားလာမှု လမ်းပိတ်ဆို့မှု၊ ဆေးကု သခွင့်မရ အခြေအနေမျိုးအထိ ကြုံလာခဲ့တာတွေရှိပါတယ်။ ဒါကြောင့် အခုလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ခြင်းအားဖြင့် ပြည်သူလူထုတွေအပေါ်မှာ ထိခိုက်နစ်နာနေတဲ့ အခြေအနေတွေကို လျော့ပေါ့စဉ်းစားရာ အခြေအနေရောက်တယ်လို့ ကျမ မြင်ပါတယ်။

တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲဖော်ဆောင်နေကြတဲ့ အခြေအနေမျိုးတွေမှာ ဒီအပစ်အခတ်ရပ်စဲရေး ဆိုတာကတော့ ပုံစံမျိုးစုံနဲ့ ရှိမယ်။ အခုလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုတာလည်းရှိမယ်။ ပြီးရင် တစ်ဖက်ကလုံးဝ အပစ်အခတ်ရပ်စဲပြီးရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အတွက်ကို နည်းလမ်းရှာတဲ့ အခြေအနေမျိုးတွေလည်း ရှိမယ်။ ဘယ်လိုပဲရှိရှိ အဓိကတော့ တိုက်ပွဲကြောင့် ပြည်သူလူထုကို မထိခိုက်မနစ်နာစေတဲ့ အခြေအနေမျိုးထိ ဖော်ဆောင်ခြင်းအပေါ်မှာတော့ ကျမတို့ အနေနဲ့ပြည်သူလူထုဘက်ကနေပြီးရင် ဝမ်းသာစရာလို့ပြောချင်ပါတယ်။ အခုလို လူသားချင်းစာနာထောက်ထားမှုကို အခြေခံတဲ့ အပစ်အခတ်ရပ်စဲရေးကနေတစ်ဆင့် ကျမတို့ ပိုပြီး ဒီထက် တိုးတက်ကောင်းမွန်တဲ့ အပစ်အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ပြည်သူလူထုတွေရဲ့ဘ၀ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုဘက်ကို သွားနိုင်တဲ့ အနေအထား မျိုးကို ဖော်ဆောင်တာမျိုး မျှော်လင့်ပါတယ်။

ဗီဒီယိုများ