AA နှင့် NUG တွေ့ဆုံခြင်းအပေါ် EAOs ခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ ဘာပြောကြသလဲ

AA သည် လတ်တလောတွင် စစ်ကောင်စီအကြီးအကဲကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ ယင်းနောက်မကြာမီ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍနှင့် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်စေရေးကို နှောင့်ယှက်ရန် ကြိုးစားနေသည့်အတွက် စစ်ရေးတင်းမာမှုများရှိကြောင်း AA က မေလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် NUG နှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။

19 May 2022

DMG ၊ မေ ၁၉

(Vox Pop)

ယခုမေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ နှစ်ဘက်ခေါင်းဆောင်တို့သည် လက်ရှိနိုင်ငံရေးအခြေအနေများကို Online ကတဆင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

AA သည် လတ်တလောတွင် စစ်ကောင်စီအကြီးအကဲကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။ ယင်းနောက်မကြာမီ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍနှင့် ရခိုင်-မွတ်ဆလင် သဟဇာတဖြစ်စေရေးကို နှောင့်ယှက်ရန် ကြိုးစားနေသည့်အတွက် စစ်ရေးတင်းမာမှုများရှိကြောင်း AA က မေလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် NUG နှင့် တွေ့ဆုံခြင်းလည်းဖြစ်သည်။

ထိုသို့ AA နှင့် NUG တို့တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးအကဲခတ်တို့၏ သဘောထားအမြင်များကို DMG က တင်ဆက်ပေးလိုက်သည်။

ပဒိုစောတောနီး (နိုင်ငံခြားရေးတာဝန်ခံ) (KNU)

ဒါကတော့ ကျနော်တို့အနေနဲ့ ကြိုဆိုတယ်လို့ပြောရမှာပေါ့။ NUG နဲ့ ULA တွေ့ဆုံမှုဟာလည်း ဒီတခါတော့ တရားဝင်ပထမဆုံးအကြိမ်လို့ပြောရမှာပေါ့။ ဒီလိုစကားပြောကြတယ်ဆိုတော့ ကျနော်တို့လည်း ဝမ်းသာတယ်ပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ဒီအချိန်မှာ KNU ကလည်း ကျနော်တို့ရည်မှန်းချက်ကလည်း စစ်အာဏာရှင်ပြုတ်ကျရေးကိုလုပ်နေတယ်ဆိုတော့ အခုက တက်ညီလက်ညီနဲ့ရပ်တည်တာ။

အထူးသဖြင့် ဒီလိုနိုင်ငံအတွင်း မတရားမှုဖြစ်နေတဲ့အချိန်မှာ ရှင်းရှင်းလင်းလင်း တက်တက်ကြွကြွသိဖို့ ရပ်တည်ဖို့လိုပြီဆိုတာကတော့ ထွေထွေထူးထူးပြောစရာ မလိုတော့ဘူး။ အားလုံးမှာတော့ မတရားမှုကို တော်လှန်တဲ့အခါမှာ အခက်အခဲစိန်ခေါ်မှုတွေကတော့ ရှိနေအုံးမှာပဲလေ။ သို့သော်ငြားလည်းပဲ အထူးသဖြင့် ကျနော်တို့တိုင်းပြည်ကို နှစ်ပေါင်းများစွာဂုတ်ခွစီးပြီးတော့ စစ်တပ်ကအနိုင်ကျင့်ခဲ့တာကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အခြေအနေမှာ ဖြစ်နေကြတာ။

ကျနော်တို့ကိုယ်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင် လုပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ အကြမ်းနည်းနဲ့အာဏာသိမ်းလိုက်တယ်။ ကျနော်တို့လည်း သည်းမခံနိုင်လို့ စစ်ပွဲပြန်ဖြစ်ကြတယ်။ ဒါကြောင့် အခုလိုပဲ တော်လှန်ရေးအဖွဲ့အစည်းတိုင်းမှာ ခပ်ပြတ်ပြတ်အမှန်တရားကို ရပ်တည်မယ်ဆိုရင် ကျနော်တို့က အတိုင်းထက်အလွန်ဝမ်းသာပါတယ်။ ဒါပေမယ့်အဖွဲ့အစည်းတိုင်းမှာ ကိုယ်ပိုင်မူဝါဒတွေရှိတဲ့အပေါ်မှာတော့ လိုက်လျော့ညီထွေရှိဖို့တော့လိုတာပေါ့။

ဒီနေ့ဒီကာလမှာ တိုင်းပြည်မှာ မတရားမှုတွေ လုပ်ချင်ရာလုပ်ပြီး ငြိမ်းချမ်းရေးခေါ်ဆိုမှုအပိုင်းမှာတော့ ဘာမှလက်ခံနိုင်စရာ မရှိဘူး။ အခုလို ပြည်သူနှင့်အတူ တသွေးတည်းရပ်တည်မယ်ဆိုရင် မြန်မာ့တော်လှန်ရေးအတွက် အလှည့်အပြောင်းတစ်ခုကတော့ မလွဲမသွေဖြစ်လာမှာပဲ။

ဦးဖေသန်း (ရခိုင် ဝါရင့်နိုင်ငံရေးသမား)

တွေ့ဆုံမှုတွေကတော့ သူတို့ဘယ်လောက် သဘောတူညီမှုတွေရရှိခဲ့လည်းတော့ မသိရဘူးပေါ့။ ဒါပေမယ့်လည်း ပထဆုံးအကြိမ်တွေ့ဆုံမှုဖြစ်တဲ့အတွက် NUG ဘက်ကလည်း သူတို့ဘက်ကပူးပေါင်းမှု၊ သူတို့အစိုးရထဲမှာပါဝင်ဖို့ ပြောကောင်းပြောနိုင်တယ်။ NUG ဘက်ကတော့ AA နဲ့တွေ့ချင်နေတာလည်းကြာပြီ။ ဖိတ်ခေါ်ထားတာလည်းရှိတယ်။ နောက်ပြီးတော့ တွေ့ဆုံပွဲမှာလည်း ရက္ခိုင်ပြည်နယ်အစိုးရ၊ ရက္ခိုင့်ပြည်သူ့ အာဏာပိုင်အဖွဲ့ အဲလိုသုံးနှုန်းထားတယ်။

ဆိုတော့ ဒီဘက်ကဖြစ်တည်မှုကို သူတို့ကအသိအမှတ်ပြုတယ်။ အသုံးအနှုန်းတွေကအစ ပြောဆိုထားတော့ နိုင်ငံရေးအရ AA ဘက်ကလည်း အားသာချက်ရတယ်ပေါ့။ NUG အပေါ်မှာလည်း ULA က စစ်ကောင်စီကို မတွေ့ဘဲ သူတို့နဲ့တွေ့တယ်ဆိုတော့ အသိအမှတ်ပြုတယ်ဆိုတော့ သဘောလည်းဖြစ်သွားတယ်ပေါ့။ ဒါကိုလည်း NUG ဘက်က လိုလားနေတာလည်းရှိမယ်။ ဒါကြောင့် ဒီလိုတွေ့ဆုံမှုတွေဟာ နှစ်ဦးနှစ်ဘက် အကျိုးမနည်းပါဘူး။ သို့သော်လည်း ဘယ်လောက်အတိုင်းအတာထိ ကြီးကျယ်ဖြစ်ထွန်းမလဲဆိုတာကို မပြောနိုင်သလို မျှော်လင့်လို့လည်းမရသေးဘူး။ ဒီကြားထဲမှာ ULA/AA နဲ့ ဘာဖြစ်လာမလဲဆိုတဲ့ အခြေအနေ NUG နဲ့ ဆက်လက် ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုလည်းကြည့်ပြီးမှ အဖြေပေါ်လာမယ်။

ဗိုလ်မှူးကြီး မင်းထွန်း (စစ်ဦးစီးချုပ်) (ANC/AA)

ယေဘုယျအားဖြင့်ပြောရရင် ဒီလိုတွေ့ကြတာဟာ ကောင်းတယ်လို့မြင်ပါတယ်။ ဆိုတာက ဘာပဲဖြစ်ဖြစ် ဗမာပြည်မှာပြဿနာက တိုင်းရင်းသားတွေအတွက်ဆိုရင် အမျိုးသားတန်းတူရေးပြဿနာဖြစ်သလို သာမန် ဗမာပြည်သူလူထုအတွက်ဆိုရင်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြဿနာဖြစ်နေတာ။ ဒီဟာမှာ လမ်းစဉ်နှစ်ရပ်က မတူညီလို့ပြောလို့ရသလို တထပ်တည်းကျတဲ့အချိန်မှာတော့ တူညီတယ်လို့လည်း ဆိုနိုင်တယ်လေ။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ်တစ်ခုတည်းနဲ့သွားလို့လည်း ဒီမိုကရေစီမပါရင် မပြည့်စုံသလို ဒီမိုကရေစီတစ်ခုတည်းနဲ့သွားလို့လည်း ဖက်ဒရယ်မပါရင် မပြည့်စုံပြန်ဘူးလေ။ ဒါကြောင့် ကျနော်တို့တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ပြောကြတာကတော့ ကောင်းတယ်လို့ပြောတာဖြစ်တယ်။

သို့သော် အသေးစိတ်မှာတော့ ဘာတွေဆွေးနွေးခဲ့ကြသလဲဆိုတာကို တိတိကျကျ အသေးစိတ် ထုတ်ပြန်တာတွေ မသိရတဲ့အခါမှာတော့ အချက်အလက်အရပြောရခက်တယ်။ ဒီမှာ ULA ကလည်း တိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာရှိတယ်။ ဒါပေမယ့် ဒီတိုက်ပွဲတွေက နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ခြင်းက ဖြစ်ချင်မှလည်းဖြစ်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဦးတည်ချက်ကတော့ ဘုံရန်သူ တစ်ခုတည်းကို တချိန်တည်းတပြိုင်တည်းမှာ တိုက်ခိုက်သလိုမျိုးလည်းဖြစ်လာနိုင်သလို တဖက်ကလည်း သီးခြားတိုက်ရင်လည်း နွေဦးတော်လှန်ရေးကိုလည်း အထောက်အကူပြုနိုင်တယ်ပေါ့လေ။

ဦးသန်းစိုးနိုင် (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)

ဒီလိုတွေ့ဆုံမှုက NUG နဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအတွက် ကောင်းမွန်တဲ့နိမိတ်လက္ခဏာလို့ မြင်တယ်။ အဲဒီအခြေအနေကိုလှည့်ပြောင်းဖို့အတွက် NUG ဘက်ကလည်း AA အဖွဲ့ကို နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ တစိတ်တပိုင်းပါဝင်ဖို့နဲ့ သူရဲ့ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်သွားဖို့ဆိုတဲ့ သဘောထား ရှိပုံရပါတယ်။ အဲဒီသဘောထားဟာ AA အဖွဲ့ကို နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတရပ်အဖြစ် စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် ဆွေးနွေးပြောဆိုကမ်းလှမ်းမှုတို့လည်း ရှိနိုင်တယ်။
အခုကတော့ အခိုင်အမာတိုက်ရိုက်ပြောဆိုတဲ့အဆင့်အထိ ရောက်လာတဲ့အတွက် ဒီစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တကယ်လို့ AA အဖွဲ့ကပါလာလို့ရှိရင် နွေဦးတော်လှန်ရေးဟာ ဒီထက်ကြီးထွား လာပြီးတော့ ပိုတိုတောင်းတဲ့အချိန်မှာ အောင်ပွဲရမယ်ဆိုတဲ့အမြင်နဲ့ AA ကိုပါဝင်လာအောင် ချဉ်းကပ်စည်းရုံးတာဟာ နွေဦးတော်လှန်ရေးအတွက်လိုအပ်တဲ့ နိုင်ငံရေးအခင်းအကျင်းတရပ်ဖြစ်ပါတယ်။

ဒီအခင်းအကျင်းတရပ်ကို အကောင်အထည်ဖော်လိုက်ရင်ရင် တော်လှန်ရေးအတွက်ရော ပြည်သူလူထု အတွက်ရော ဝမ်းမြောက်ကြောင်းပြောချင်ပါတယ်။ စစ်ကောင်စီကတော့ တတ်နိုင်သလောက် ရခိုင်မှာ စစ်မျက်နှာမဖြစ်အောင်ကြိုးစားမှာပဲ။ ဒါပေမယ့် စစ်ကောင်စီရဲ့ အခြေခံသဘောထားနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့သဘောထားကတော့ ဘာပဲဖြစ်ဖြစ် မလွဲမသွေတိုက်ပွဲအသွင်ရှိလာမယ့် သဘောထားဖြစ်ပါတယ်။ အဲဒီအခြေအနေကလည်း နွေဦးတော်လှန်ရေးအတွက် ကြီးမာတဲ့တွန်းအားနဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတရပ်အနေနဲ့ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရေးမှာအရေးကြီးတယ်။

ဦးစိုင်းညွန့်လွင် (ရှမ်းဝါရင့်နိုင်ငံရေးသမား)

ပြောရရင်တော့ AA နဲ့ NUG နဲ့ဆွေးနွေးတာဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကကြိုဆိုရမှာပဲလေ။ ဒါပေမယ့် ဘာတွေဆွေးနွေးခဲ့လည်းဆိုတာကိုတော့ ကျနော်လည်းမဝေဖန်နိုင်ဘူးပေါ့။ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။ အခုလိုနွေဦးတော်လှန်ရေးမှာ မဟာမိတ်အဖြစ် ဆွေးနွေးကြတယ်ဆိုတာလည်း ကောင်းပါတယ်။ ကျန်တာတော့ ပြောစရာမရှိပါဘူး။

ဗီဒီယိုများ