ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်

“ဗမာပြည်မှာလုပ်မယ့်‌ ရွေးကောက်ပွဲတွေဟာ ရခိုင်လူမျိုးတွေရဲ့ လူမှုဘဝကို တစ်စုံတစ်ရာ အပြောင်းအလဲဖြစ် လာမယ်လို့တော့ ယူဆလို့မရပါဘူး” ဦးခိုင်သုခ (AA ပြောခွင့်ရပုဂ္ဂိုလ်)

By Admin 19 Nov 2022

ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခနှင့် ဆက်သွယ်မေးမြန်းချက်

“ဗမာပြည်မှာလုပ်မယ့်‌ ရွေးကောက်ပွဲတွေဟာ ရခိုင်လူမျိုးတွေရဲ့ လူမှုဘဝကို တစ်စုံတစ်ရာ အပြောင်းအလဲဖြစ် လာမယ်လို့တော့ ယူဆလို့မရပါဘူး” ဦးခိုင်သုခ (AA ပြောခွင့်ရပုဂ္ဂိုလ်)

ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်ကာ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာသည်။ တစ်ဖက်တွင် မြန်မာစစ်တပ်မှ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်း၊ ကုန်းလမ်း၊ရေလမ်းများကို တင်းကျပ်စွာပိတ်ဆို့ထားမှုများ ရှိနေသည်။

ထိုအခြေအနေများအပါအဝင် လက်ရှိစစ်ရေးအခြေအနေ၊ စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အမြင်သဘောထားများ၊ AA ၏ နိုင်ငံရေးရည်မှန်းချက်များ စသည်တို့ကို ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

DMG - သြဂုတ်လကနေ စတင်ဖြစ်ပွားလာတဲ့ မြန်မာစစ်တပ်နဲ့ စစ်ရေးအခြေအနေဟာ လက်ရှိအချိန်ထိ ဘယ်လိုအခြေအနေရှိပါသလဲ။

KTK - လက်ရှိ ရခိုင်ပြည်ရဲ့ စစ်ရေးအခြေအနေကတော့ တိုက်ပွဲတွေ နေ့တိုင်းဆက်ဖြစ်နေပါတယ်။ မြန်မာစစ်တပ်ဘက်က သူတို့ရဲ့ ကြည်းတပ်တွေအတွက် လူအင်အား၊ စစ်လက်နက်၊ ရိက္ခာတွေကို နည်းမျိုးစုံနဲ့ ဖြည့်တင်းနေသလို ရေတပ်နဲ့ လေတပ်ကိုလည်း ရခိုင်ပြည်အနှံ့မှာ အင်အားတွေထပ်ဖြည့်နေပါတယ်။ ဒါကြောင့် လာမယ့်ရက်တွေမှာလည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ အနေအထားရှိပါတယ်။

မနေ့(နိုဝင်ဘာလ ၁၈ ရက်)ကစပြီးတော့ အခုချိန်ထိပေါ့နော်။ မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်မ ၂၂ နဲ့ တပ်မ ၇၇ ပူးပေါင်းတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတာတွေရှိသလို ကျနော်တို့ဘက်ကလည်း တန်ပြန်ခုခံချေမှုန်းနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ တိုက်ပွဲတွေကတော့ ဆက်ပြီးတော့ ပြင်းထန်နေတယ်လို့ ပြောလို့ ရပါတယ်။

DMG - တကျော့ပြန်တိုက်ပွဲတွေကြောင့် မြန်မာစစ်တပ်ဘက်က နယ်ခြားစောင့်စခန်း၊ ရဲစခန်းအပါအဝင် စစ်တပ်စခန်း ဘယ်နှစ်ခုလောက်ကို သိမ်းနိုင်ပြီလဲ။ နှစ်ဖက်ထိခိုက်မှုက ဘယ်လောက်ရှိလဲ။

KTK - စခန်းဘယ်နှစ်ခုသိမ်းလိုက်နိုင်ပြီလဲ ဆိုတာကတော့ ကိန်းဂဏန်းအားဖြင့် အတိအကျပြောဖို့ကတော့ ခက်ပါတယ်။ တစ်ချို့နေရာတွေမှာ စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့ အခက်အခဲတွေကြောင့် စခန်းကို စွန့်ခွာသွားတာတွေလည်းရှိသလို ပြန်လည်ပြီးတော့ ဝင်ရောက်နေရာယူဖို့ ကြိုးစားနေတာတွေလည်း ရှိပါတယ်။ တစ်ချို့နေရာတွေမှာ အင်အားနည်းတဲ့စခန်းတွေ လေးငါးခုလောက်ပေါင်းပြီးတော့မှ တစ်နေရာမှာ အင်အားစုပြီးတော့ နေရာယူထားတဲ့ စခန်းတွေလည်းရှိပါတယ်။ ဒါကြောင့်မလို့ အတိအကျပြောဖို့ကတော့ ခက်ပါတယ်။

DMG - မြန်မာစစ်တပ်ဟာ အရင်စစ်ပွဲတွေတုန်းကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ ပါတယ်။ လက်ရှိမှာရော လေကြောင်းအန္တရာယ်ကို ဘယ်လို ခုခံရင်ဆိုင်နေပါသလဲ။

KTK - ဟုတ်ပါတယ်ဗျ။ စစ်ကောင်စီဟာ လက်ရှိမှာ အခက်အခဲ၊ အကျပ်တည်းဆုံးအခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်သလို မြေပြင်တိုက်ပွဲတွေမှာ အကျ၊အဆုံးတွေ များနေတဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ လေတပ်နဲ့ရေတပ်တွေကို အင်အားဖြည့်အသုံးပြုပြီးတော့ တိုက်ခိုက်နေတာတွေ တွေ့ရပါတယ်။ အထူးသဖြင့်တော့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထား တိုက်ခိုက်ပြီးတော့ သူတို့ရဲဘော်တွေရဲ့ ဆိုးဆိုးဝါးဝါး စိတ်ဓာတ်ကျဆင်းမှုတွေ၊ ကစိမ့်ကလျားထွက်ပြေးနေမှုတွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာတွေကို တွေ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့စစ်သမိုင်းကိုပြန်ကြည့်ရင် လေကြောင်းအသာစီးတစ်ခုတည်းနဲ့ နိုင်သွားတဲ့ စစ်ပွဲမျိုးကတော့ မရှိပါဘူးဗျ။ ဒါကြောင့် ပြောလိုတာကတော့ လေကြောင်းအသာစီးရမှုဟာ စစ်ပွဲရဲ့ အဆုံးအဖြတ်တော့ မဟုတ်ပါဘူး။ ဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ အမေရိကန်တွေ ဗီယနမ်ကပြေးရတာတွေ၊ ဒါတွေဟာ ကမ္ဘာ့သမိုင်းထဲက သက်သေတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြောချင်တာကတော့ လေကြောင်းအသာစီးရမှု တစ်ခုတည်းနဲ့ စစ်ပွဲရဲ့အဆုံးအဖြတ်ကို မလုပ်နိုင်ဘူးဆိုတာကတော့ ပြောလို့ရပါတယ်။

DMG - မြန်မာစစ်တပ်ဟာ ရခိုင်ပြည်အတွင်းမှာ ကုန်းလမ်း၊ရေလမ်းတွေလည်း ပိတ်ဆို့တာလည်း လုပ်နေပါတယ်။ ထပ်မံပြီးတော့လည်း တခြားလမ်းကြောင်းတွေကိုလည်း ပိတ်ဆို့နေတဲ့အပေါ် ဘာတွေပြောချင်ပါသလဲ။

KTK - စစ်ကောင်စီဟာ သူတို့အတွက် လက်နက်ရိက္ခာ၊ လူအင်အားတွေကို နည်းမျိုးစုံနဲ့ ရခိုင်ပြည်အနှံ့မှာ ပို့ဆောင်နေပေမယ့်လည်း တစ်ဖက်မှာတော့ ကျနော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေကို ကုန်းလမ်း၊ရေလမ်းတွေ အားလုံးကို ပိတ်ပြီးတော့မှ အခြေခံကုန်စည်စီးဆင်းမှုတွေ အားလုံးကို ကန့်သတ်ပိတ်ဆို့မှုမျိုးစုံနဲ့ ပိတ်ဆို့တားဆီး ထားပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ ပြည်သူတွေကို အငတ်ဘေးဆိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ မြန်မာစစ်တပ်ဘက်က လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါဟာ စစ်ပွဲနဲ့မဆိုင်တဲ့ ပြည်သူတွေကို ပစ်မှတ်ထားနေတာဖြစ်တဲ့အတွက် ကြီးမားဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒါဟာ စစ်ပွဲကာလအတွင်းမှာ စစ်ပွဲနဲ့မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာသဘောတူညီချက် ဂျီနီဗာကွန်ဗက်ရှင်းကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း အကြိမ်ကြိမ်ချိုးဖောက်နေတာဖြစ်တယ်လို့ ပြောလိုပါတယ်။ တစ်ဖက်မှာလည်း ဒါဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာ ဖြစ်ပါတယ်။

DMG - အခုတလောမှာ မြန်မာစစ်တပ်ဟာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားမှုမရှိတဲ့ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်စတဲ့ ရခိုင်တောင်ပိုင်းက အရပ်သားတွေ၊ သူတိုရဲ့ဝန်ထမ်းတွေကို အေအေနဲ့ဆက်စပ်ပြီး ဖမ်းဆီးနေပါတယ်။ ဒီအပေါ် ဘာကြောင့်လို့ သုံးသပ်ပါသလဲ။

KTK - အခုရက်ပိုင်း ရခိုင်ပြည်တောင်ပိုင်းဘက်မှာ မြန်မာစစ်တပ်က အဖမ်းအဆီးတွေ အများကြီး ဆိုးဆိုးဝါးဝါး လုပ်ဆောင်နေတာတွေရှိပါတယ်။ ဒါဟာ ကျနော်တို့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ ကျယ်ပြန့်လာတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စကို စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပြည်သူတွေကို ULA/AA က ဦးဆောင်နေတဲ့ ရခိုင်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှုမှာ ပူးပေါင်းမပါဝင်ဝံ့အောင် အကြောက်တရားတွေ လွှမ်းမိုးသွားအောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတာ ဖြစ်တယ်လို့ပဲ မြင်ပါတယ်ဗျာ။

ဒီလိုမျိုး ရခိုင်တောင်ပိုင်းဘက်က စစ်ကောင်စီရဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး၊ နှိပ်စက်အနိုင်ကျင့်မှု၊ စစ်ကောင်စီတပ်တွေရဲ့ တစ်ရွာဝင်တစ်ရွာထွက် နယ်လှည့်သောင်းကျန်းမှုတွေ များလာတဲ့အတွက်ကြောင့်မို့ အခုဆိုရင် ရခိုင်ပြည်တောင်ပိုင်းမှာလည်း တိုက်ပွဲတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။ ဒါဟာ တစ်ဖက်က ပြောရမယ်ဆိုရင် ဖိနှိပ်မှုပြင်းထန်လို့ ခုခံတော်လှန်မှုလည်း အရှိန်မြင့်လာတဲ့သဘောလို့ ပြောလို့ရပါတယ်ဗျာ။

DMG - ရက္ခိုင့်တပ်တော်ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်နေတာ ကာလအတန်ကြာနေပါပြီ။ ဆိုတော့ ဘယ်လောက်အထိ အောင်မြင်မှုရှိနေပါပြီ။

KTK - အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဘယ်လောက်အောင်မြင်မှုရနေပြီလဲ ဆိုတာထက် ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု ဘယ်လောက်လျှော့ကျသွားပြီလဲလို့ ပြောရင်တော့ ပိုပြီးတော့မှန်လိမ့်မယ်လို့ ထင်ပါတယ်။ အခုအခြေအနေက သူ့ရဲ့အုပ်ချုပ်ရေးကို ကိုယ့်ရဲ့အုပ်ချုပ်ရေးနဲ့ အစားထိုးနေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခက်အခဲတွေကတော့ ရှိပါတယ်။ဒါပေမယ့် ဒီအခက်အခဲတွေကို အကောင်းဆုံးပြုပြင်ပြီးတော့ ကျနော်တို့ ရက္ခိုင်ပြည်သူ့အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ကောင်းသထက်ကောင်းအောင်၊ ခိုင်မာသထက် ခိုင်မာအောင် ကျနော်တို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ပဲ ပြောလိုပါတယ်ဗျာ။

DMG - ရက္ခိုင့်တပ်တော်ဟာ ရက္ခိတရည်မှန်းချက်အတိုင်း သွားနေတယ်လို့ ပြောပါတယ်။ ရက္ခိတအိပ်မက် ဆိုတာကို ပြည်သူတစ်ရပ်လုံးနားလည်အောင် ပြောပြပေးပါ။

KTK - အားလုံးနားလည်အောင် တိုတိုနဲ့ရှင်းပြရမယ်ဆိုရင် ရက္ခိတလမ်းစဉ်ဆိုတာ ရခိုင်အမျိုးသား အကျိုးစီးပွား ဗဟိုပြုဝါဒ။ ဆိုလိုတာကတော့ အာရက္ခပြည်အတွင်းမှာ နေထိုင်ကြတဲ့ အာရက္ခနိုင်ငံသားတွေ အားလုံးရဲ့ အကျိုးစီးပွားကိုဗဟိုပြုတဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုရေးသဟဇာတဖြစ်မှုတွေကို အဓိက ဦးတည်လုပ်ဆောင်သွားမယ့် လမ်းစဉ်ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်ဗျာ။

DMG - အေအေက ကွန်ဖက်ဒရေးရှင်းလိုချင်တယ်လို တရားဝင်ထုတ်ပြောပါတယ်။ အေအေလိုချင်တဲ့ ကွန်ဖက်ဒရေးရှင်းဟာ ဘယ်လိုမျိုးပါလဲ။

KTK - ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းပေါ့နော်။ အဲဒါကို ကျနော်တို့ အရင်လည်း အကြိမ်ကြိမ်ထုတ်ပြောပြီးသားလည်း ရှိပါတယ်။ ဆိုတော့ ရခိုင်တွေအနေနဲ့ကတော့ ကွန်ဖက်ဒရိတ် အဆင့်အတန်းထက် မနိမ့်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရကို ရ,ရမယ်ဆိုတာကို ပြောထားပြီးသားဖြစ်ပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ဖြစ်ပေါ့နော်။ ရခိုင်တွေရဲ့ ကြမ္မာကို ရခိုင်တွေဖန်တီးနိုင်တဲ့ အခြေအနေတွေ၊ နိုင်ငံရေးအဆင့်အတန်းကိုရအောင်တော့ ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဆိုလိုတာကတော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ဘယ်သူ့ဆီကမှ ကျနော်တို့ တောင်းယူနေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရခိုင်တွေရဲ့ စုစည်းညီညွတ်မှုနဲ့ ကျနော်တို့ချမှတ်ထားတဲ့ ရက္ခိတလမ်းစဉ်အတိုင်း ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ရခိုင်တွေကိုယ်တိုင်၊ ကျနော်တို့လက်နဲ့ မရ,ရအောင် တည်ဆောက်သွားမယ်ဆိုတာကို ပြောလိုပါတယ်ဗျာ။

DMG - လက်ရှိမှာ နိုင်ငံရေး၊ စစ်ရေးအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တစ်စုံတစ်ရာ ဆွေးနွေးမှု ရှိပါသလား။

KTK - NUG နဲ့ပဲဖြစ်ဖြစ်၊ တခြားနွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် သူတို့ရဲ့ အဖိနှိပ်ခံ စစ်ကျွန်ဘဝက လွတ်မြောက်လိုမှုအတွက် ရုန်းကန်တိုက်ပွဲဝင်နေကြတာကို ကျနော်တို့အနေနဲ့ လေးစားအသိအမှတ်ပြုတယ်ဆိုတာ ကျနော်တို့အရင်လည်း ထုတ်ဖော်ပြောထားပြီးသား ဖြစ်ပါတယ်။ အခုလည်း ဒီအတိုင်းပဲ ဆက်လက်ရပ်တည်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်အပြောင်းအလဲမရှိပါဘူးဗျာ။ အားလုံးကို မိတ်ဘက် အဖွဲ့အစည်းတွေအဖြစ် သဘောထားပါတယ်။

DMG - စစ်ကောင်စီက လာမယ့်နှစ်မှာ လုပ်ဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အေအေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

KTK - စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လောလောဆယ်တော့ ဘာမှမှတ်ချက်ပေးစရာတော့ မရှိသေးဘူးဗျ။ စောသေးတယ်လို့ပြောရမှာပေါ့။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ စစ်တပ်ကပဲဖြစ်ဖြစ်၊ အရပ်သားအစိုးရပဲဖြစ်ဖြစ် လုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေဟာ ကျနော်တို့ ရခိုင်ပြည်သူတွေအတွက် တစ်စုံတစ်ရာ ပြောင်းလဲတိုးတက်တာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ဗမာပြည်မှာလုပ်မယ့်‌ ရွေးကောက်ပွဲတွေဟာ ရခိုင်လူမျိုးတွေရဲ့ လူမှုဘဝကို တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်လာမယ်လို့တော့ ယူဆလို့ မရပါဘူး။

DMG - ရခိုင်ပြည်နဲ့ ပလက်ဝမြိုနယ်မှာ ထပ်ပြီးတော့ စစ်ပွဲတွေ ဖြစ်လာနိုင်မလား။ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာများပြောချင်ပါသလဲ။

KTK - အခုစစ်ကောင်စီဘက်က ရခိုင်ပြည်အနှံ့မှာ အင်အားဖြည့်နေတာတွေ၊ သူတို့ရဲ့လှုပ်ရှားမှုတွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နဲ့ ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြီးတော့ ပြင်းထန်လာ နိုင်တဲ့ အနေအထားရှိပါတယ်။

DMG - အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ