ရွေ့လျားစာကြည့်တိုက် စတင်တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း
ပြီးခဲ့တဲ့လက စပြီးစစ်တွေမြို့ပေါ်မှာ လူငယ်တွေက ဦးဆောင်ဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း ရွေ့လျားစာကြည့်တိုက်တွေကို ဖွင့်လှစ်လာကြတာကို တွေ့ရပါတယ်။ အဲဒီလို ရွေ့လျားစာကြည့်တိုက်တွေ ဖွင့်လှစ်လာကြတာတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေကြတာတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘယ်လိုရှိနေသလဲဆိုတာကို ရွေ့လျားစာကြည့်တိုက်ကို ဦးဆောင် ပြုလုပ်နေကြတဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
15 Jun 2021
ဇွန် ၁၅ | DMG
ပြီးခဲ့တဲ့လက စပြီးစစ်တွေမြို့ပေါ်မှာ လူငယ်တွေက ဦးဆောင်ဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း ရွေ့လျားစာကြည့်တိုက်တွေကို ဖွင့်လှစ်လာကြတာကို တွေ့ရပါတယ်။ အဲဒီလို ရွေ့လျားစာကြည့်တိုက်တွေ ဖွင့်လှစ်လာကြတာတွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေကြတာတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘယ်လိုရှိနေသလဲဆိုတာကို ရွေ့လျားစာကြည့်တိုက်ကို ဦးဆောင် ပြုလုပ်နေကြတဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ အခုဆိုရင် ရွေ့လျားစာကြည့်တိုက်တွေက တစ်ခြားမြို့နယ်တွေမှာလဲ လုပ်နေကြပြီပေါ့။ ဒါကရော ညီလေးတို့ပဲ ဦးဆောင်ပြီးလုပ်တာလား။
ဖြေ။ ကျွန်တော်တို့က တစ်ခြားမြို့တွေမှာ လုပ်နေကြတာတွေကိုကျတော့ စာအုပ်ပဲထောက်ပံ့တာ။ သူတို့မှာက စာအုပ်မရှိကြဘူး။ လူအား၊ ငွေအား စတဲ့အရာအားလုံးကို ကိုယ့်မြို့ကလူငယ်တွေ၊ စာပေဝါသနာရှင်တွေက ပေါင်းပြီးတော့ လုပ်ကြတာ။ ကျွန်တော်တို့ဦးဆောင်တယ်ဆိုပြီးတော့မဟုတ်ပါဘူး။ အဓိကတော့ မြို့ခံလူငယ် တွေ လုပ်နေကြတာပေါ့။
မေး။ စစ်တွေမှာဆိုရင် တစ်လပြည့်ပြီပေါ့လေ စာကြည့်တိုက်လုပ်တာ။ စာအုပ်လာဖတ်တဲ့သူတွေ တော်တော်လေး အားနည်းတာကိုတွေ့ရတယ်။ ဘာကြောင့်နည်း နည်းနေတာလဲ။
ဖြေ။ အခုပြောရမယ်ဆိုရင် ဒီကျွန်တော်တို့ရခိုင်တစ်ခုတည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း စာဖတ်အားက နည်းနေတာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာက နေ့စဉ်ရုံးကန်နေရသူ တွေများတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေများတယ်။ ဒီလူတွေဟာ စာပေနဲ့အလှမ်းဝေးနေကြတယ်။ စာပေအနုပညာဆိုတာ သူတို့အတွက် လိုအပ်၊ မလိုအပ်ဆိုတာပုံစံတွေရှိလာတယ်။ စာကြည့်တိုက်ရှိတဲ့ နေရာကို လူတိုင်းမလာနိုင်ဘူး။ စာကြည့်တိုက်လာမယ့်အချိန်မှာ သူတို့အတွက်အလုပ်ကလေး တစ်ခုပေါ်လာရင်ရော သူတို့ဘဝအတွက်ပိုအဆင်ပြေမယ့်ပုံစံတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့က စာကြည့်တိုက်ကို လူတွေလာစရာမလိုဘူး။ လူရှိတဲ့နေရာကို စာကြည့်တိုက်ကသွားမှာ။ စာအုပ်ဖတ်တာ နည်းတယ်။ များတယ်ဆိုတာကတော့ အခုကအစပဲရှိသေးတယ်ဆိုတဲ့အတွက် လူငယ်တစ်ချို့ပဲ စိတ်ဝင်စားကြတယ်။ နောက်ပိုင်းဆိုရင်တော့ တစ်ပြည်လုံးအတိုင်းလုပ်သွားမယ်။ အဲဒီမှာမှ သက်ကြီးပိုင်းတွေလဲ တစ်ဖြည်းဖြည်းစိတ်ဝင်စားလာမယ်လို့ မျော်လင့်တယ်။
မေး။ ဒီရွေ.လျားစာကြည့်တိုက်က တစ်စုံတစ်ရာ အထောက်အပံ့တွေနဲ့ လုပ်နေတာလား။ ဒါမှ မဟုတ်ဘယ်လို မျိုးလုပ်နေကြတာလဲ။
ဖြေ။ ပထမဆုံး ကျွန်တော်တို့က စစ်တွေမှာပုံစံကိုပဲ ကျွန်တော်ပြောပြမယ်။ GS ဆိုပြီးတော့ အဖွဲ့တစ်ခုရှိတယ်။ အဖွဲ့ဝင်တွေရှိတယ်ပေါ့လေ။ အဲဒီမှာကျွန်တော်တို့က တစ်လကို လူတစ်ယောက်က ၃၀၀၀ နှုန်းနဲ့စုကြပြီးတော့ အဲဒီကပဲရန်ပုံငွေလေးတွေရလာတယ်။ နောက် ရန်ကုန်၊ မန္တလေးအပါဝင် အမည်မခံ လိုတဲ့ အလှူရှင်တွေဆီကလည်း ငွေတွေလှူတာရှိတယ်။ အဲဒီလိုမျိုးလေးတွေစုပြီးတော့ လုပ်နေကြတာ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့မှာ စာရင်းရှင်းတမ်းတွေလည်းရှိတယ်။ အဲဒါတွေိုနဲ့ ပတ်သက်လို့ လည်း ထုတ်ပြန်သွားဖို့ရှိတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဘယ်အဖွဲ့အစည်း ရဲ့လက်အောက်ခံမှလည်း မဟုတ်ဘူး။ ကျွန်တော်တို့ဟာ ကိုယ့်အိပ်ကိုယ်စိုက်သဘောနဲ့သွားနေကြတာသာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် မြို့တိုင်းဟာ မိမိတို့ရဲ့ idea ရှိရင် ရှိသလောက်သွားလို့ရတယ်။ ဘယ်အဖွဲ့ အစည်း NGO တွေ၊ INGO တွေရဲ့လက်အောက်မှာမှမရှိဘူး။နောက်ပိုင်းတွေမှာလည်း အဲဒီလိုမျိုးပုံစံလုပ်သွားဖို့ အချိန် မရှိဘူး။
မေး။ ညီလေးတို့အနေနဲ့ အခု ဒီရွေ့လျားစာကြည့်တိုက်ကို စစ်တွေအပါဝင် ရခိုင်မှာ ဘယ်မြို့နယ်တွေမှာ လုပ်နေကြပြီလဲ။ စာအုပ်တွေ လှူပြီးတော့ပေါ့လေ။
ဖြေ။ အခုကျရင် ကျွန်တော်တို့ဖက်က စာအုပ်တွေလှူထားတာကကျတော့ ပုဏ္ဏားကျွန်းရှိတယ်။ နောက် မြောက်ဦး၊နောက်မင်းပြားကိုလှူထားတယ်။ ဒီအပတ်အတွင်းမှာလည်း ရသေ့တောင်ကိုလှူဖို့လုပ်ထားတယ်။ ပြီးတော့ ရမ်းဗြဲဖက်ကိုလှူဖို့ လုပ်ထားတာရှိတယ်။ ကျောက်ဖြူဖက်ကိုလည်း စာအုပ်တွေလှူဖို့ရှိတယ်။ ဒီတစ်လ နှစ်လအတွင်းမှာ ရခိုင်ပြည်နယ်တောင်ပိုင်းကမြို့တွေကို လှူဒါန်းသွားဖို့စီစဉ်ထားတယ်။
မေး။ လူကြီးတွေတော့ အကြောင်းအမျိုးမျိုးကြောင့် စာမဖတ်နိုင်ကြဘူးဆိုပေမယ့် ကလေးတွေ၊ မူလတန်းအ အရွယ်၊ အလယ်တန်းအရွယ် ကလေးတွေကိုစာဖတ်လိုစိတ်ရှိလာအောင်လုပ်ပေးဖို့။ နောက်တစ်ခုကတော့ ကလေးတွေဖတ်ဖို့ စာအုပ်တွေကရော လုံလုံလောက်လောက်ရှိလား။
ဖြေ။ လူကြီးပိုင်းနဲ့ ကလေးပိုင်းမှာ လူကြီးတွေကတော့ အသက်အရွယ်အပိုင်းခြားအလိုက်သော်ဖြစ်ဖြစ်။ အလုပ်ကြောင့်ဖြစ်ဖြစ်စာမဖတ်နိုင်ကြတာရှိတယ်။ ကလေးတွေကျတော့ စာဖတ်ဖို့လိုအပ်တယ်။ ကလေးတွေကျ တော့ဘယ်လိုမျိုးပုံစဉ်နဲ့ စာဖတ်မှာလည်း အဲဒါကလည်း တစ်ပိုင်းရှိတယ်။ ကျွန်တော်တို့မှာ အခုလက်ရှိ လုပ် နေတဲ့ အထဲမှာ ကလေးဖတ်စာအုပ်တွေ တော်တော်လေးနည်းပါးတယ်။ ရှိတော့ရှိတယ်။မရှိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် လူကြီးဖတ်ဖို့စာအုပ် ၄၀၀ လောက်မှာမှ ကလေးဖတ် ၅၀ နဲ့ ၁၀၀ ဝန်းကျင်မှာပဲရှိတယ်။ ကလေးတွေစာဖတ်ဖို့ အတွက်ကျတော့ ဘယ်လိုပုံစံ်သွားသင့်သလဲဆိုရင် သူတို့မှာ ကျောင်းတွေရှိတယ်။ ရခိုင်မှာက ကျောင်းတွေလည်းတက်နေကြတယ်ဆိုတော့ အဲဒီကျောင်းတွေကို ဦးတည်ပြီးလုပ်ဖို့ ဆိုပြီးတော့ မျှော်မှန်းချက်တော့ရှိတယ်။ ဖြစ်တော့ မဖြစ်လာနိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရပိုင်းနဲ့ ဆွေးနွေးရ မယ့်အပိုင်းတွေပါနေတဲ့အတွက် ကျွန်တော်တို့က ကျောင်းတွေကိုဦးတည်ဖို့အတွက် နည်းနည်းနောက်ဆုတ် ထားတာ။ ပြင်ပပေါ့ ဥပမာ ကျောင်းနဲ့အနီးအနားတွေလုပ်တော့ပိုကောင်းမလား။
မေး။ ရွေ့လျားစာကြည့်တိုက်ဆိုတော့ တစ်နေရာတည်းမှာမဟုတ်ပဲ နေရာတွေရွေ့လျားပြီးတော့ လုပ်ကြတာ ပေါ့။ ဒီမှာကျတော့ နေရာတစ်ခုတည်းမှာ လုပ်နေကြတာတွေလည်းတွေ့တယ်။ ဘယ်လိုအခက်အခဲ တွေရှိနေ လို့လဲ။
ဖြေ။ ရွေ့တယ်။ မရွေ့ဘူးဆိုတာမျိုးတော့မဟုတ်ဘူး စစ်တွေကိုပဲပြောရရင် ကျွန်တော်တို့ စစ်တွေမှာ သုံးပတ်လုပ်လိုက်တယ်။ ရှုးခင်းသာလမ်း သုံးခွဆုံနားမှာ။ ဒီအပတ်ကျတော့ ရာသီဥတုအခြေအနေကြောင့် ရှုခင်းသာ လမ်း သက်ကြီးနားနေဆောင်မှာလုပ်လိုက်တယ်။ နောက်အပတ်တော့ နောက်တစ်နေရာကို သွားဖို့ရှိ တယ်။ ကျွန်တော်တို့မှာက ပြောရမယ်ဆိုရင် စာအုပ်ထားမဲ့နေရာတွေလိုအပ်တယ်။ ပြီးတော့ စာအုပ်တွေကို ရွေ့လျားဖို့ ကားအခက်အခဲတွေရှိနေတယ်။ ဒါတွေကိုသာ အလှူရှင်တွေအနေနဲ့ စိတ်ဝင်စားရင်တော့ ပီတိဖြစ်လို့ မဆုံးတော့ပါဘူး။
မေး။ ရွေ့လျားစာကြည့်တိုက်လုပ်နေကြတယ်ဆိုတော့ စာအုပ်တွေကရော စုံစုံလင်လင်ရှိရဲ့လား။
ဖြေ။ ပထမဆုံး ကျွန်တော်တို့ အလှူခံတဲ့ post တစ်ခုတင်လိုက်တယ်။ အဲဒီနေ.က ကျွန်တော့် သူငယ်ချင်းတွေ၊ ကျွန်တော်ချစ်ခင်တဲ့သူတွေက စုပြီးတော့ အလှူခံပေးကြတယ်။ မိမိတို့မှာ ပိုနေတဲ့စာအုပ်တွေကို လှူဒါန်းတာ တွေလည်းရှိတယ်။ စာအုပ်က ဘယ်စာအုပ်မျိုးတွေကို လှူကြပါလို့ ဦးတည်ပြီးတင်လိုက်တာမဟုတ် တဲ့အတွက် စာအုပ်တွေက မစုံလင်ဘူးပေါ့။ အခုက ကျွန်တော်တို့မှာလိုနေတဲ့စာအုပ်တွေကဆိုရင် နိုင်ငံရေးစာအုပ်တွေ၊ နောက် အတ္ထုပ္ပတ္တိစာအုပ်တွေ၊ ဘာသာပြန်စာအုပ်တွေ၊ ကလေးစာအုပ်တွေ အများကြီးလိုနေတာပေါ့။ တစ်ခြားက ဒီစာအုပ်ရေရှည်ဖို့အတွက်ဆိုရင် လိုအပ်နေတဲ့စာအုပ်တွေကို ဘယ်လိုဖြည့်တင်းမှာလဲ၊ ဘယ်လို အလှူ ရှင်တွေက စာအုပ်လှူမှာကို စိတ်ဝင်စားမှာလဲ၊ ကျွန်တော်တို့ကတော့ တတ်နိုင်တဲ့ ဖက်က ဒီစာအုပ်တွေ ပြန်ဖြည့်တင်းနိုင်မှာဆိုပြီးတော့ အလှူခံနေတာတွေတော့ရှိတယ်။
မေး။ စစ်တွေမှာစလုပ်တယ် တစ်လနီးပါးအတွင်းမှာ တစ်ခြားမြို့နယ်တွေမှာလည်းလုပ်လာကြတယ်။ လောလောဆယ်တော့ အောင်မြင်တယ်လို့ ဆိုနိုင်ပေမယ့်၊ ဒီရွေ့လျားစာကြည့်တိုက် တွေက ရေရှည်တည် တံ့မယ်လို့ထင်သလား။
ဖြေ။ ရေရှည်တည်တံ့ဖို့ကျတော့ ပြည်သူတွေအပေါ်မှာမူတည်နေတယ်။ ဂျွန်ရစ်စကိန်း စကားနဲ့ပြောရရင် ကျွန်တော်တို့ပြည်သူတွေဟာ အနုပညာကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ စာပေအနု ပညာအပေါ်မှာ ဂရုစိုက်မှုမရှိဆိုရင်တော့ ဒါကမှေးမှိန်သွားမယ်။ စာပေနဲ့အနုညာတွေကို လိုလိုလားလား လက်ခံ ကြမယ်။ စာပေဆိုတာကိုဖတ်ကိုဖတ်ရမယ်ဆိုတဲ့စိတ်တွေနဲ့ စာကြည့်တိုက်ရှိတဲ့နေရာကိုလာတယ်။ မလာနိုင်ရင် တောင် စာကြည့်တိုက်က ပြည်သူတွေရှိတဲ့နေရာလာမယ်ဆိုရင် ဒီပုံစံတွေနဲ့ ရင်းနှီးသွားမယ်ဆိုရင်တော့ မှေးမှိန်သွားဖို့မရှိဘူး။ ပိုပြီးတော့ ထွန်းတောက်လာမယ်ပေါ့။
မေး။ ရခိုင်ပြည်နယ်မှာ ကျေးရွာတော်တော်များများမှာ စာကြည့်တိုက်တွေရှိတယ်။ ဒါပေမယ့် စာအုပ်တွေ မရှိဘူး။ စာဖတ်တဲ့လူတွေမရှိဘူး။ သော့ပိတ်ထားတဲ့ စာကြည့်တိုက်တွေများတယ်ပေါ့လေ။ ရခိုင်ပြည်နယ်ရဲ့ စာကြည့်တိုက်တွေအခြေအနေကရော ဘယ်လိုရှိသလဲ။
ဖြေ။ ပြောရမယ်ဆိုရင် စာကြည့်တိုက်တစ်ခုဖွင့်လိုက်တယ်။ မြေနေရာလေးရတယ်။ စာအုပ်တွေဖြည့်လိုက်ကြ တယ်ပြီးရင် သူတို့အစတုန်းကတော့ ကောင်းကောင်းမွန်မွန်နဲ့လည်ပတ်နေကြတယ်။ နောက်ပိုင်းအချိန်ကြာ လာတော့ စာအုပ်အခက်အခဲတွေပဲဖြစ်ဖြစ်။ စာအုပ်တွေငှားပြီးတော့ ပြန်မပေးတာတွေဖြစ်ဖြစ်၊ ငွေကြေးအခက် အခဲတွေ၊ လူထုကလည်းနည်းနည်းစိတ်ဝင်စားမှုနည်းလာတဲ့အခါ စာကြည့်တိုက်တွေက ရေရှည်မတည်မြဲပဲ စာကြည့်တိုက်တွေက သော့ပိတ်ပြီးဖြစ်သွားကြတယ်။
မေး။ လက်ရှိ ရွေ့လျားစာကြည့်တိုက်တွေက စစ်တွေအပါဝင် တစ်ခြားမြို့နယ်တွေမှာလည်း လုပ်လာကြပြီ ဆိုတော့ အောင်မြင်တယ်လို့ပြောရမယ့်ပေါ့။ ဘယ်လောက်ထိအောင်မြင်မှုရှိပြီလို့ပြောနိုင်မှာလဲ။
ဖြေ။ ရခိုင်မှာ ၁၇ မြို့နယ်ဆိုတော့ အခုထဲမှာ မြို့ ရ မြို့နယ်မှာလုပ်နိုင်ပြီပေါ့။ ရာခိုင်နှုန်းအရဆိုရင် သုံးဆယ်ရာ နှုန်းလောက်လုပ်နိုင်တဲ့အခြေအနေပေါ့။ ၁၇ မြို့နယ်မှာ ရ မြို့လောက်က ရွေ့လျားစာကြည့်တိုက်ကို စိတ်ဝင်တစားလုပ်နေကြတယ်ဆိုတော့ သုံးဆယ်ရာနှုန်းလောက်ပဲ ရခိုင်မှာလုပ်နေကြတယ်ပေါ့ တစ်ခြားမြို့တွေကိုလည်း လည်ပတ်ဖို့ အခြေအနေရှိတယ်။ နည်းနည်းတော့စောင့်စေချင်တယ်။ ကျွန်တော်တို့မှာ ငွေကြေး၊လူစတဲ့အခက်အခဲတွေရှိနေတဲ့အတွက် ပေါ့။
မေး။ ရွေ့လျားစာကြည့်တိုက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်တဲ့အပိုင်းတွေမှာ၊လက်ရှိဆောင်ရွက်ချက် တွေပေါ်မှာရော ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ။
ဖြေ။ စိန်ခေါ်မှုပြောမလား၊လိုအပ်လို့ပြောရမှာ ကျွန်တော်တို့မှာ မြို့တွေများလာတဲ့ အတွက်စာအုပ်တွေ လုံလုံလောက်လောက်မရှိတာတွေပါလာတယ်။ ပြီးတော့ ငွေကြေးအခက်အခဲတွေရှိလာတယ်။ နောက်ရာသီဥ တုပေါ့ ကျွန်တော်တို့မှာရွေ့လျားသွားနေရတယ်ဆိုတော့ နေရာအရာအခက်အခဲတွေရှိတယ်။
မေး။ ဒီရွေ့လျားစာကြည့်တိုက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် ဘာတွေလိုအပ်မှာလဲ။
ဖြေ။ ကျွန်တော်တို့ အခုနားက စကားကိုပြန်ပြောရရင် ဂျွန်ရစ်စကိန်းပြောတဲ့စကားလိုပဲ ကျွန်တော်တို့ လူမျိုးဟာ သိပ္ပံပညာကိုလည်းအထင်မကြီး၊ စာပေအနုပညာလည်း အထင်မကြီး အဲဒီလိုပုံစံဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေဟာ ရေရှည်မတည်တံ့နိုင်ဘူး။ သိပ္ပံပညာကို အထင်ကြီးမယ်။ အနုသုခုမပညာတွေ အပေါ်မှာ အထင်ကြီးဖို့အတွက် စာဖတ်ဖို့လိုအပ်တယ်။ ပြီးမှ ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့လူမျိုးတွေ ဖြစ်လာမယ်။ အဲဒီလိုမှလည်း တိုးတက်တဲ့လူမျိုးတစ်မျိုးအဖြစ်နဲ့ရပ်တည်နိုင်မယ်။ စာအုပ်နဲ့ ပြည်သူကြားမှာ ဝေးကွာမှုမရှိစေရ။ လူတိုင်းစာဖတ်နိုင်ဖို့ဆိုတဲ့ ဆောင်ပုဒ်နဲ့သွားနေကြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ရွေ့လျားစာကြည့်တိုက်ကိုလာပါ။ စာဖတ်ကြပါ။ စာအုပ်ငှားကြပါ။ ပြီးရင်ကျွန်တော်တို့လိုအပ်နေတဲ့ အခက် အခဲလေးတွေကို ပြည်သူတွေက ဝိုင်းဝန်းဖြေရှင်းမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စာဖတ်တဲ့ယဉ်ကျေးမှုလေးတွေ ဟာ ပြည်သူတွေဆီကို စိမ့်မဝင်ဆိုတာလုံးဝရှိနေမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ စာအုပ်ယဉ်ကျေးမှုတစ်ခု ကိုမိမိတို့ဝိုင်းဝန်းပြီးလုပ်ရင် ဒီယဉ်ကျေးမှုဟာ ဖြစ်ကိုဖြစ်လာမှာ။