နှစ်ဖက် စစ်ရေးတင်းမားမှုကြားက တောင်ကုတ်မြို့ အခြေအနေ

တောင်ကုတ်မြို့နယ်၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးကို DMG က ဆက်သွယ် မေးမြန်းထားပါသည်။

By Admin 27 Aug 2024

နှစ်ဖက် စစ်ရေးတင်းမားမှုကြားက တောင်ကုတ်မြို့ အခြေအနေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေကြသည်။ 

စစ်ကောင်စီက တောင်ကုတ်မြို့တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ လက်နက်ကြီး၊ လေကြောင်းများဖြင့် မကြာခဏ ပစ်ခတ်နေ၍ အရပ်သားများ ထိခိုက်သေဆုံးနေရသည်။ 

တောင်ကုတ်မြို့နယ်၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ တောင်ကုတ်မြို့မှ ဒေသခံတစ်ဦးကို DMG က ဆက်သွယ် မေးမြန်းထားပါသည်။  

DMG - တောင်ကုတ်မြို့ရဲ့ လက်ရှိစစ်ရေးအခြေအနေကို သိသလောက် ပြောပြပေးပါ။ 

လက်ရှိစစ်ရေးကတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာတော့ နည်းတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနည်းအကျဉ်းတော့ ရှိတယ်။ စစ်ကောင်စီဖက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတယ်။ မိုးပညာဒါနကျောင်းကို လေယာဉ်နဲ့ လာကြဲတာရှိတယ်။ ဩဂုတ်လ ၂၂ ရက်က မီးကျောင်းထိုးရွာနားကိုလည်း ထပ်ပြီး လေယာဉ်နဲ့ကြဲတယ်။ ရွာက ၂၃ ခုနှစ်အရွယ် အမျိုးသမီးတစ်ဦး သေတယ်။ ၂၃ ရက်ကလည်း တောင်ကုတ်ပန်းတောင်းလမ်း ဂွေးထောက် AA ဂိတ်ကို လေကြောင်းဗုံးကြဲတယ်။ ကယ်ရီသမားတစ်ဦး ဒဏ်ရာရတယ်။ ၂၅ ရက်နေ့ ညနေ ၇ နာရီလောက်မှာ တာရဲကျေးရွာအနီးမှာ လက်နက်ငယ်သံတွေ ကြားရတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်တာလားဆိုတာတော့ မသိရဘူး။ လေယာဉ်က တရက်စက် ၁၀ ကြိမ်ထက်မနည်း ဝဲပျံနေတာရှိတယ်။ အခု လေယာဉ်သံကြားရင် မြို့က လူတွေကလည်း ကြောက်နေကြတယ်။ လက်ရှိအခြေအနေကတော့ စစ်ကောင်စီက အင်အားတိုးထားတယ်၊ AA ဘက်ကလည်း အင်အားဖြည့်တင်းနေတယ်။  

DMG - တောင်ကုတ်မြို့မှာ ‌ဒေသခံတွေ ဘယ်လောက်ရှိသေးလဲ။ သူတို့တွေက ထွက်မပြေးကြဘူးလား။ 

မြို့ကို စွန့်ခွာပြီးသွားတဲ့သူတွေကတော့ သုံးပုံမှာ နှစ်ပုံလောက်ရှိတယ်။ သူတို့တွေက ပြည်မဖက်ကို သွားကြတယ်။ ကျန်တဲ့သူတွေကတော့ စစ်ရှောင်ဖို့ ပိုက်ဆံမရှိတဲ့ သူတွေကျန်ခဲ့တာ။ ဒါပေမဲ့ အခုက ပိုက်ဆံရှိရင်လည်း သွားလို့မရဘူးဖြစ်နေတယ်။ တောင်ကုတ်ကနေ ပြည်အထိ သွားတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်လေးဂိတ်ရှိတယ်။ စစ်တပ်ဂိတ်သုံးဂိတ်နဲ့ AA ဂိတ်တစ်ဂိတ်ရှိတယ်။ ပထမဂိတ် ဂျိုးကြာကွင်း စစ်တပ်ဂိတ်၊ ၁၅ မိုင်လောက်မှာ ဂွေးထောက် AA ဂိတ်၊ တောင်ပုံကြီး စစ်တပ်ဂိတ်၊ ပဲခူးတိုင်းထဲမှာ ညောင်ဂျိုးဂိတ် အဆိုးဆုံးကတော့ ညောင်ဂျိုးဂိတ်ပဲ။ စစ်ရှောင်သွားတဲ့သူတွေဆိုရင် ညောင်ဂျိုးဂိတ်က သွားခွင့်မပြုလို့ လနဲ့ချီသောင်တင်နေကြတယ်။

DMG - မြို့ကလူတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။ 

စားဝတ်နေရေးက တော်တော်လေးကို အခက်ဖြစ်နေတယ်။ အရင် ၅,၀၀၀ နဲ့ဝယ်ရတဲ့ပစ္စည်းတစ်ခုကို အခု ၂၀,၀၀၀ လောက်နဲ့ဝယ်ရတယ်။ အခုရက်ပိုင်းမှာဆိုရင် နေအိမ်တွေကို ဖောက်ထွင်းတာတွေ ပိုပြီး လုပ်လာတယ်။ လူရှိနေတဲ့ အိမ်တွေကိုတောင် အုပ်စုဖွဲ့ပြီး တက်ခိုးတာရှိတယ်။ ဆေးရုံမှာလည်း ဆေးဝါးမရှိ၊  ဆရာဝန်လည်းမရှိတော့ ကျန်းမာရေးမကောင်းရင် လက်ကျန်ဆေးတွေကို မတန်တဆပေးပြီး ဝယ်သောက်ကြရတယ်။

အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် DMG က ကျေးဇူးတင်ပါတယ်။