NCA လမ်းထဲက AA ခြေရာကို တူးဆွကြည့်ခြင်း
မဟုတ်သော်ငြား သီးသန့်တစ်ဖွဲ့ချင်းစီလမ်းကြောင်းမှနေ၍ စစ်ကောင်စီနှင့် ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) AA လိုလားသည့် NCA မဟုတ်သော ငြိမ်းချမ်းလမ်းကြောင်းသစ်ဖြင့် စာချုပ်ချုပ်ဆိုနိုင်မည်လောဆိုသည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်သည်။
13 Nov 2021
DMG ၊ နိုဝင်ဘာ ၁၃
(ဆောင်းပါး)
NCA နှင့် လတ်တလောနိုင်ငံရေးအခြေအနေ
ယမ်းငွေ့သန်းနေသည့် လက်နက်ကိုင်တော်လှန်ရေးမှာ ပတ်ဝန်းကျင်ထိခိုက်မှု၊ သေကြေပျက်စီးမှု၊ ဒုက္ခများသည်ဟုဆိုကာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာမည်ဟူသော လမ်းကြောင်းသစ်ဖြင့် ပြီးခဲ့သည့်ကာလက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အချင်းချင်းနားလည်မှုတစ်ခုကို ရယူခဲ့ကြသည်။
ယင်းလမ်းကြောင်းမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement(NCA)လက်မှတ်ရေးထိုးခြင်း (သို့မဟုတ်) NCA တရားဝင်နိုင်ငံရေးဆွေးနွေးရေးလမ်းစဉ် ဖြစ်လာသည်ဟုဆိုရမည်။
သို့သော်လည်း စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား၌ ဂုဏ်သိက္ခာအရှိဆုံးဟု သတ်မှတ်ထားသည့် NCA လမ်းကြောင်းမှာ လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ရှေ့ဆက်ရန်မလွယ်ကူတော့ပဲ ဝေဝါးနေတော့သည်။
အဘယ်ကြောင့်ဆိုသော် NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အကြီးဆုံးအဖွဲ့ဖြစ်သော KNU အပါဝင် CNF တို့နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲကြီးများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်သည်ကိုတွေ့နေရသည်။
NCA စာချုပ် အခန်း(၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များတွင် အဓိကအရေးကြီးဆုံးမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားသည့်အဖွဲ့များနှင့် တိုက်ပွဲမဖြစ်ပွားရေးအတွက် အလေးအနက်ထားကာ စာချုပ်ပါအချက်အလက်များကိုလည်း လိုက်နာကျင့်သုံးရမည်ဖြစ်ဟု ပါရှိသည်။
ထို့အပြင် NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် လွှတ်တော်မရှိတော့သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုသဘောတူညီချက်များကို အတည်ပြုရန်နေရာမရှိတော့ပေ။
NCA (၆)နှစ်တာကာလကို လည်ပြန်ကြည့်ခြင်း
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့သည် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့်ခဲ့ပြီးလည်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့ဖြစ်ကြသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအို့အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့က NCA လက်မှတ်ရေးထိုးခဲ့ကြသည်။
နောက်ပိုင်း NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က လက်မှတ်ရေးထိုးခဲ့ကြသဖြင့် လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိနေသည်။
၎င်းတို့မှာ ယခုနှစ် (၆)နှစ်တာကာလအတွင်း NCA စာချုပ်အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ်များမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာအာမခံချက်နှင့်အညီဆောင်ရွက်လာခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (သို့မဟုတ်) ၂၁ ရာစုပင်လုံ (၄)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၃)ကို ချုပ်ဆိုထားသည်။
သို့သော်လည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို အချိန် (၆)နှစ်ကြာသည့်တိုင် တိုင်းပြည်အတွက်အရေးကြီးသည့် အာဏာခွဲဝေမှု၊ တပ်နေရာချထားရေး စသည့်အစိတ်အပိုင်းကဏ္ဍများမှာ မျှော်မှန်းသလောက် ရလာဒ်များမရရှိသေးပေ။ ယင်းအပြင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ဆောင်ရေးကိုပင် မစတင်ရသေးပေ။
NCA လမ်းကြောင်းမှ တွန်းချခံခဲ့ရသည့် AA
သမ္မတဦးသိန်းစိန် အစိုးရခေတ် ၂၀၁၁ ခုနှစ် သြဂုတ်လမှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်များကို ငြိမ်းချမ်းရေးမှာပါဝင်လာဖို့ စတင်ဖိတ်ခေါ်ပြီး NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညီလာခံနှစ်ကြိမ်ကျင်းပခဲ့ပြီး ၄ နှစ်နီးပါးဆွေးနွေးခဲ့သည်။ ထိုသို့ NCA စာချုပ်ဖြစ်လာရေး စတင်ဆွေးနွေးခဲ့စဉ်က KIA ၊ TNLA နှင့် MNDAA အဖွဲ့များနှင့်အတူ ရက္ခိုင့်တပ်တော် AA တို့လည်း ပါဝင်ခဲ့သည်။
ယင်းအချိန်က NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစု EAOs ဘက်မှ အဖွဲ့အားလုံးပါဝင်စေရေးမူကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး AA ၊ TNLA၊ MNDAA ၊
“ဝ”အမျိုးသားအဖွဲ့ချုပ်၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံးနှင့် ANC ရခိုင်အမျိုးသားကောင်စီတို့လည်း စာချုပ်မှာပါဝင်ဖို့ တိုင်းရင်းသားခေါင်းဆောင်များက လိုလားခဲ့ကြသည်။
သို့သော် မြန်မာစစ်တပ်အနေဖြင့် AA အပါအဝင် ကိုးကန့်တပ်(MNDAA)၊ တအေဲန်းပလောင်(TNLA)တို့ကို ငြိမ်းချမ်းရေးစာချုပ်ထဲပါဝင်ရေးအတွက် အသိအမှတ်မပြုနိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်ကို တွေ့ရသည်။
အလားတူ NCA နှင့်ပတ်သက်ပြီး အစိုးရနှင့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အခြေခံသဘောတူညီချက်များရရှိပြီး သမ္မတဦးသိန်းစိန်ခေတ် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင်
နောက်ဆုံးညှိနှိုင်းခဲ့ကြရာတွင် သမ္မတနှင့် စစ်တပ်ဘက်မှ AA ၊ TNLA ၊ MNDAA တို့အား လက်နက်စွန့်လွှတ်ရေးကိုသာ ပြောဆိုခဲ့ပြီး NCA လက်မှတ်ရေးထိုးရန် လက်မခံခဲ့ပေ။ ထို့ကြောင့် AA မှာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့သလို NCA လမ်းကြောင်းနှင့် လွဲချော်သွားခဲ့ရတော့သည်။
အင်အားကြီးမှ လူရာဝင်သည့် တော်လှန်ရေးလောကထိုအချိန်က AA အနေဖြင့် တော်လှန်ရေးအစပိုင်းကာလ အင်အားတည်ဆောက်ချိန်ဖြစ်ပြီး KIA လက်အောက်ခံ ဖြစ်သည်ဟုဆိုကာ စစ်တပ်နှင့် အစိုးရဘက်မှ အထင်သေးအမြင်သေးခြင်းကြောင့် NCA လမ်းကြောင်းမှ တွန်းချခဲ့ရခြင်းဟု ဆိုရပေမည်။
သို့သော်လည်း AA သည် သူ၏မူလရည်မှန်းချက်ဖြစ်သော ရက္ခိတလမ်းစဉ်ကို လှို့ဝှက်အကောင်အထည်ဖော်နေခဲ့သည်ကို မည်သူမှမသိလိုက်ကြပေ။ ၂၀၁၈ နှစ်ကုန်ကာလမှစတင်ကာ ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင် စစ်ရေးလှုပ်ရှားမှုများနှင့်အတူ မြန်မာစစ်တပ်ကို ခေတ်မီလက်နက်ခဲယမ်းများဖြင့် ရင်ဘောင်တန်း တိုက်ခိုက်လာနိုင်မှုကြောင့် မြန်မာပြည်သူများမှာ အံ့သြသင့်စေခဲ့ရသည်။
တိုက်ပွဲကြီးငယ်ဖန်တီးပြီး တပ်မတော်သားများအား အလိုက်အငိုက်ကိုချောင်းကာ ပြောက်ကျားဗျူဟာဖြင့် တိုက်ခိုက်နိုင်ခဲ့သည့်အတွက် မြန်မာစစ်တပ်မှ အကျအရှုံးများနှင့်ကြုံတွေ့ခဲ့ရသည်။ ကျောက်တော်၊ ပလက်ဝနယ်စပ်တွင် မီးဝတိုက်ပွဲဟုခေါ်သည့် (၄၅)ရက်ကျော်ထိကြာမြင့်သည့် တိုက်ပွဲကြီးများ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဗုဒ္ဓေါတိုက်ပွဲ၊ မင်းပြားမှ ဖားပြိုတိုက်ပွဲ၊ ရသေ့တောင်မှ အောင်သာစည်တိုက်ပွဲ စသည့်တိုက်ပွဲကြီးများကို အန်တုရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။
မီးဝတိုက်ပွဲတွင် မြန်မာစစ်တပ်၏တပ်ရင်းတချို့ကိုလည်း စစ်နည်းဗျူဟာကောင်းကောင်းဖြင့် AA က ပိတ်ဝိုင်းကာ အရှင်ဖမ်းဆီးပြနိုင်ခဲ့သည်။ အစိုးရနှင့် စစ်တပ်က AA ကို ၃ လဖြင့်အပြုတ်တိုက်မည်ဟုကြေညာခဲ့သော်လည်း ၃ နှစ်ကြာသည့်တိုင် မပြုတ်နိုင်ပဲ AA အင်အားမှာ တဖြည်းဖြည်းတိုးလာနေသည်ကိုသာ မြင်ရသည်။
မြန်မာနိုင်ငံမှာ သက်တမ်းအနုဆုံးနှင့် နောက်ဆုံးပေါ်ပေါက်လာပြီး လက်နက်အင်အား၊ လူအင်အား၊ ဘဏ္ဍာရေးအပါအဝင် အချိန်တိုတိုအတွင်း အလျင်အမြန်အင်အားတောင့်တင်းလာခဲ့သော AA မှာ ယနေ့တွင် ရခိုင်လူထုပါဝင်မှု၊ ထောက်ခံအားပေးမှုတို့ကို ကောင်းကောင်းရရှိနေသည်။
လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့မှာ နှစ်ဘက်သီးသန့်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားနိုင်သည်မှာ ၁ နှစ်အချိန်သို့ရောက်ရှိနေသလို AA အနေဖြင့် ဒေသအတွင်းအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ အကောက်အခွန်၊ လူမှုစီးပွားရေး စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ထိန်းချုပ်လာနိုင်သည်ကို တွေ့နေရသည်။
ထို့ကြောင့် အင်အားရှိမှ၊ တိုက်နိြင်ခိုက်နိုင်မှ လူရာဝင်သည် အဖက်လုပ်မည်ဟူသော လက်နက်ကိုင်နိုင်ငံရေးဟု နားလည်ရပေမည်။
အခွင့်ကောင်းကို အသုံးချနိုင်ခဲ့
ယင်းသို့ AA အနေဖြင့် NCA လမ်းကြောင်းတွင် ပါဝင်ခွင့်မရခဲ့ခြင်းမှာ သူ့အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေသည်ဟုဆိုရပေမည်။ ထို့ကြောင့် AA အနေဖြင့် ယခင်က NCA လုပ်ငန်းစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါက ယခုကဲ့သို့ မိမိတို့နိုင်ငံရေးရည်မှန်းချက်တို့ကို အပြည့်အဝဖော်ဆောင်နိုင်တော့မည် မဟုတ်ဟု ရှုမြင်နိုင်သည်။
အကယ်၍ ယင်းကာလက AA အနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့ပါက ရခိုင်လူထုထောက်ခံမှုနှင့်ကင်းကွာကာ လုံးပါးပါးပြီး အင်အားလျော့နည်းသွားနိုင်သလို တော်လှန်ရေးနယ်မြေအတွင်း မလူးသာမလွန့်သာအခြေအနေတွင် ရှိနေနိုင်သည်။ ဥပမာအနေဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)ကို လက်ညိုးထိုးပြရပေမည်။
ထို့အပြင် AA မှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထက် မျှော်လင့်ချက်ကြီးမားကာ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အထက်ဈေးအောက်ဈေး၊ အလျှော့အတင်းမရှိဟု ပြောဆိုထားသည်။
၎င်းတို့၏နိုင်ငံရေးရည်မှန်းချက်မှာ “ဝ”ထက်မညံ့သော အုပ်ချုပ်ရေးမှုစနစ် (သို့မဟုတ်) ကွန်ဖယ်ဒရိတ်ဟု ထုတ်ဖော်ပြောဆိုထားသည့်အတွက် AA မှာ NCA လမ်းကြောင်းထက် တစ်ဆင့်မြင့်သော သီးခြားငြိမ်းချမ်းရေးလမ်းကြောင်းနှင့် လျှောက်လှမ်းသွားမည်ဟု ဆုံးဖြတ်ထားပုံပေါ်သည်။
ရှေ့အလားအလာ
အချုပ်အားဖြင့် လက်ရှိလက်နက်ကိုင်တော်ရေးအင်အားစုများထဲတွင် AA အပါအဝင် NCA မထိုးရသေးသောအဖွဲ့များမှာ “ဝ”အဖွဲ့(UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရှမ်းပြည်တပ်မတော်/တောင်ပိုင်း(RCSS/SSA)၊ မိုင်းလား(NDAA)၊ တအဲန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)ဟူ၍ (၈)ဖွဲ့ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် EAO တစ်ဖွဲ့ဖြစ်သည့် AA မှာ လတ်တလော အပစ်အခတ်ရပ်ထားသည်နှင့်အညီ လာမည့်ကာလအတွင်း တခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပေါင်းတည်းပေါင်းစည်းပြီး စစ်တပ်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလာနိုင်သလား။
မဟုတ်သော်ငြား သီးသန့်တစ်ဖွဲ့ချင်းစီလမ်းကြောင်းမှနေ၍ စစ်ကောင်စီနှင့် ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) AA လိုလားသည့် NCA မဟုတ်သော ငြိမ်းချမ်းလမ်းကြောင်းသစ်ဖြင့် စာချုပ်ချုပ်ဆိုနိုင်မည်လောဆိုသည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်သည်။
ဂေါင် - ရေးသားသည်။