- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
- အာဏာသိမ်း ၄ နှစ်ပြည့်နှင့် စစ်ရေး၊ နိုင်ငံရေး အလားအလာ
- ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြို့ပေါ်ဆေးရုံ/ဆေးခန်းများ မလည်ပတ်နိုင်သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ကျေးလက်ဒေသများမှာလည်း ဆေးရုံ၊ ဆေးပေးခန်းနည်းပါး၍ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြသည်။
03 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုနှင့်အတူ လမ်းခရီး သွားလာရခက်ခဲမှုတို့ကြောင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရကြရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြို့ပေါ်ဆေးရုံ/ဆေးခန်းများ မလည်ပတ်နိုင်သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ကျေးလက်ဒေသများမှာလည်း ဆေးရုံ၊ ဆေးပေးခန်းနည်းပါး၍ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြသည်။
"ဆေးကုသဖို့ ဆေးရုံမရှိ၊ ဆရာဝန်မရှိတော့ ကျောက်တော်ထိ လာကုရတယ်။ မြို့ကိုတစ်ခါ ဆေးသွားကုရင် ဆေးဝါးစရိတ်၊ လမ်းစရိတ်နဲ့ ပိုက်ဆံ ၁၀ သိန်းကျော်ကုန်တယ်။ ပိုက်ဆံမရှိဘူးဆိုရင် အသက်ကိုလည်း အဆုံးရှုံးခံရမယ်" ဟု ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာအချို့မှာ ယာယီဖွင့်လှစ်ထားသည့် ဆေးခန်းများရှိသော်လည်း ဆေးဝါးမစုံလင်မှု၊ ခွဲစိတ်ကုသမှုများလည်း မလုပ်နိုင်သဖြင့် နာတာရှည်ရောဂါသည်များနှင့် အရေးပေါ်လူနာများအတွက် စိန်ခေါ်မှုများစွာရှိနေသည်။
ယင်းအပြင် မြို့ပေါ်ရှိ အောက်ဆီဂျင်စက်ရုံမှာလည်း မလည်ပတ်နိုင်သဖြင့် အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် လူနာများအတွက် မီးစက်နိုးပြီး အောက်ဆီဂျင်ပေးနေရသည်ဟု လူမှုကူညီရေး လုပ်ဆောင်နေသူများထံမှ သိရသည်။
"နယ်မှာရှိနေတဲ့ ဆေးရုံတွေမှာတော့ slender အိုး မဟုတ်ဘဲ စက်နိုးပြီးပေးတဲ့နည်းနဲ့ ပေးကြတာတော့ရှိတယ်။ ကျနော်တို့ဆီမှာ နဂိုကတည်းက ဓာတ်မှန်စက်တွေလည်းမရှိတော့ အရေးပေါ်ဆိုရင် ကျောက်တော်၊ မြောက်ဦးကို အားကိုးပြီး သွားကြတယ်။ ဒီမှာက ခွဲစိတ်ဖို့ကိစ္စတွေက ပစ္စည်းတွေကအစ ဆေးရုံမှာရှိတဲ့ ဆရာ/ဆရာမ မလုံလောက်မှု အဲလိုမပြည့်စုံတဲ့အခြေအနေတွေရှိတယ်" ဟု ရသေ့တောင်နယ်က လူမှုကူညီရေးလုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ်သည် အခြားမြို့နယ်များနှင့် အလှမ်းဝေးလှသဖြင့် ဒေသတွင်းဆေးဝါးနှင့် အခြားကုန်ပစ္စည်း ဈေးနှုန်းများမှာလည်း နှစ်ဆခန့်မြင့်တက်နေပြီး ပါရာတစ်လုံးလျှင် ငွေကျပ် ၈၀၀၊ ဒိုင်ဂျေးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ အနာဂျင်တစ်လုံးလျှင် ငွေကျပ် ၁,၀၀၀ အထိ ရှိကြောင်း သိရသည်။
ဆေးဝါးရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ လမ်းခရီးအခက်အခဲကြောင့် အချိန်မီ ဆေးဝါးကုသခွင့်မရ၍ အသက်သေဆုံးသွားသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။
ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ဆေးဝါးအပါအဝင် ကုန်ပစ္စည်များပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်၍ ဒေသခံများ၏ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်။