- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ပြည်သူ့ပညာရေးမှသည် အာရက္ခဒေသ ဖယ်ဒရယ်ပညာရေးစနစ်ဆီသို့
ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ဟူသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်အတွက်သော်လည်းကောင်း၊ ပညာရေးစနစ်အတွက်သော်လည်းကောင်း အောက်ခြေပြည်သူလူထု၏ အမျိုးသားရေးအသိစိတ်ဖြင့် တည်ဆောက်စုဖွဲ့မှုမှ အစပြုရသည်ဖြစ်ရာ ယခုအာရက္ခဒေသအတွင်း ပြည်သူလူထု၏ အမျိုးသားရေးအသိဖြင့် ပြည်သူ့ပညာရေးသင်ကြားရေးစုဖွဲ့မှုပုံစံသည် ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အတွက် အစပျိုးဟု ဆိုနိုင်ပါသည်။
20 Nov 2024
ရမ္မာကို (ကျောက်ချောင်း) - ရေးသည်။
ဤစာရေးသူသည် "ရခိုင်ဒေသကြားကာလ(အရေးပေါ်) ပညာသင်ကြားရေးအစီအမံ ဘယ်လိုလုပ်ကြမလဲ" ခေါင်းစဉ်နဲ့ DMG မှာ ပညာရေးဆိုင်ရာ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြီးဖြစ်သည်။ ယခု အာရက္ခဒေသ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ရာ မြို့နယ်တချို့တွင် ကလေးများပညာသင်ကြားနိုင်ရေးအတွက် ကြားကာလ အရေးပေါ်ပညာရေးအစီအမံများကို လုပ်ဆောင်နေကြသည်ကို တွေ့လာရသည်။ စနစ်ကျသော ပညာရေးအစီအမံများ ချမှတ်လုပ်ဆောင်နိုင်စေရန် အလို့ငှာ ယခုဆောင်းပါးကို ဆက်လက်အကြံပြု ရေးသားလိုက်ရပါသည်။
အာရက္ခဒေသတွင် AA သည် သိမ်းပိုက်နယ်မြေများ အထိုက်အလျှောက် ရလာနေသည်နှင့်အမျှ ထိုဒေသများ၌ အုပ်ချုပ်ရေးကဏ္ဍများကိုလည်း တပြိုင်နက်ဆောင်ရွက်နေရသည့် အခြေအနေဖြစ်သည်။ ဤကာလကား အုပ်ချုပ်ရေးကဏ္ဍဆိုရာတွင် တရားဥပဒေစိုးမိုးရေး (ဒေသတွင်းတည်ငြိမ်အေးချမ်းရေး)၊ ပြန်လည်နေရာချထားရေးနှင့် စီးပွားရေး၊ ပညာရေးအခန်းကဏ္ဍများကို မဖြစ်မနေ(အထိုက်အလျှောက်သာ) ကိုင်တွယ်ဖြေရှင်းနေရသည့် ကာလဖြစ်သည်။
တော်လှန်ရေးကာလ စစ်ရှိန်အမြင့်ဆုံး အချိန်အခါလည်း ဖြစ်နေပေရာ အာရက္ခဒေသ၌ ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများ၏ ပညာရေးကဏ္ဍအတွက် သိသာသောလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ညွှန်ကြားဆောင်ရွက်ဖို့ရန် အခက်အခဲများရှိနေသည်ဟု သုံးသပ်ရပေသည်။ အကြောင်းကား တော်လှန်ရေးအတွက် အထူးအားစိုက်နေရသောကြောင့်ဖြစ်သည်။
ဤကဲ့သို့ အရေးပေါ်ကာလမျိုးတွင် ပြည်မဒေသအပါအဝင် တခြားသော တော်လှန်ရေးနယ်မြေဒေသများ၌လည်း ကလေးသူငယ်များ၏ ပညာသင်ကြားရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ CDM ပညာရေးအဖွဲ့အစည်းများက ဦးဆောင်ကာ ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အခက်အခဲမျိုးစုံကြားမှ ကြားကာလ အရေးပေါ်ပညာရေးအစီအမံများကို ကြိုးစားဆောင်ရွက်ပေးလျှက်ရှိကြသည်။
မြန်မာနိုင်ငံအခြေအနေနဲ့ကိုက်ညီသော အနာဂတ်အတွက် ဖယ်ဒရယ်ပညာရေးစနစ်ကို ဦးတည်တည်ဆောင်သွားရန် အလို့ငှာ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC - Education )၊ NUCC စသောအဖွဲ့အစည်းများနှင့် အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေးပညာရေး စသော ပညာရေးကဏ္ဍအသီးသီးမှ ကျွမ်းကျင်ပညာရှင် CDM ဆရာ/ဆရာမ၊ ကျောင်းသားသမဂ္ဂများ အခါခါဆွေးနွေးပူးပေါင်းညှိနှိုင်း၍ " ဖယ်ဒရယ်ပညာရေးမူဝါဒ ( Federal Democracy Education Policy) ကို ၂၀၂၃ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့ကြပြီးဖြစ်သည်။ ၎င်းမူဝါဒကိုအခြေခံလျက် အာရက္ခဒေသနှင့်ကိုက်ညီသော အသွင်ကူးပြောင်းရေးကြားကာလအတွင်း ပညာသင်ကြားရေးအခန်းကဏ္ဍများကို စနစ်တကျ တိုးမြှင့်တည်ဆောက်သွားလျှင် သင့်တော်လိမ့်မည်ဟုရှုမြင်ပါသည်။
ထို့အတွက် အာရက္ခဒေသအတွင်း ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကောင်းတစ်ခု အစပျိုးတည်ဆောင်နိုင်ရန် ပညာရေးကဏ္ဍအသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိသူများအနေဖြင့် ယခုအချိန်ကစ ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် အကြံပြု ရေးသားလိုက်ရခြင်းဖြစ်သည်။
အာရက္ခဒေသ ပြည်သူ့ပညာရေး
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှု ကာလက နယ်ချဲ့အင်္ဂလိပ်တို့၏ ပညာရေးစနစ်ကို သပိတ်မှောက်ကာ နိုင်ငံတဝှမ်း ပြည်သူ့ပညာရေးအမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ဖူးပါသည်။ ယနေ့အချိန်အခါသည်လည်း စစ်အာဏာရှင်စနစ်၏ အသုံးချခံအဖြစ် ဆိုးရွားပျက်စီးနေသော ပညာရေးစနစ်ကို မြန်မာနိုင်ငံတဝှမ်းက တော်လှန်ဖီဆန်လျှက် ပြည်သူ့ပညာရေးကျောင်းများ၊ မြေပြင် federal school များ၊ Online federal school များ ပေါ်ပေါက်လာနေရသော အခြေအနေဖြစ်သည်။ ထိုသို့ စစ်အာဏာရှင်များ၏ အသုံးချခံပညာရေးစနစ်ဆိုးနဲ့ လုံးဝလွတ်ကင်းသော ဖယ်ဒရယ်ပြည်သူ့ကျောင်းများသည် ဖယ်ဒရယ်ပညာရေးစနစ်သစ်ဆီသို့ ဦးတည်ချီတက်နေကြပြီဖြစ်သည်။
ယခု အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ အာရက္ခဒေသမြို့နယ်တစ်ချို့တွင်လည်း ကျောင်းသားမိဘများ၊ နယ်မြေခံဆရာများ စုပေါင်း၍ ကလေးများ၏ ပညာသင်ကြားရေးအစီအမံကို စုပေါင်းအကောင်အထည် ဖော်လာနေကြသည်။ လွန်ခဲ့သော ၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နှစ်က ရခိုင်ဒေသတွင် တော်လှန်ရေးတိုက်ပွဲများ မရှိခဲ့ပေရာ စစ်ကောင်စီပညာရေးဌာန၏ ပညာရေးလုပ်ငန်းအပါအဝင် ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ်ခဲ့သည်။ ထိုစဉ်က "ရခိုင်ဒေသမှာ ရခိုင်အမျိုးသားပညာရေး စနစ်တစ်ခုကို စတင်ပြောင်းလဲရန် အာရက္ခတပ်တော်၏ ဒေသအုပ်ချုပ်ရေးလူကြီးများ ဆွေးနွေးနေကြသည်"ဆိုသော သတင်းစကားကို RFA သတင်းဌာန၏ ၂၀၂၁ ၊ဇွန်လ "ရခိုင်ဒေသက စာသင်ကျောင်းတွေမှာ ကိုယ်ပိုင်ဟန်ပြောင်းလဲရေးစတင်လာ" ဆိုသည့် သတင်းဆောင်းပါးအရ တွေ့ရသည်။ သို့သော် ထိုစဉ်က အာရက္ခဒေသအတွင်း ကျေးလက်တောရွာတချို့တွင် "အာရက္ခနိုင်ငံတော်သီချင်း"ကို အစားထိုးဆိုခဲ့ကြရုံမှတပါး သင်ကြားသင်ယူမှုစနစ်များ လုံးဝပြောင်းလဲမှု မရှိခဲ့ပေ။
၁၀၂၇စစ်ဆင်ရေး၏ အောင်မြင်မှုအဖြစ် အာက္ခဒေသအတွင်း မြို့နယ်ထက်ဝက်ကျော် သိမ်းပိုက်နိုင်ခဲ့သည့်ကာလ ယခု ၂၀၂၄ ပညာသင်နှစ်တွင်ကား အာရက္ခဒေသအတွင်း ပညာသင်ကြားရေးများ ရပ်တန့်သွားခဲ့ရသည်။ သို့သော် မိဘပြည်သူများက ကလေးများ၏ ပညာသင်ကြားရေးအခွင့်အလမ်း မဆုံးရှုံးရအောင် ဆရာဆရာမများကို အကူအညီတောင်းကာ ကျူရှင်သဘောဖြင့် သင်ကြားပေးနေခဲ့ကြရာမှ ယခုအခါ ပြည်သူ့အခြေပြုပညာရေးကျောင်း ပုံစံမျိုးဖြင့် စာပေသင်ကြားမှုကို အစပျိုးလျှက်ရှိလာသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်နှင့် တခြားတိုက်နယ်အများစုမှာဆိုလျှင် ကျောင်းအလိုက်၊ ကျေးရွာအုပ်စုအလိုက် ဆရာ၊ ဆရာမများ စုဖွဲ့၍လည်းကောင်း၊ ငှားရမ်း၍တသွယ် ကလေးများအားလုံးအတွက် အခြေခံပညာသင်ကြားသင်ယူမှုကို မရပ်တန့်နေစေရအောင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။ တခြားသောဒေသများတွင်လည်း အကောင်အထည်ဖော်နေကြသည်ကို တွေ့ရသည်။ ဆရာအင်အားကို နယ်မြေခံဆရာ၊ဆရာမများနှင့် ဘွဲ့ရလူငယ်များ၊ တက္ကသိုလ်တက်ဆဲ တက္ကသိုလ်ကျောင်းသားများက ဝန်းရံအားဖြည့်ထားသည်။
အထက်တန်းအဆင့်တွင် လိုအပ်သောဘာသာရပ်များအတွက် ဆရာအင်အားကို မိဘများက သီးခြားရှာဖွေ ငှားယူကြရသည်။ ပညာရေးအတွက် သီးခြားရန်ပုံငွေအေထာက်အပံ့ မရှိခြင်းကြောင့် ကျောင်းသားမိဘများက သင်ကြားရေးဆရာအတွက်ထောက်ပံ့ကြေးကို အချိုးကျ ကောက်ခံပေးကြရသည့်အတွက် အခက်အခဲတချို့ ရှိနေသည်။ (ကြားကာလပညာရေး ရန်ပုံငွေရှာဖွေရေး အစီအမံကို အောက်တွင်သီးခြားဖော်ပြပါမည်။) စာသင်ကြားရာနေရာကိုကား လေကြောင်းရန်လုံခြုံရေးအရ စာသင်ကျောင်းများကို အသုံးပြုခြင်းမရှိဘဲ အဆင်ပြေသောနေရာများကိုသာ အသုံးပြုနေကြရသည်။ ဤကဲ့သို့ကြားကာလ၌ ပြည်သူ့အခြေပြု ပညာသင်ကြားရေးကျောင်းများကို အာရက္ခဒေသအတွင်း မိဘ၊ဆရာတို့ ပူးပေါင်းဖွင့်လှစ်နေကြသည်ကို တွေ့ရသည်။ မဖွင့်ရသေးသောဒေသများလည်း ဆက်လက်ဖွင့်လှစ်ပေးကြဖို့ လိုအပ်ပါသည်။
ဖယ်ဒရယ်ပညာရေးစနစ်ဆီသို့
ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ဟူသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ်အတွက်သော်လည်းကောင်း၊ ပညာရေးစနစ်အတွက်သော်လည်းကောင်း အောက်ခြေပြည်သူလူထု၏ အမျိုးသားရေးအသိစိတ်ဖြင့် တည်ဆောက်စုဖွဲ့မှုမှ အစပြုရသည်ဖြစ်ရာ ယခုအာရက္ခဒေသအတွင်း ပြည်သူလူထု၏ အမျိုးသားရေးအသိဖြင့် ပြည်သူ့ပညာရေးသင်ကြားရေးစုဖွဲ့မှုပုံစံသည် ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်အတွက် အစပျိုးဟု ဆိုနိုင်ပါသည်။ ပြည်သူ့ပညာရေးကျောင်းများ၏ စနစ်တကျစုဖွဲ့ပူးပေါင်းမှုမှသည် ကျေးရွာအုပ်စုအဆင့် ပညာရေးအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကြရပါမည်။ ထိုမှတစ်ဆင့် မြို့နယ်အဆင့်စုဖွဲ့မှုမျိုးကို ပုံဖော်ကာ ရပ်ကျေးအုပ်စုအဆင့် ကျောင်းများစုဖွဲ့၍ မြို့နယ်အဆင့်ပညာရေးကောင်စီကို ဖွဲ့စည်းကြရပါမည်။ မြို့နယ်အဆင့် ပညာရေးကောင်စီများစုဖွဲ၍ ဖယ်ဒရယ်ပညာရေးကောင်စီကို စုဖွဲ့နိုင်ပါသည်။ (မှတ်ချက်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအုပ်ချုပ်ရေး ကောင်စီများကိုလည်း ဖွဲ့စည်းရမည်ကိုမူ လက်ရှိအခြေအနေအရ ချန်လှပ်ထားခဲ့ပါသည်။) အောက်ခြေပြည်သူ့ပညာရေးစုဖွဲ့မှု (ကျောင်းအုပ်ချုပ်ရေးကောင်စီ) မှသည် ဖယ်ဒရယ်ပညာရေးကောင်စီအထိ အဆင့်ဆင့်တည်ဆောက်၍ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရပါမည်။ ဤဖယ်ဒရယ်ပညာရေးကောင်စီအဆင့်ဆင့် စုဖွဲ့တည်ဆောက်လုပ်ငန်းလည်ပတ်နိုင်ရန် အာရက္ခဒေသတွင်း ဆရာ/ဆရာမများ၊ ပညာရှင်များ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်ကြရပါမည်။
ဖယ်ဒရယ်ဒီမိုကရေစီပညာရေး စီမံခန့်ခွဲမှုစနစ်တည်ဆောက်ပုံ (Administrative Structure)မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကျောင်းအုပ်ချုပ်ရေးကောင်စီ
(၂) တက္ကသိုလ်၊ကောလိပ်၊သိပ္ပံ အုပ်ချုပ်ရေးကောင်စီ
(၃) မြို့နယ်ပညာရေးကောင်စီ
(၄) ဖယ်ဒရယ်ပညာရေးကောင်စီ
ဤဖယ်ဒရယ်ပညာရေးစနစ်ပုံစံသည် ဗဟိုကချုပ်ကိုင်မှုဖြင့်စုဖွဲ့သောအပေါ်အောက် (top down) စနစ်မဟုတ်ဘဲ (bottom-up federalism) အောက်ခြေမှအပေါ်သို့ စနစ်တကျတည်ဆောက်သည့် ဖယ်ဒရယ်စနစ်ကို အခြေခံသည်ဖြစ်ရာ ပြည်သူ့ပညာရေးကျောင်းများ၊ ဗကကျောင်းများ၊ သက်မွေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအားလုံးကို ဖယ်ဒရယ်ပညာရေးစနစ်တည်ဆောက်မှု၏ အရေးပါသော အစိတ်အပိုင်းများအဖြစ် ဖယ်ဒရယ်ပညာရေးကောင်စီနှင့် ပြည်နယ်အဆင့်၊ နိုင်ငံအဆင့်တာဝန်ရှိသူများက အသိအမှတ်ပြုကြရပါမည်။
ပညာရေးကောင်စီအဆင့်ဆင့် စနစ်တကျ စုဖွဲ့နိုင်ရန် -
(၁) ကျေးရွာ၊အုပ်စုအလိုက် ကျောင်းအုပ်ချုပ်ရေးကောင်စီကို ဦးစွာဖွဲ့စည်းရမည်။
(၂) ကျောင်းအုပ်ချုပ်ရေးကောင်စီက မြို့နယ်အဆင့်သို့ ကိုယ်စားလှယ်များရွေးချယ်ပေးပို့၍ မြို့နယ်ပညာရေးကောင်စီကို ဖွဲ့စည်းရမည်။ မြို့နယ်ပညာရေးကောင်စီသည် ၎င်းမြို့နယ်အတွင်းရှိ ကျောင်းအသီးသီး၏ စီမံခန့်ခွဲမှုစနစ်တကျလည်ပတ်နိုင်အောင် စီမံပေးရမည်။ ဆရာအင်အားကို မျှတလုံလောက်စွာ ဖြည့်တင်းပေးရမည်။
(၃) မြို့နယ်ပညာရေးကောင်စီများ၏ ကိုယ်စားလှယ်များဖြင့် (ပြည်နယ်အဆင့်)ဖယ်ဒရယ်ပညာရေးကောင်စီကို ဖွဲ့စည်းရမည်။ ဖယ်ဒရယ်ပညာရေးကောင်စီသည် သင်ကြားရေးစနစ်နှင့် သင်ရိုးများကို စနစ်တကျရေးဆွဲ၍ ပညာရေးဆိုင်ရာ သုတေသနပြုမှုများ၊ ဆရာ၊ဆရာမများ သင်ကြားသင်ယူမှုစွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရမည်။ (မှတ်ချက်။ ။ဤဖော်ပြချက်သည် ယေဘုယျအကြမ်းဖျင်း ဖော်ပြချက်များဖြစ်ပါသည်။) ဖယ်ဒရယ်ပညာရေးစနစ် တည်ဆောက်မှု၌ ပညာရေးအစိတ်အပိုင်းတစ်ခုချင်းစီသည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ကြသည်။
ထို့ကြောင့် အာရက္ခဒေသအသီးသီးမှ ဆရာ၊ဆရာမများအနေဖြင့် ပြည်သူ့ပညာရေးကျောင်းများကို စနစ်တကျစုဖွဲ့သင်ကြားကြခြင်းဖြင့် ဖယ်ဒရယ်ပညာရေးစနစ်တည်ဆောက်ပုံကို ခိုင်မာစေသင့်ပါသည်။
ဖယ်ဒရယ်ဒီမိုကရေစီပညာရေးစနစ်တည်ဆောက်ပုံ (Academic Structure) ကို အောက်ပါအတိုင်းဖွဲ့စည်းသည်။
(၁) ရှေ့ဦးကလေးသူငယ်ပညာရေးနှင့် စောင့်ရှောက်မှု
(၂) အခြေခံပညာရေး
(၃) သက်မွေးဝမ်းကြောင်းပညာရေး
(၄) အဆင့်မြင့်ပညာရေး (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ)
ဤတည်ဆောက်ပုံသည် (1-6-3-3) စနစ်ဖြစ်ပြီး စဉ် (၁) မှ စဉ် (၄) အထိ ၁၃ နှစ် ပညာသင်ကြားရမည် ဖြစ်သည်။ ၁၈-၁၉နှစ်ဆိုလျှင် ပုံမှန်ကျောင်းသားတစ်ဦး၏ ပထမဘွဲ့ပညာရေးပြီးပါသည်။ (မှတ်ချက်။ ။ ဆောင်းပါးဖွဲ့စည်းပုံအရသာ ဖော်ပြခြင်းဖြစ်ပြီး အကျယ်မဖော်ပြတော့ပါ။)
ဖယ်ဒရယ်ပညာရေးစနစ်သင်ရိုးနှင့်သင်ကြားရေး
ဖယ်ဒရယ်ပညာရေးစနစ်တွင် သင်ရိုးညွှန်တန်းအညွှန်ဘောင် (Curriculum Framework) နှင့် အခြေခံသင်ရိုး (Core Curriculum) များကို ဖယ်ဒရယ်ပညာရေးမူဝါဒများအရ (ပြည်နယ်)ဖယ်ဒရယ်ပညာရေးကောင်စီက ဦးဆောင်၍ မြို့နယ်ပညာရေးကောင်စီဝင်များ၊ အာရက္ခပြည်တွင်းက လူနည်းစုလူမျိုးစုကိုယ်စားလှယ်များ၊ ဆရာသမဂ္ဂများမှ ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ အခြားပညာရေးနှင့် သက်ဆိုင်သူ ပညာရှင်များက ပူးပေါင်းရေးဆွဲကြရပါမည်။
အာရက္ခပြည်အတွင်းရှိ “မြို့နယ်အသီးသီး၊ လူမျိုးစုဒေသအသီးသီးသည် သက်ဆိုင်ရာမြို့နယ်(သို့မဟုတ်) လူမျိုးစုဒေသများနှင့် ကိုက်ညီသော ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း (Local Curriculum) ကို ရေးဆွဲနိုင်သည်။ ၎င်းသင်ရိုးညွှန်းတမ်းသည် သက်ဆိုင်ရာဒေသလူမျိုးများ၏ စံတန်ဖိုးထားမှုများ၊ ယဉ်ကျေးမှုများ၊ သမိုင်းများ၊ ဘာသာစကားများကို ထင်ဟပ်ပေါ်လွင်စေရမည်။” (ဖယ်ဒရယ်ပညာရေးမူဝါဒ ။ စာ- ၁၉)
အာရက္ခဒေသအတွက် ကျောင်းသုံးဘာသာစကားမူဝါဒအဖြစ် “အခြေခံပညာကျောင်းများတွင် မိခင်ဘာသာစကား အခြေပြုဘာသာစကား (၃) မျိုး အသုံးပြုနိုင်သည်။
(၁) မိခင်ဘာသာစကား
(၂) ရုံးသုံး/နိုင်ငံသုံးဘာသာစကား
(၃) နိုင်ငံတကာသုံးဘာသာစကားတို့ ကျင့်သုံးနိုင်သည်။”
(ဖယ်ဒရယ်ပညာရေးမူဝါဒ ။ စာ- ၂၀)
အာရက္ခဒေသအတွက် အခြေခံပညာ (မူဆင့်)၌ ရခိုင်ဘာသာစကားကိုအခြေခံမြန်မာစာအစားအသုံးပြုခြင်း၊ သမိုင်းဘာသာရပ်များအဖြစ် ရခိုင်သမိုင်းစာေပများကို အခြေခံပညာအဆင့်အလိုက် ပိုင်းခြားပြုစု သင်ကြားခြင်းတို့ သင့်လျော်သည်။ (လက်ရှိကြားကာလတွင် ဆရာ၊ဆရာမများက ရခိုင်စာပေလောကရှိ စာအုပ်စာတမ်းများကို သင့်လျှော်သလို ယာယီသင်ရိုးအဖြစ် အသုံးချသင်ကြားနိုင်သည်။)
သင်ကြားရေးစနစ်အတွက် ဆရာဆရာမများကိုအထူးသတိပေးလိုပါသည်။ “ယခင်ကကဲ့သို့ ဖတ်စာအုပ်ပါ စာများအား အလွတ်ကျက်မှတ်စေသည့်နည်းကို ရှောင်ရှားကြ၍ သင်ယူမည့်အကြောင်းအရာများကို ကျောင်းသားများကိုယ်တိုင် စူးစမ်းလေ့လာခြင်း၊ သုတေသနပြုခြင်း၊ ကျောင်းသားများ အချင်းချင်းဆွေးနွေးစေခြင်း၊ ကျောင်းသားမျာ၏ အမြင်အယူအဆအမျိုးမျိုး ထွက်ပေါ်ခွင့်ပြုခြင်း၊ အကျိုးအကြောင်းအထောက်အထားများနှင့် ဆွေးနွေးတတ်ခြင်း၊ ဝေဖန်ပိုင်းခြားစဉ်စားခြင်း စသည့် အသိပညာ တည်ဆောက်ရေးဆိုင်ရာနည်းစနစ်များကို အသုံးပြုကြဖို့တိုက်တွန်းပါသည်။ သင်ကြားမှုပုံစံကို (21 Century Skills) 5C ရအောင် သင်ကြားသင့်ပါသည်။
“စစ်ဆေးအကဲဖြတ်ခြင်း” အတွက် ဖတ်စာအုပ်ပါစာများအား အလွတ်ကျက်မှတ်မှုကို တိုင်းတာသည့် စစ်ဆေးမှုများကို ရှောင်ရှား၍ ကျောင်သားများ၏လေ့လာသင်ယူမှု၊ အသိဉာဏ်တည်ဆောက်မှုနှင့် လွတ်လာစွာ စဉ်းစားတွေးခေါ်မှုတို့ကို အားပေးမြင့်တင်သည့် စစ်ဆေးနည်းများကို အသုံးပြုရမည်။
စဉ်းစားတွေးခေါ်မှုပါသော ပညာရေးသည်သာ ကမ္ဘာကြီးအားတိုးတက်ပြောင်းလဲစေသော တစ်ခုတည်းသော လက်နက်ဖြစ်ပါသည်။
“သက်မွေးပညာရေး” အတွက် ဒေသတွင်း မိရိုဖလာလက်မှုလုပ်ငန်းများအား ခေတ်မီအောင်ဆန်းသစ် တီထွင်ဖန်တီးမှုကို အားပေးမြှင့်တင်ရမည်။ မြေအိုးလုပ်ငန်း၊ ဝါးလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဒေသတွင်းတတ်သိပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည် ဖော်ကြသင့်သည်။ အမျိုးသမီးများအတွက် စက်ချုပ်သင်တန်းများ၊ ဇာထိုးပန်းထိုးသင်တန်းများ၊ နှီးဖျာ၊ခြင်းတောင်းရက်လုပ်ခြင်း သင်တန်းများပြုလုပ်ပေးခြင်းဖြင့် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများကို သက်မွေးပညာရေးဖြင့် ချိပ်ဆက်အကောင်အထည်ဖော်သင့်သည်။
ကြားကာလအတွက် ပညာရေးရန်ပုံငွေရှာဖွေခြင်း
လက်ရှိကာလသည် အာရက္ခဒေသအတွင်း လက်ကျန်မြို့နယ်များတွင် စစ်ရေးပြင်ထန်နေပေရာ AA အနေဖြင့် ကြားကာလအတွက် ပညာရေးရန်ပုံငွေချပေးနိုင်ရန် အခက်အခဲများစွာရှိနိုင်ပါသည်။ ထို့အတွက် ပြည်သူ့ကျောင်းများ ကြားကာလပညာသင်ကြားရေး ရန်ပုံငွေများကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးတို့က ရှာဖွေပံ့ပိုးပေးရန် စီစဉ်ကြသင့်သည်။ အထူးသဖြင့် ပြည်ပအဖွဲ့အစည်းများက ပညာရေးကဏ္ဍအတွက် သီးခြားရန်ပုံငွေ ရှာဖွေပွဲများပြုလုပ်ကာ ရန်ပုံငွေရှာဖွေပေးနိုင်ကြမည်ဆိုလျှင် ကြားကာလပညာသင်ကြား သင်ယူရေးလုပ်ငန်းမှား ကောင်းစွာလည်ပတ်နိုင်မည်ဖြစ်သည်။
သင်ကြားပေးကြသော ဆရာဆရာမများအတွက် သင့်တင့်လျှောက်ပတ်သော လစာငွေလည်း ပေးနိုင်မည်ဖြစ်သည်။ သို့မဟုတ်လျှင် အာရက္ခဒေသအတွင်းပြည်သူများမှာ ပညာရေးစရိတ်စကကြီး၍ ကလေးများ စာသင်ကြားနှုန်းကျသွားပါလိမ့်မည်။ လက်ရှိအချိန်တွင် ဖွင့်လက်စပြည်သူ့ကျောင်းများတွင် ကျောင်းသားများက လခပေး၍တက်နေကြရသည့်အခြေအနေဖြစ်သည်။ ဒေသတွင်းကုန်ဈေးနှုန်းကြီးမြှင်ခြင်းနှင့် ဝင်ငွေနည်းပါးခြင်းကြောင့် ရခိုင်ဒေသတွင်း ပြည်သူများပညာသင်ကြားရေး အခက်တွေ့လျှက်ရှိရာ ကြားကာလပညာသင်ကြားရေးအတွက် ပြည်တွင်းပြည်ပအဝေးရောက် အာရက္ခပြည်သူများက ပညာရေးရန်ပုံငွေ ပံ့ပိုးပေးသည့်အစီအစဉ်များ၊ နိုင်ငံတကာပညာရေးရန်ပုံငွေအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အစီအစဥ်များ ပြုလုပ်ပေးကြဖို့လိုအပ်ပါသည်။ ထိုသို့ပြုလုပ်မှသာ အာရက္ခဒေသ၏ ဖယ်ဒရယ်ပညာရေး စနစ်ကောင်းကို ကောင်းစွာအခြေချ တည်ဆောက်နိုင်မည်ဖြစ်သည်။ ပြည်သူ့ကျောင်းများအနေဖြင့်လည်း ပညာရေးရန်ပုံငွေများကို သီးခြားလွတ်လပ်စွာရှာဖွေအသုံးပြုခွင့်၊ ပွင့်လင်းမြင်သာစွာ ချပြသုံးစွဲခွင့် ရှိရပါမည်။
နိဂုံးချုပ်
အချုပ်ဆိုရသော် တော်လှန်ခေတ်အခြေအနေအရ အာရက္ခဒေသတွင် စစ်ကျွန်ပညာရေးစနစ်ဆိုးကိုပါ တခါတည်းတော်လှန်ကြလျှင် ဖယ်ဒရယ်ပညာရေး ပြည်သူ့ကျောင်းများကို ကိုယ်ထူကိုယ်ထဖွင့်လှစ် သင်ကြားပေးကြခြင်းဖြင့် ပြည်သူ့ပညာရေးမှသည် အာရက္ခဒေသ၏ ဖယ်ဒရယ်ပညာရေးစနစ်သစ်ဆီသို့ ဦးတည်ကြဖို့ အချိန်အခါသင့်ပြီဖြစ်ကြောင်း အကြံပြုတိုက်တွန်း ရေးသားလိုက်ရပါသည်။