ရခိုင်က စစ်ကောင်စီထိန်းချုပ်ဆဲ ဒေသများတွင် ကျောင်းအပ်စတင်လက်ခံ

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့်  စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူနှင့် သံတွဲမြို့တို့တွင်  ၂၀၂၄ - ၂၀၂၅  ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေခြင်းဖြစ်သည်။

By Admin 25 May 2024

မြန်မာနိုင်ငံအတွင်း စစ်ကောင်စီထိန်းချုပ်ဆဲဒေသတစ်ခုတွင် မေလ ၂၃ ရက်က ကျောင်းအပ်လက်ခံနေစဉ်။ ဓာတ်ပုံ - CINCDS 
မြန်မာနိုင်ငံအတွင်း စစ်ကောင်စီထိန်းချုပ်ဆဲဒေသတစ်ခုတွင် မေလ ၂၃ ရက်က ကျောင်းအပ်လက်ခံနေစဉ်။ ဓာတ်ပုံ - CINCDS 

DMG ၊ မေ ၂၅

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ဆဲဒေသများတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန်အတွက် မေလ ၂၃ ရက်မှစ၍ ကျောင်းအပ်လက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့်  စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူနှင့် သံတွဲမြို့တို့တွင်  ၂၀၂၄ - ၂၀၂၅  ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေခြင်းဖြစ်သည်။

တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက “ဟိုးကနေ့ကပင် ကျမတို့မြို့မှာ ကျောင်းအပ်လက်ခံတာ။ ဒီနေ့လည်း ကျောင်းသားတွေ ကျောင်းလာအပ်တာ မြင်ရတယ်” ဟု ပြောသည်။

ကျောင်းအပ်နှံမှုကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီက  ကျောင်းအပ်လက်ခံနေသော်လည်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရခြင်းအပြင် လုံခြုံရေးစိုးရိမ်ချက်များကြောင့် ကျောင်းသားများ ကျောင်းအပ်နှံမှုနည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ကျောင်းသားအနည်းငယ်လောက်ပဲ ရောက်တယ်။ တစ်ဖက်မှာလည်း စစ်ဘေးရှောင်နေကြတယ်။ အခြားတစ်ဖက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတော့ မိဘတွေက စိတ်မချဘူး” ဟု အမ်းမြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။ 

လက်ရှိတွင် မောင်တော၊ အမ်း၊ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး၊ မြို့သိမ်းတိုက်ပွဲများကြောင့် ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများမှာ လုံခြုံရေးစိုးရိမ်မှု ရှိနေကြသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်သည့် ရခိုင်စစ်ပွဲ ၆ လကျော်အတွင်း အာရက္ခတပ်တော်(AA) က ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။