ရခိုင့်တော်လှန်ရေးထဲက ဗိုလ်ချုပ်ခိုင်ရာဇာ
ဗိုလ်ချုပ်ခိုင်ရာဇာကို မင်းပြားမြို့နယ်၊ ချော်ချောင်းကျေးရွာနေ အဘ ဦးသာမြအောင်၊ အမိ ဒေါ်ကြာစိန်မေတို့၏ သားသမီး ၇ ယောက်အနက်မှ တတိယမြောက်သားဖြစ်သည်။ ငယ်နာမည်မှာ လှထွန်းအောင်ဖြစ်ပြီး အသက် ၁၃ နှစ်တွင် ကိုရင်ဘဝဖြင့် စစ်တွေမြို့၊ ပုသိမ်ကျောင်းတိုက်နှင့် ကြက်ကိုင်းတန်ကျောင်းတို့တွင် ပရိယတ္တိစာပေတို့ကို သင်ကြားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်သို့ရောက်သောအခါ စစ်တွေတွင် စာသင်နေတုန်း နိုင်ငံရေးအကြောင်းကို စိတ်အားထက်သန်သည့်အတွက် တော်လှန်ရေးအသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။
11 Feb 2022
DMG ၊ ဖေဖေါ်ဝါရီ ၁၁
(ဆောင်းပါး)
ဘင်္ဂလားပင်အော်ထဲရှိ ငွေသောင်ယံသဲသောင်ပြင်တွင် လူတစုကို လက်နက်ကိုင်ဆောင်ထားသူတို့က နောက်ပြန်ကြိုးတုတ်ကာ ဒူးထောက်လက်မြှောက်ခိုင်းထားပြီး မျက်လုံးများကို အဝတ်စတို့ဖြင့် စည်းနှောင်လိုက်ကြသည်။ ယင်းနောက် “ဒိုင်း-ဒိုင်း”ဟု သေနတ်သံ အချက် ၂၀ ခန့် ကြားလိုက်ရသည်။
“မင်းတို့ကို မိတ်ဆွေမှတ်လို့ ငါတို့ဒီနေရာကို ရောက်လာခဲ့ကြတယ်။ မင်းတို့သစ္စာဖောက်တယ်။ မင်တို့ ငါတို့ကျောကို ဓားနဲ့ထိုးလိုက်တာဖြစ်တယ်”ဟု ကျန်လူတချို့က စိတ်ထဲတွင်ရေရွတ်နေခြင်းမှ မတတ်နိုင်ခဲ့ကြပါ။
ထိုမြင်ကွင်းနောက်ကွယ်မှ ယနေ့အချိန်ထိ ရခိုင့်တော်လှန်ရေးနှင့် ကရင့်တော်လှန်ရေးခေါင်းဆောင်တို့ ဖြစ်ကြသော ဗိုလ်ချုပ်ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမှူးလွယ်၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လင်းခိုင်ဇံနှင့် ဗိုလ်မြင့်ဆွေတို့ မည်သည့်အခါမှ မတွေ့ရတော့ပေ။
ထိုဖြစ်စဉ်သည် လွန်ခဲ့သော ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် အိန္ဒိယပိုင်နက် အက်ဒမန်ကျွန်းစုအတွင်းရှိ Landfall ကျွန်းတွင် ဗိုလ်ရာဇာအပါအဝင် ရခိုင်နှင့်ကရင်ခေါင်းဆောင် ၆ ဦးတို့ အကြမ်းဖက် ပစ်သတ်ခံရခြင်းဖြစ်သည်။ ထိုဖြစ်စဉ်မှာ ယနေ့ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် (၂၄)နှစ်ကြာမြင့်ခဲ့ပြီးလည်းဖြစ်သည်။
ဘာဖြစ်ခဲ့တာလဲ
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ရခိုင်ပြည်တပ်မတော်(AA) ရခိုင်ရဲဘော် ၂၇ ဦးနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံအရာရှိနှင့် ရဲဘော် ၁၃ ဦး စုစုပေါင်း ၄၀ ဦးတို့မှာ ထိုင်းနယ်စပ်မှ အိန္ဒိယအပိုင် အက်ဒမန်ကျွန်းသို့ စတင်ထွက်ခွာလာခဲ့ကြသည်။
၎င်းတို့အဖွဲ့မှာ အက်ဒမန်ကျွန်းတွင် ရခိုင့်တော်လှန်ရေး ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်ခွင့်ပေးမည်ဟု အန္ဒိယအစိုးရအရာရှိတို့က ကတိပေးထားသဖြင့် အက်ဒမန်ကျွန်းစုအတွင်းရှိ Landfall ကျွန်းကို လက်နက်ခဲ့ယမ်းအပြည့်ဖြင့် စက်လှေစီးကာ ဦးတည်မောင်းနှင်လာခဲ့ကြသည်။
အဆိုပါကျွန်းသို့ရောက်စဉ် ပထမတွင် ဗိုလ်ချုပ်ခိုင်ရာဇာတို့အဖွဲ့ကို ရခိုင်ပြည်တပ်မတော်ဘက်မှ ဗိုလ်မှူးစောထွန်းအပါဝင် အခြားအိန္ဒိယအရာရှိများနှင့်အတူ ရောက်နှင့်နေပြီး ကြိုဆိုကြသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ခိုင်ရာဇာဦးဆောင်သော တော်လှန်ရေးတပ်သားများအား အိန္ဒိယထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး ဂရက်ဝယ်(Biswajit Singh Grewal)အပါအဝင် အားလုံးက အားပါးတရ ဝမ်းမြောက်ဝမ်းသာကြိုဆိုကြသည်။ ညနေပိုင်းတွင် မီးပုံပွဲဖြင့်အတူ ရင်းနှီးမိတ်ဆက် အောင်ပွဲခံခဲ့ကြသည်။
အိန္ဒိယ ဒုဗိုလ်မှူးကြီး ဂရက်ဝယ်က မေတ္တာရပ်ခံသည့်အတိုင်း မိမိတို့ပါလာသောလက်နက်များကို ကမ်းခြေတွင် ချခင်းပြထားရသည်။ အဆိုပါလက်နက်များကို မကြာမီရက်များအတွင်း ရခိုင်ပြည်အတွင်းရှိ တော်လှန်ရေးလှုပ်ရှားနေကြသော ရဲဘော်များထံပေးပို့မည်ဖြစ်သည်။
နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၈ နာရီလောက်တွင် အိန္ဒိယရေတပ်သင်္ဘောတစ်စီး ကျွန်းအနားတွင်လာကပ်ပြီးနောက် သင်္ဘောပေါ်မှ ရေတပ်သားများကို တသုတ်ချင်း၊ တသုတ်ချင်း ကျွန်းပေါ်သို့ပြောင်းတင်သည်။ အိန္ဒိယထိပ်တန်းလူကြီးများက ရဟတ်ယာဉ်ဖြင့်လာကာ သူတို့နှင့် နေ့လည်စာအတူစားပြီး ပြောဆိုဆွေးနွေးကြမည်ဟု ဂရက်ဝယ်ကပြောထားသည်။ ခဏအကြာ ရဟတ်ယဉ်သံကြားသည်နှင့် ခိုင်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဖဒိုမှူးလွယ်၊ ဗိုလ်ရန်နိုင်နှင့် ဗိုလ်လင်းခိုင်ဇံတို့သည် ဂရက်ဝယ်နှင့်အတူ လူကြီးများကိုကြိုရန် အခြားသော အိန္ဒိယသေနတ်ကိုင်စစ်သားများနှင့်တကွ ရဟတ်ယာဉ်ဆင်းမည့်နေရာသို့ သွားကြသည်။
သို့သော်လည်း ရဟတ်ယာဉ်ဆင်းသက်ပြီးသော် ခိုင်ရာဇာနှင့် ခေါင်းဆောင် ၆ ဦးတို့အား သဲသောင်ပြင်တစ်ခုသို့ သီးခြားခေါ်ဆောင်သွားကာ အိန္ဒိယအာဏာပိုင်တို့က လက်နက်မှောင်ခိုရောင်းဝယ်သူများဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်ပစ်သတ်လိုက်ခြင်းလည်းဖြစ်သည်။
အမှန်က ဗိုလ်ချုပ်ခိုင်ရာဇာနှင့်အဖွဲ့မှာ မြန်မာစစ်အာဏာပိုင်တို့ကို လက်နက်ကိုင်တော်လှန်နေကြသူတို့ဖြစ်ကြပြီး ရခိုင်နှင့်သူတို့လူမျိုးတို့အတွက် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရန် တိုက်ပွဲဝင်နေကြသူများ ဖြစ်သဖြင့် အိန္ဒိယအာဏာပိုင်တို့ကိုယုံကြည်ကာ ချဉ်းကပ်ခဲ့ကြခြင်းသာဖြစ်သည်။
ဗိုလ်ချုပ်ခိုင်ရာဇာအကြောင်း အကျဉ်းချုပ်
ဗိုလ်ချုပ်ခိုင်ရာဇာကို မင်းပြားမြို့နယ်၊ ချော်ချောင်းကျေးရွာနေ အဘ ဦးသာမြအောင်၊ အမိ ဒေါ်ကြာစိန်မေတို့၏ သားသမီး ၇ ယောက်အနက်မှ တတိယမြောက်သားဖြစ်သည်။ ငယ်နာမည်မှာ လှထွန်းအောင်ဖြစ်ပြီး အသက် ၁၃ နှစ်တွင် ကိုရင်ဘဝဖြင့် စစ်တွေမြို့၊ ပုသိမ်ကျောင်းတိုက်နှင့် ကြက်ကိုင်းတန်ကျောင်းတို့တွင် ပရိယတ္တိစာပေတို့ကို သင်ကြားခဲ့သည်။ အသက် ၁၆ နှစ်အရွယ်သို့ရောက်သောအခါ စစ်တွေတွင် စာသင်နေတုန်း နိုင်ငံရေးအကြောင်းကို စိတ်အားထက်သန်သည့်အတွက် တော်လှန်ရေးအသိုင်းအဝိုင်းနှင့် တွေ့ဆုံခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့်ဆက်စပ်ပြီး စစ်တွေနှင့် ရန်ကုန်တို့တွင် လျှို့ဝှက်တော်လှန်ရေး လုပ်ငန်းတို့ကို လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အာဏာပိုင်တို့က သူ၏လုပ်ရပ်တို့ကို ရိပ်စားမိလာသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်နှင့် ကော့သောင်းဘက်သို့ ရှောင်တိမ်းခဲ့ရသေးသည်။
ဗိုလ်ချုပ်ခိုင်ရာဇာဖခင်လည်း ရခိုင်တော်လှန်ရေးပြောက်ကျားတစ်ဦးဖြစ်သဖြင့် ဗိုလ်ရာဇာသည် အမျိုးသားရေး၊ တော်လှန်ရေးတို့ စိတ်ဓာတ်ပြင်းထန်သူဖြစ်သည်။ ယင်းကြောင့် ဗိုလ်ရာဇာသည် ALP/ALA တွင် ဝင်ရောက်လုပ်ကိုင်ရင်း ခေါင်းဆောင်တချို့နှင့် ဆက်ဆံရေး၊ သဘောထားအဆင်မပြေမှုတို့ကြောင့် ခွဲထွက်သွားသည်။ ယင်းနောက် ကရင်နယ်မြေတပ်မဟာ(၄)တွင် မဟာမိတ်အကူအညီဖြင့် လက်နက်အင်အား၊ လူအင်အား၊ ဘဏ္ဍာများ စတင်စုဆောင်းခဲ့သည်။
အင်အားတောင့်တင်းလာသောအခါ ဘင်္ဂလားပင်လယ်ပြင်ကို စက်လှေနှင့်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ရခိုင်နယ်စပ်မှာ ရခိုင်ပြည်တပ်မတော်(AA)ကို ထူထောင်ခဲ့သူဖြစ်သည်။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင့်တော်လှန်ရေးရဲဘော်တို့အား လက်နက်ခဲယမ်းအမြောက်အမြားကို ရေကြောင်းမှပို့ဆောင်နိုင်ခဲ့ပြီး ခေတ်မီတော်လှန်ရေးတရပ်ကို စတင်နိုင်ရန်အတွက် ၁၉၉၁ ခုနှစ်တွင် ရခိုင်ပြည်တပ်မတော်(AA)ကို ထူထောင်ခဲ့သူဖြစ်သည်။
၁၉၉၃ ခုနှစ်မှစ၍ အိန္ဒိယအစိုးရနှင့် ဆက်ဆံရေးလုပ်ရန် AA မှ တပ်မှူးတစ်ဦးကို တာဝန်ပေးခဲ့သည်။ ယင်းအပြင် အကွဲအပြဲဖြစ်နေသော ရခိုင့်တော်လှန်ရေးအဖွဲ့အစည်းတို့ကို ပေါင်းစည်းလျှက် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ(NUPA)နှင့် ရခိုင်ပြည်တပ်မတော်(AA)ကို ဖွဲ့စည်းခဲ့သည်။
၁၉၉၇ ခုနှစ်က AASYC ကို NUPA နှင့် ပေါင်းစည်းလိုက်ပြီး ယင်းအချိန်တွင် NUPA ၌ ALP မှအပ တစ်ခြားသော လက်နက်ကိုင်အဖွဲ့အစည်းတို့ ပူးပေါင်းခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ၏ ဒေသဆိုင်ရာအာဏာပိုင်များနှင့် ဆက်ဆံရေးပိုအဆင်ပြေလာခဲ့ပြီး NUPA ၏ဌာနချုပ်ကို ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရခိုင်-အိန္ဒိယနယ်စပ်သို့ ပြောင်းရွှေ့ခဲ့သည်။
AA မှ အိန္ဒိယနှင့်ဆက်ဆံရေးတာဝန်ခံသည် မြန်မာ့ပင်လယ်ပြင်၌ တရုတ်တို့၏လှုပ်ရှားမှုတို့ကို AA က စောင့်ကြည့်ရန်အပါအဝင် အခြားသောသဘောတူညီချက်များကို အိန္ဒိယအာဏာပိုင်တို့နှင့် သဘောတူညီမှု ယူနိုင်ခဲ့သည်။ ယင်းကြောင့် အိန္ဒိယအာဏာပိုင်တို့ကို ယုံကြည်မိခဲ့သည့်အတွက် နောက်ဆုံးတွင် ကျဆုံးခဲ့ရခြင်းလည်းဖြစ်သည်။
ခိုင်ရာဇာကျဆုံးပြီး နောက်ဆက်တွဲ
ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးပြီးနောက် ကျန်နေခဲ့သည့် (၃၆)ဦးတို့မှာ လက်နက်များနှင့်အတူ ဖမ်းဆီးခြင်းကိုခံလိုက်ရကာ အက်ဒမန်ကျွန်းရှိ Port Blair အကျဉ်းထောင်တွင် စစ်ဆေးမှုတစုံတရာမရှိဘဲ (၈)နှစ်တာ အကျဉ်းကျခံရသည်။ ထိုစဉ် အကျဉ်းထောင်မှ ရခိုင်နှင့်ကရင် ရဲဘော် ၂ ဦးထွက်ပြေးရာမှ ပျောက်ဆုံးသွားခဲ့ရသည်။ ကျန်ရှိသော ရခိုင်ရဲဘော် ၂၄ ဦး၊ ကရင်ရဲဘော် ၁၀ ဦး စုစုပေါင်း ၃၄ ဦးမှာ မြန်မာနိုင်ငံက လူ့အခွင့်ရေးလှုပ်ရှားသူများ၊ ရခိုင်တော်လှန်ရေးအင်အားစုတို့၏အကူအညီဖြင့် Port Blair အကျဉ်းထောင်မှ ကာလကတ္တားအကျဉ်းထောင်သို့ ယူဆောင်နိုင်ခဲ့ပြီး ဥပဒေကြောင်းအရ အမှုကိုကြားနာစစ်ဆေးနိုင်ခဲ့သည်။
၎င်းတို့မှာ စုစုပေါင်းနှစ်ပေါင်း ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လမှာ အပြီးသတ်စီရင်ချက်ချမှတ်ခဲ့သည်။ သို့သော် အိန္ဒိယပြည်နယ်အစိုးရမှ အပြီးသတ်စီရင်ချက်ချထားခဲ့သော်လည်း ဗဟိုအစိုးရမှ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ထို့ကြောင့် AASY မှ ရဲဘော်တို့က ၎င်းတို့အတွက် နိုင်ငံတကာနှင့်ချိတ်ဆက်ကာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ(UNHCR)က ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခဲ့ပြီး တတိယနိုင်ငံတစ်ခုတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိရေး လှုပ်ရှားဆောင်ရွက်ခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၃၁ ဦးမှာ ၂၀၁၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် လွတ်မြောက်လာခဲ့ပြီး ကျန်သုံးဦးမှာလည်း UNHCR အကူအညီဖြင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ နယ်သာလန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သည်။
၁၉၉၈ ခုနှစ်က ရခိုင်ပြည်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအဝင် ခေါင်းဆောင်(၆)ဦးအား လုပ်ကြံမှုနှင့် ၃၆ ဦးကို ဖမ်းဆီးထောင်ချနိုင်ခဲ့မှုတွင် အဓိကနေရာမှပါဝင်ခဲ့သော အိန္ဒိယထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး Grawel မြန်မာစစ်အစိုးရမှ အာဏာပိုင်တို့၏ပူးပေါင်းလုပ်ကြံခြင်းဟု ပြည်သူတို့က ထင်မြင်ချက် ပေးနေကြသည်။
NUPA/AA နှင့် ULA/AA ပူးပေါင်း
NUPA/AA ကို ၁၉၈၈ ခုနှစ်တွင် ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး(NUFA)မှတဆင့် ကူးပြောင်းဖွဲ့စည်းလိုက်ခြင်းပြီး ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး(NUFA)၊ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့(AIO)၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီ(ACP)၊ ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ(ANLP)၊ လူမျိုးစု အမျိုးသားပါတီ(TNP)၊ ရခိုင်အမျိုးသားဒီမိုကရေစီအင်အားစု(NDFA) စသည့်(၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ယင်းနောက်ပိုင်း ဗိုလ်ချုပ်ခိုင်ရာဇာ ကျဆုံးသွားသည့်နှင့် NUPA/AA မှာ တချို့ခေါင်းဆောင်များမှာလည်း ကျန်းမာရေးချို့တဲ့နေခြင်းတို့အပြင် နိုင်ငံရေးအရ ရှေ့သို့ခရီးမဆက်နိုင်ခြင်း စသည့်တို့ကြောင့် စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းနှင့် ပါတီတွင်းလုပ်ငန်းများ ယိမ်းယိုင်သွားခဲ့သည်။ ယင်းကြောင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် NUPA/AA ကိုဖျက်သိမ်းပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)နှင့် ပူးပေါင်းလိုက်သည်။
ယခု ရခိုင်တော်လှန်ရေး၌ အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်သော ရက္ခိုင့်တပ်တော်(AA)၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ၁၉၉၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်တပ်မတော်(AA)သို့သွားရန် ဗိုလ်ချုပ်ခိုင်ရာဇာနှင့် ဆက်သွယ်ခဲ့သေးသည်။ သို့သော် ဗိုလ်ချုပ်ခိုင်ရာဇာကျဆုံးပြီးနောက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှာ တခြားနေရာဖြစ်သော KIA ထိန်းချုပ်ရာလိုင်ဇာတွင် ရက္ခိုင့်တပ်တော်(AA)ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ယခင်လည်း ခေတ်သစ်ရခိုင့်အမျိုးသားတော်လှန်ရေးမှာ ကချင်ပြည်နယ်တွင် အခြေစိုက်ခဲ့သော ရခိုင့်လွတ်လပ်ရေးအဖွဲ့(AIO/AIA)မှ ဆရာစံကျော်ထွန်း ဦးဆောင်သောအဖွဲ့သည် ၁၉၇၆ ခုနှစ်တွင် ရခိုင်ပြည်သို့တပ်အပြောင်း လမ်းခုလတ်တနေရာတွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်ပြီး AIO/AIA ခေါင်းဆောင်ဆရာစံကျော်ထွန်း ကျဆုံးခဲ့ရသည်။
ထိုနည်းတူစွာ ကရင်ပြည်နယ်တွင်အခြေစိုက်သည့် ဗိုလ်မှူးခိုင်မိုးလင်းဦးဆောင်သည့် ALP/ALA မှာလည်း ၁၉၇၇ ခုနှစ်တွင် မိုးလင်းရာဇာစစ်ကြောင်းဖြင့် ကရင်ပြည်နယ်မှတဆင့် ရခိုင်ပြည်နယ်သို့ တပ်အပြောင်း လမ်းခုလတ် ချင်းပြည်နယ်တစ်နေရာတွင် မြန်မာ့တပ်မတော်နှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲများပြင်းထန်ခဲ့ကာ ခေါင်းဆောင်ခိုင်မိုးလင်း ကျဆုံးခဲ့သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကိုရောက်တိုင်း ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရောက် ရခိုင်လူမျိုးစုနှင့် တော်လှန်ရေးအဖွဲ့များကြားတွင် ဗိုလ်ချုပ်ခိုင်ရာဇာနှင့်ကျဆုံးသွားသည့် တော်လှန်ရေးအရာရှိတို့အတွက် ကောင်းမှုကုသိုလ်ပြု၊ အမျှဝေခြင်း၊ ဆွမ်းကပ်ခြင်းတို့ပြုလုပ်နေကြသည်ကို တွေ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ရခိုင့်တော်လှန်ရေးသမိုင်းစာမျက်နှာတွင် ဗိုလ်ချုပ်ခိုင်ရာဇာအကြောင်းမှာ ရခိုင်လူထုအကြား ယနေ့အချိန်ထိ နှမြောတသဖြင့် အလေးပြုလျှက်ရှိနေဆဲရှိနေကြသည်။
ဂေါင် - ရေးသားသည်။
ဗိုလ်ချုပ်ခိုင်ရာဇာ ကောင်းရာသုဂတိရောက်ပါစေ။