သမီးရဲ့ လက် ရှည်လာပြီ

“ဆေးရုံမှာ လက်ဖြတ်ပြီး သတိရလာတဲ့အချိန် “အမေ” ဆိုပြီး လှမ်းခေါ်တယ်။ တပြိုင်နက်တည်းမှာပဲ သူ့ပါးစပ်က “ဪ” ဆိုတဲ့ စကားလုံးထပ်ထွက်လာတယ်။ သူ့အမေ မရှိတော့ဘူး၊ ဆုံးသွားပြီဆိုတာကို သူသတိရသွားတာ” ဟု အဖိုးဖြစ်သူ ဦးလှကြီးက ပြောပြပါတယ်။

By Admin 27 Feb 2025

သမီးရဲ့ လက် ရှည်လာပြီ

မေကြီးသျှင် - ရေးသည်

ပြတ်သွားတဲ့လက်တစ်ချောင်းဟာ အသစ်ပြန်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အသက် (၅)နှစ်အရွယ် သမီးလေး ခိုင်စောဝေကတော့ တံတောင်ဆစ်ကနေပြတ်နေတဲ့ သူမရဲ့“လက်” ပြန်ထွက်လာဖို့ကို မျှော်လင့်နေပါတယ်။

သမီးလေး ခိုင်စောဝေဟာ မွေးရာပါ မသန်စွမ်းသူ မဟုတ်ပါဘူး။ သူမရဲ့ ဘယ်ဘက်လက်ကို တံတောင်ဆစ်ကနေ ဖြတ်တောက်လိုက်ရတာ တစ်နှစ်ကျော်သာ ရှိပါသေးတယ်။

သမီးလေး ခိုင်စောဝေတို့ မိသားစုဟာ ရှေးဟောင်းဘုရားပုထိုးပေါများရာ ရခိုင်ပြည်၊ မြောက်ဦးမြေမှာ နေထိုင်ကြတာပါ။ အဖေ ဦးစံမောင်၊ အမေ ဒေါ်လှလှသန်းနဲ့ အသက် (၉) နှစ်အရွယ် အစ်ကိုဖြစ်သူတို့ဟာ သူမရဲ့ အသိုက်အမြုံလေးပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သမီးလေး ခိုင်စောဝေတို့ မိသားစုအသိုက်အမြုံကို လက်နက်ကြီးတစ်လုံးက ဖြိုချဖျက်ဆီးတာ ခံလိုက်ရပါတယ်။

သမီးလေး ခိုင်စောဝေတို့နေထိုင်ရာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ထဲကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် အဖိုးဖြစ်သူရှိရာ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ကို မိဘနှစ်ပါးနဲ့အတူ ဆိုင်ကယ်နဲ့ တိမ်းရှောင်ခဲ့ကြပါတယ်။

လမ်းခုလတ်အရောက်မှာ လက်နက်ကြီးကျည်တစ်လုံးဟာ အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိဘနှစ်ပါးကို ဆုံးရှုံးခဲ့ရသလို သမီးလေး ခိုင်စောဝေမှာလည်း ဘယ်ဘက်လက်မှာ လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့ရပါတယ်။

လက်နက်ကြီးကျည်စတွေဟာ ဖခင် ဦးစံမောင် (၃၅) နှစ်၊ မိခင် ဒေါ်လှလှသန်း (၂၆) နှစ်တို့ရဲ့ ခန္ဓာကိုယ်အနှံ့မှာ ထိမှန်သွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

“သူတို့နဲ့ ဆယ့်ငါးပေလောက်ဝေးတဲ့ အုတ်ပုံမှာ လက်နက်ကြီးက လာထိတယ်။ အဲဒီကတဆင့် ပေါက်ကွဲပြီး သူတို့သုံးယောက် ဆိုင်ကယ်နဲ့လာတာကို လက်နက်ကြီးအစတွေ လာထိတာ” ဟု ဦးစံမောင်ရဲ့ ဖခင် ဦးလှကြီးက ပြောပါတယ်။

သမီးလေး ခိုင်စောဝေမှာလည်း လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဖက်လက်ကို တံတောင်ဆစ်ကနေ ဖြတ်တောက်ခဲ့ရပါတယ်။

ဆေးကုသမှုခံယူနေချိန်အတွင်း မခိုင်စောဝေမှာ နာကြင်မှုဝေဒနာကို မျက်ရည်တစ်စက်မထွက်ဘဲ ကြိတ်မှိတ်ခံခဲ့တာကြောင့် အံ့ဩခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ဆေးရုံမှာ လက်ဖြတ်ပြီး သတိရလာတဲ့အချိန် “အမေ” ဆိုပြီး လှမ်းခေါ်တယ်။ တပြိုင်နက်တည်းမှာပဲ သူ့ပါးစပ်က “ဪ” ဆိုတဲ့ စကားလုံးထပ်ထွက်လာတယ်။ သူ့အမေ မရှိတော့ဘူး၊ ဆုံးသွားပြီဆိုတာကို သူသတိရသွားတာ” ဟု အဖိုးဖြစ်သူ ဦးလှကြီးက ပြောပြပါတယ်။

အိမ်ထောင်သက် ၁၀ နှစ်ကျော်မှာ သားတစ်ဦးနဲ့ သမီးတစ်ဦးထွန်းကားခဲ့တဲ့ ဦးစံမောင်နဲ့ ဒေါ်လှလှသန်းတို့ ဇနီးမောင်နှံဟာ စီးပွားရေးအဆင်မပြေတာကြောင့် အကြီးဆုံးမြေးဖြစ်သူကို အဖိုးဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဦးလှကြီးက ငယ်စဉ်ကတည်းက ခေါ်ယူစောင့်ရှောက်ထားခဲ့တာပါ။

အခုလို သမီးလေး ခိုင်စောဝေတို့ မိသားစုအသိုက်အမြုံကို ဖျက်ဆီးခဲ့တဲ့ လက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့နယ်မှာအခြေစိုက်ခဲ့တဲ့ စစ်ကောင်စီ ခမရ (၃၇၇) တပ်ရင်းက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခမရ (၃၇၇) တပ်ရင်းအပါအဝင် သင်းကျစ်တော်တောင်စခန်း၊ ခမရ (၃၇၈) ၊ ၅၄၀ တပ်ရင်းတို့ကို အာရက္ခတပ်တော် (AA)က သိမ်းယူခဲ့ကာ မြောက်ဦးမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။

မြောက်ဦးမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှုတွေကြောင့် သမီးလေး ခိုင်စောဝေရဲ့ မိဘနှစ်ပါးအပါအဝင် မြောက်ဦးမြို့နယ်အတွင်းမှာ အရပ်သား ၂၇ ဦးသေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦးထိရှိခဲ့ပါတယ်။ အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ကလေး ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ကလေး ၇ ဦး ရှိခဲ့တာဖြစ်ပါတယ်။

သမီးလေး ခိုင်စောဝေကိုတော့ မိဘနှစ်ပါးကို ဆုံးရှုံးခဲ့တဲ့နောက်မှာ အဖိုးဖြစ်သူကပဲ ဆက်ပြီးစောင့်ရှောက်ထားပါတယ်။ လက်တဖက်မရှိဘဲ တစ်နှစ်ကျော်သာရှိသေးတာကြောင့် သမီးလေးဟာ နေထိုင်ရတာ အသားမကျသေးပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တယ်လို့ မိသားစုဝင်တွေက ယုံကြည်ထားပါတယ်။

“လက်တစ်ဘက်မရှိပေမယ့် တစ်ဘက်တည်းနဲ့ ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ကလေးက အသက်ငယ်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်တယ်” လို့ ဦးလှကြီးက ပြောပြပါတယ်။

ဦးလှကြီးကတော့ သမီးလေး ခိုင်စောဝေတို့ မောင်နှစ်မ နှစ်ယောက်လုံးကို လူလားမြောက်အောင် ပြုစုပျိုးထောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

“လက်တစ်ဘက်တည်းရှိရင်လည်း အဲဒီလက်နဲ့ပဲနေတတ်အောင် ကျနော် သင်ပြပေးသွားမယ်။ ကလေးကို ပန်းချီဆွဲတာတွေဘာတွေ သင်ပေးသွားမယ်။ တစ်နည်းနဲ့ အဆင်မပြေရင် တစ်နည်းနဲ့တစ်ခုခုဖြစ်အောင်တော့ ကျနော်က လုပ်ပေးသွားမယ်။ သူတို့ကို ပြုစုပျိုးထောင်ဖို့ ကျနော့်မှာ တာဝန်ရှိသွားပြီ” လို့ ဦးလှကြီးက ပြောပါတယ်။

စစ်ပွဲကာလအတွင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ တရားမျှတမှုရရှိဖို့ကိုလည်း ဦးလှကြီးက လိုလားနေပါတယ်။

ရခိုင်တိုက်ပွဲကာလအတွင်းမှာ ကိုယ်လက်အင်္ဂါ၊ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းသွားသူ ၇၂၀ ဦးခန့်ရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့ရဲ့ အချက်အလက်က ဆိုပါတယ်။

သမီးလေး ခိုင်စောဝေကတော့ တံတောင်ဆစ်ကနေ ပြတ်နေတဲ့ သူ့မရဲ့လက် ပြန်ရှည်လာဖို့အတွက် မျှော်လင့်နေပါတယ်။

“သမီးလေးရဲ့ စိတ်ဆန္ဒက လက်ကလေးကိုကြည့်ပြီး ပြန်ရှည်လာမယ်လို ထင်နေတာ။ အချိန်ကြာရင် ပုံမှန်လက်လို ဖြစ်သွားမယ်လို ထင်နေတယ်။ မျှော်လင့်နေတယ်” လို့ ဦးလှကြီးက ပြောပါတယ်။

စစ်ပွဲဆိုင်ရာဥပဒေတွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထိခိုက်လွယ်တဲ့အုပ်စုတွေထဲက ကလေးသူငယ်တွေကို အထူးအလေးထားကာကွယ်ရမယ်လို့ ဖော်ပြထားပေမယ့် စစ်ပွဲနဲ့မသက်ဆိုင်တဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့သားကောင်ဖြစ်ခဲ့ရတယ်ဆိုတာ မခိုင်စောဝေရဲ့ဖြစ်ရပ်က သက်သေပြလို့နေပါတယ်။