ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်

“သူကတစ်အိမ်လုံးကိုရှာကျွေးနေတာ နှစ်နှစ်ရှိပြီ။ မိုးတွင်းဘက်ဆိုရင် ကျောက်တော်မြို့ထဲဘက်ကိုသွားပြီး ပန်းရံ လုပ်တယ်။ နွေဘက်ဆိုရင် အုတ်ဖိုတွေမှာ ညဘက်တွေအလုပ်ဆင်းတယ်။ ငယ်ငယ်တုန်းကလည်း တတ်နိုင် သလောက်ရှာကျွေးခဲ့တာ၊ သူ့အဖေကတော့ သူတို့ငယ်ငယ်တုန်းကတော့ အတူနေတယ်၊ အတူမနေဖြစ်တာ သုံးနှစ်လောက်ရှိပြီ ”ဟု ဒေါ်မယဉ်က ပြောပြသည်။

By သီဟ 11 Jun 2020

သီဟ ရေးသားသည်။ 

“ကိုယ့်ဘာသာ အိမ်မှာနေနေတာကို အခုလိုဖြစ်အောင်လုပ်သွားတဲ့ လူတွေကိုမုန်းတယ်”ဟု အသက် ၁၇ နှစ် အရွယ် မမိုးမိုးနွယ်ကဆိုသည်။

သူမ၏အမေ မွေးပေးလိုက်စဉ်က ခြေလက်အင်္ဂါအစုံ ပါဝင်သော်လည်း သူမ အသက် ၁၇ နှစ်အရွယ်ရောက်မှ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည့်အတွက် မကျေမချမ်း ဖြစ်နေခြင်းပင်ဖြစ်သည်။

မမိုးမိုးနွယ်သည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ မျိုးထဲမှ ဒိုင်းနက် မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦးဖြစ်သည်။ သူမကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဘောၤကွေ့အမည်ရှိသည့်ကျေးရွာတွင် ဒိုင်းနက်လူမျိုးများ ဖြစ်ကြသည့် ဦးကျော်မြအောင်နှင့် ဒေါ်မယ်ဘုစိန်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ မွေးချင်းနှစ်ဦးထဲတွင် သမီးကြီး ဖြစ်သည်။

ဖခင်ဖြစ်သူမှာ ဆွံ့အ နားမကြားသူတစ်ဦးဖြစ်သည်။ မိခင်ဖြစ်သူသည်လည်း ကျန်းမာရေးချို့တဲ့သူဖြစ်သည်။ မမိုးမိုးနွယ် အသက် ၅ နှစ်အရွယ်တွင် မိခင်ဖြစ်သူမှာ အပြင်းဖျားရာမှ ဆုံးပါးသွားခဲ့သည်။ ထိုသို့ မိခင်ဆုံးရှုံး သွားချိန်တွင် သူမ၏ မောင်ဖြစ်သူမှာ ၅ လသားအရွယ်သာရှိသေးသည်။

မမိုးမိုးနွယ်တို့ မောင်နှစ်မ ၂ ယောက် မိခင်မေတ္တာဆုံးရှုံးသွားချိန်တွင် မိခင်ကဲ့သို့ မေတ္တာထားပေးသူ တစ်ဦးကို ထပ်မံတွေ့ရှိလိုက်ရသည်။ ဖခင်၏ အစ်မဖြစ်သူက ၎င်းတို့မောင်နှစ်မ ၂ ယောက်ကို မွေးစားပေးခဲ့သည်။

“သူ့အမေဆုံးတော့ အဒေါ်ဖြစ်တဲ့အဖွားကပဲ သူတို့ကိုမွေးစားခဲ့ရတာပေါ့။ သူ့အဖေဖြစ်တဲ့ အဖွားရဲ့မောင်က စကားလည်းမပြောတက် ၊ ကြားလည်းမကြားရတော့ ဒီကလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်နိုင်မှာလဲ”ဟု အသက် ၆၀ အရွယ် ဒေါ်မယဉ်ကဆိုသည်။

မိုးမိုးနွယ် ဆိုသည့်အမည်က မိုးရေကဲ့သို့ အေးစက်လှသော်လည်း သူမ၏ ဘဝတွင် အပူတစ်သိုက်နှင့် ဖြစ်ခဲ့ ရသည်။ သူမ စာသင်ချိန်ရောက်၍ ကျောင်းတက်ခဲ့သော်လည်း မိသားစုစားဝတ်နေရေး အခက်အခဲက သူမကို စာသင်ခန်းနှင့် အလှမ်းဝေးစေခဲ့သည်။

သူမ တတိယတန်းတက်မည့်နှစ်တွင် ကျောင်းမှထွက်ကာ မွေးစားမိခင်(အဒေါ်)ဖြစ်သူနှင့်အတူ မိသားစုဝမ်းရေး အတွက် ထင်းခွေ၊ ဟင်းခူးအလုပ်များကို ဝိုင်းကူလုပ်ကိုင်ပေးခဲ့ရသည်။
မမိုးမိုးနွယ် အသက် ၁၀ နှစ်ခန့်အရွယ်မှစတင်၍ မိုးရာသီ၌ ကင်းစွန်းရွက်များကို ခူးယူရောင်းချကာ နွေရာသီ ဆိုလျှင် ထင်းခွေခြင်းအလုပ်ကိုလုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရသည်။

လက်ရှိမှာ သူမအသက် ၁၇ နှစ်သို့ရောက်ရှိလာကာ မိသားစုတာဝန်အားလုံးကို သူမယူထားပြီဖြစ်သည်။

“သူကတစ်အိမ်လုံးကိုရှာကျွေးနေတာ နှစ်နှစ်ရှိပြီ။ မိုးတွင်းဘက်ဆိုရင် ကျောက်တော်မြို့ထဲဘက်ကိုသွားပြီး ပန်းရံ လုပ်တယ်။ နွေဘက်ဆိုရင် အုတ်ဖိုတွေမှာ ညဘက်တွေအလုပ်ဆင်းတယ်။ ငယ်ငယ်တုန်းကလည်း တတ်နိုင် သလောက်ရှာကျွေးခဲ့တာ၊ သူ့အဖေကတော့ သူတို့ငယ်ငယ်တုန်းကတော့ အတူနေတယ်၊ အတူမနေဖြစ်တာ သုံးနှစ်လောက်ရှိပြီ ”ဟု ဒေါ်မယဉ်က ပြောပြသည်။

မိဘကျေးဇူးကိုသိတတ်သည့် မမိုးမိုးနွယ်ဘဝ အေးချမ်းတည်ငြိမ်လာပြီဟု မှတ်ယူခဲ့သော်လည်း ယခင်ဘဝက ကုသိုလ်ကံကြောင့်လား မပြောတတ်တော့ပေ။ မမိုးမိုးနွယ်၏ ဘဝထဲသို့ ဖြစ်ရပ်ဆိုးကြီးတစ်ခုက ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့တော့သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း ကျယ်ပြန်လာခဲ့သည့် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့၏ တိုက်ပွဲများသည် မမိုးမိုးနွယ်တို့ မိသားစုနေထိုင်ရာ ကျောက်တော်မြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီးသို့လည်း ရောက်ရှိလာသည်။

သူမတို့နေထိုင်ရာကျေးရွာအနီးရှိ သရက်အုပ်ကျေးရွာသို့ မြန်မာ့တပ်မတော်စစ်ကြောင်းများ သွားလာမှုရှိနေ သဖြင့် တိုက်ပွဲများဖြစ်လာမည်ကိုစိုးရိမ်၍ သူမတို့ကျေးရွာကိုစွန့်ခွာကာ လုံခြုံစိတ်ချရမည်ဟုထင်သည့် ကျောက်တော်မြို့ပေါ်သို့ (ယာယီ)ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

သူမ မေ့မရသည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့က သူမ၏ဘဝကို မညှာမတာ ရိုက်ချိုးပစ်ခဲ့သည့် နေ့ဖြစ်သည်။ ကံဆိုးမသွားလေရာ မိုးလိုက်ရွာ လေသလား မပြောတတ်တော့ပေ။ တိုက်ပွဲကိုကြောက်၍ ရွာမှထွက်ပြေးလာသည့် မမိုးမိုးနွယ်တစ်ယောက် ထိုနေ့က ကျည်ထိမှန်လေပြီ။

ထမင်းစားသောက်ပြီး၍ မိသားစု စကားစမြည်ပြောဆိုနေသည့် ညနေငါးနာရီအချိန်တွင် ပစ်ခတ်သံများကြားရ ပြီးနောက် မမိုးမိုးနွယ်၏ ဘယ်ဖက်ပေါင်တွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်သည်။

“ကားသုံးစီးလာတုန်းက အသံမကြားလိုက်ရဘူး၊ ပေါက်ကွဲသံတစ်ခုကြားလိုက်လို့ အိမ်ပေါ်မှာဝပ်နေကြတာ။ အဲဒီ အချိန်မှာ ပစ်ခတ်သံတွေကိုကြားရတယ်။ ပြီးတော့ ကားလမ်းမကနေ သေနတ်နဲ့ ပစ်သံတွေကြားရတယ်။ ပြီးတော့ ဘယ်ဘက်ပေါင်မှာ မီးစနဲ့ထိုးသလိုပဲ ပူကနဲ တွေ့လိုက်တယ်” ဟု မမိုးမိုးနွယ်က ဆိုသည်။

မမိုးမိုးနွယ်တို့ နေထိုင်နေသည့်အိမ်မှာ ကားလမ်းနံဘေးတွင်တည်ရှိသဖြင့် ကားပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အချိန်တွင် နေအိမ်အတွင်းသို့ ကျည်ဆန်များ ကျရောက်လာခြင်းဖြစ်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်မယဉ်က ပြောသည်။

“ကျည်ဆန်တွေက မိုးရွာသလို တဖြောင်းဖြောင်းနဲ့ လာမှန်နေတာ။ အဘွားမှာ ပျဉ်ပြားအကြီးကြီးတစ်ချပ်ကို ကွယ်ဝပ်ပြီး ဘုရား တနေရတယ်။ သူ့ဆီကလည်း မေမေရေဆိုပြီး ခေါ်သံကိုကြားရတယ်။ ဒါပေမယ့် ဒီလောက် ကျည်ဆံတွေလာနေတာဆိုတော့ မထရဲဘူး။ မတော်လို့ နှစ်ယောက်လုံးကျည်တွေထိသွားရင် ဘယ်လိုလုပ်မလဲ” ဟု ယင်းနေ့က ၎င်းကြုံတွေခဲ့ရသည်များကို ပြန်ပြောပြသည်။

လမ်းမပေါ်မှ ပစ်ခတ်သံများရပ်တန့်သွားပြီး ကားသံများတိတ်ဆိတ်သွားချိန်တွင် ကျောက်တော်မြို့ အပြင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထပ်မံကြားရသဖြင့် ဒဏ်ရာရရှိနေသည့် မမိုးမိုးနွယ်ကို သွားရောက်ခေါ်ဆောင်ချိန်ပင် မရခဲ့ဘဲ အိမ်အနီးရှိ ဗုံးခိုကျင်းထဲ ဝင်ရောက်ပုန်းခိုခဲ့ရကြောင်း ဒေါ်မယဉ်က ထိတ်လန့်နေသည့်မျက်နှာထားဖြင့် ပြောဆိုသည်။

“တူးထားတဲ့ကျင်းထဲမှာ ဝပ်နေတုန်း သူ့ဆီက မေမေရေ ရေဆာတယ်၊ ရေသောက်ချင်တယ်ဆိုတဲ့ အသံတွေ လည်းကြားရတယ်။ ဒါပေမယ့် သွားလို့မှမရတာ” ဟု ဒေါ်မယဉ်က ဆိုသည်။
ထိုသို့ ဗုံးခိုကျင်းထဲပုန်းနေစဉ် တပ်မတော်သားများမှ လာရောက်မေးမြန်းမှုကိုလည်း ဒေါ်မယဉ်တစ်ယောက် ကြုံတွေ့ခဲ့ရသေးသည်။

“တွင်းထဲဝပ်နေတုန်း တပ်သားတွေက သေနတ်မိုးပေါ် ထောင်ဖောက်ပြီးရောက်လာတယ်။ ပြီးတော့ တွင်းထဲက ထွက်ခိုင်းတယ်၊ ပြီးတော့ခေါ်သွားတယ်။ ဗုံးထောင်ထားတာကို မသိဘူးလားလို့မေးတယ်။ ဆရာရယ် ကျွန်မတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေပါ။ ဘယ်လိုလုပ် သိမှာလဲလို့ပြောတော့မှ ပြန်ခွင့်ရခဲ့တယ်”ဟု ဒေါ်မယဉ်က ပြောသည်။

ထိုနေ့က ကျောက်တော်မြို့တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရကာ မမိုးမိုးနွယ်အပါအဝင် အရပ်သား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်။

တပ်မတော်သားများမှာ အဆိုပါနေ့တွင် သရက်အုပ်ကျေးရွာသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် ကျောက်တော်မြို့သို့ပြန်လာစဉ် အေအေမှ ရီမုမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ယင်းနောက် ကျောက်တော်မြို့တောင်ဘက် မီတာ ၂၀၀ ခန့်အရောက်တွင် အေအေမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည် ဟုလည်း ဆိုသည်။

ကျည်ထိမှန်သွားခဲ့သည့် မမိုးမိုးနွယ်မှာ လုံခြုံရေးအခြေအနေများကြောင့် ချက်ချင်းဆေးကုသခွင့်မရရှိခဲ့ဘဲ ထိုနေ့ည ၁၂ နာရီကျော်မှသာ ကျောက်တော်ဆေးရုံသို့ ရောက်ရှိသွားခဲ့သည်။

သူမ၏ ဒဏ်ရာအခြေအနေက စစ်တွေဆေးရုံသို့ပို့ဆောင်ရမည်ဖြစ်သဖြင့် ဧပြီလ ၂ ရက်နေ့တွင် စစ်တွေ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

“စစ်တွေဆေးရုံတက်ရမယ်ဆိုတော့ လက်ထဲမှာ ငွေတစ်ပြားမှမရှိဘူးလေ၊ သူအလုပ်လုပ်တုန်းကရတဲ့ ငွေလေး တွေနဲ့ စုဝယ်ထားတဲ့လက်စွပ်လေးတစ်ခုရယ်၊ အဘွားမှာ ယောက်ျားရှိတုန်းက ဆင်ပေးခဲ့တဲ့ ဆွဲကြိုးတစ်ကုံး ရယ်ကို မတန်မဆဈေးနဲ့ရောင်းပြီး သူ့ကို စစ်တွေဆေးရုံကိုတင်ခဲ့ရတာ” ဟု ဒေါ်မယဉ်က ပြောသည်။

ဆက်လက်၍ ဒေါ်မယဉ်က “ဆေးရုံမှာခွဲစိတ်တော့ ခြေထောက်ထဲက ကျည်နှစ်တောင့်ရတယ်” ဟု ဆိုသည်။

ထိုသို့ ဆေးကုသမှုခံယူ၍ မမိုးမိုးနွယ်တစ်ယောက် ကျန်းမာလာခဲ့သဖြင့် သူမ၏မျက်နှာတွင် အပြုံးများ အစ ပြုလာတော့သည်။ သို့သော် ထိုအပြုံးများက ကြာကြာတော့မခံခဲ့ပေ။

ဧပြီလ ၁၉ ရက်နေ့မှစတင်ကာ မမိုးမိုးနွယ်၏ ကျည်ထိမှန်ခဲ့သည့် ဘယ်ခြေထောက်မှာ မဲနက်ရောင်ရမ်းလာခဲ့ပြီး အနာအရှိန်ဖြင့် အဖျားစဝင်လာခဲ့တော့သည်။

မမိုးမိုးနွယ်၏ ဝေဒနာကို စစ်တွေဆေးရုံကြီးမှ အရိုးအထူးကုဆရာဝန်ကြီးကိုယ်တိုင် ကြိုးစားကုသပေး ခဲ့ပါ သော်လည်း မတတ်သာတော့သည့်အဆုံး ကျည်ထိမှန်ခဲ့သည့်ခြေထောက်ကို ဒူးအောက်ပိုင်းမှ ဖြတ်တောက် လိုက်ရသည်။

ခွဲစိတ်ခန်းထဲတွင် မေ့ဆေးအရှိန်ကြောင့် ခြေထောက်တစ်ချောင်းဖြတ်ထုတ်လိုက်ရသည်ကို မမိုးမိုးနွယ် တစ်ယောက်မသိရှိနိုင်ခဲ့ဘဲ သူမပြန်လည်သတိရလာချိန်တွင် သူမ၏ခြေထောက်အတွက် ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။

“ဆရာဝန်ကြီးပြောတာတော့ ကျည်ဆိပ်သင့်တယ်လို့ပြောတာပဲ။ အဲဒါတောင် ဖြတ်ထုတ်လိုက်တာ မြန်သွား လို့တဲ့၊ မဟုတ်ရင် အသက်အန္တရာယ်တောင်ရှိတယ်လို့ပြောတယ်” ဟု အဒေါ်ဖြစ်သူ ဒေါ်မယဉ်က ပြောပြသည်။

ထိုနောက်တွင် စေတနာရှင်များ၏အကူအညီဖြင့် မမိုးမိုးနွယ်တစ်ယောက် ဂျိုင်းထောက်တစ်စုံကို စတင် ကိုင်တွယ်ခဲ့ရတော့သည်။

ဂျိုင်းထောက်နှင့်အသားကျစေဖို့ သူမလမ်းလျှောက်သင်စဉ်တွင် ဟန်ချက်လွဲကာလဲကျခဲ့သဖြင့် သူမ ခြေထောက် ပိုင်းဖြတ်ထားသည့်ဒဏ်ရာမှ သွေးဒရဟောစီးကျလာသည့် အခိုက်အတန့်သည် သူမအဖို့ အနာကျင်ရဆုံးအချိန်ဖြစ်ခဲ့ရကြောင်း ဆိုသည်။

“ကိုယ့်ဘာသာအိမ်မှာနေနေတာကို အခုလိုဖြစ်အောင် လုပ်သွားတဲ့လူတွေကို မုန်းတယ်” ဟု မမိုးမိုးနွယ်က ဆိုသည်။

နေရပ်ပြန်မည်ဆိုပါကလည်း လုံခြုံရေးအခြေအနေများနှင့် ဘဝရပ်တည်ရေး အာမခံချက်တို့မှာ ပျောက်ဆုံး နေသည့်အတွက် မည်သို့လုပ်ရမည်ကိုမသိသေးကြောင်း မမိုးမိုးနွယ်၏အဒေါ်ဖြစ်သူ ဒေါ်မယဉ်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း မမိုးမိုးနွယ်ကဲ့သို့ ခြေလက်အင်္ဂါဆုံးရှုံးသွားရသူ များစွာရှိနေသည်။ ထို့ကြောင့်ပင် ရခိုင်ပြည်နယ်၏ မသန်စွမ်းဦးရေမှာလည်း တိုးလာနေရသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်အတွင်းတွင် မသန်စွမ်းသူဦးရေ တစ်သိန်းတစ်သောင်းနှစ်ထောင်ကျော်ရှိသည်။

ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည့်မမိုးမိုးနွယ်မှာ ယခင်ကဲ့သို့ ပန်းရံလုပ်ငန်း၊ အုတ်ဖိုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် မဖြစ်နိုင်တော့ချေ။

မမိုးမိုးနွယ်မှာ စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ စစ်ဘေးရှောင်များထားရှိရာ နေရာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိကာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနေသည့် စက်ချုပ်သင်တန်းကိုလည်း တက်ရောက်လျက်ရှိနေသည်။

သူမအဖို့ ယခင်ကဲ့သို့ အလုပ်ကြမ်းများကို မလုပ်ကိုင်နိုင်တော့သော်လည်း အဒေါ်ဖြစ်သူနှင့် မောင်ဖြစ်သူတို့ကို လုပ်ကိုင်ကျွေးနိုင်ရန်အတွက် သူမတွင်ကျန်ရှိသေးသည့် ခြေထောက်တစ်ဖက်ဖြင့် စက်ခြုပ်သည့်အတတ် ပညာကိုသင်ကြားကာ အသက်မွေးဝမ်းကျောင်းပြုသွားမည်ဟု သူမခံယူထားဟန်ရှိပါသည်။