ရခိုင်တွင် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၁၀ ကျော်ထိ မြင့်တက်

တိုက်ပွဲများမှာ အမ်းနှင့် ဂွမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အလိုက် နှိုင်းယှဉ်ပါကလည်း ရခိုင်ဒေသသည် ၂၃ ကြိမ်ဖြင့် တိုက်ပွဲအများဆုံးဒေသဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

By Admin 04 Dec 2024

ဓာတ်ပုံ - AA Info Desk
ဓာတ်ပုံ - AA Info Desk

DMG ၊ ဒီဇင်ဘာ ၄ 

ရခိုင်ဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၅ ရက်ထိ တိုက်ပွဲဖြစ်ပွားမှု ၁၀ ကြိမ်သာ ရှိခဲ့သော်လည်း နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၁၉ ရက်ထိ နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ ၂၃ ကြိမ်ရှိခဲ့ကြောင်း နိုင်ငံတကာမြန်မာသတင်းအဖွဲ့ (BNI) ၏ အစီရင်ခံစာအရ သိရသည်။ 

တိုက်ပွဲများမှာ အမ်းနှင့် ဂွမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အလိုက် နှိုင်းယှဉ်ပါကလည်း ရခိုင်ဒေသသည် ၂၃ ကြိမ်ဖြင့် တိုက်ပွဲအများဆုံးဒေသဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ 

စစ်ကောင်စီအတွက် စစ်ရေး၊ နိုင်ငံရေးအရ အရေးပါသည့် မြို့နယ်များကို အာရက္ခတပ်တော် (AA) က ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲအရှိန် မြင့်တက်လာခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ AA က စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတယ်။ နောက်ထပ်လည်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့အတွက် ရခိုင်မှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေအုံးမှာ ဖြစ်တယ်” ဟု နိုင်ငံရေးသမား တစ်ဦးက ပြောသည်။ 
လက်ရှိတွင်လည်း AA သည် ရခိုင်ဒေသအတွင်း တောင်ကုတ်၊ မောင်တော၊ အမ်းနှင့် ဂွမြို့နယ်တို့ရှိ လက်ကျန် စစ်ကောင်စီ၏ ဌာနချုပ်နှင့် တပ်စခန်းများကို ထိုးစစ်ဆင်နေသည်။ 

စစ်ကောင်စီအတွက် စစ်ရေး၊ နိုင်ငံရေးနှင့် ဂုဏ်သိက္ခာအရ အရေးပါသည့် အမ်းအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်( နပခ)ကို AA က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသည်။

“အမ်းမြို့အတွင်းက နေရာအများစုကိုတော့ AA က ထိန်းချုပ်လိုက်ပြီ။ အခုလက်ရှိ နပခမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် နပခအပါအဝင် တပ်ရင်း၊ တပ်ခွဲ ၁၈ ခုရှိသည့်အနင် အများစုကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် တပ်စခန်းများမှာလည်း  နပခဌာနချုပ်အတွင်း တပ်စုကာ AA ထိုးစစ်ကို ခုခံနေကြောင်း သိရသည်။ 

ယင်းအပြင် ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဂွမြို့နယ်တွင်လည်း AA က ထိုးစစ်မှာ ဂွမြို့ပေါ်နှင့် အနီးစပ်ဆုံးနေရာများသို့ ရောက်ရှိနေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ခုခံနေသည်။ 

တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ မြင့်တက်လာနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး ကဏ္ဍမျိုးစုံတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။

“စစ်ဘေးရှောင်ဦးရေ တိုးလာတာနဲ့အမျှ ကူညီပေးရတာတွေ လိုက်မမီတာရှိတယ်။ ဒါတွေကြောင့် စစ်ဘေးရှောင်နေကြတဲ့သူတွေမှာတော့ စားနပ်ရိက္ခာအပြင် လိုအပ်ချက်တွေ များစွာရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ဝင်ရောက်ကူညီပေးဖို့ တောင်းဆိုပါတယ်” ဟု ဂွမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာသူဦးရေ ၇ သိန်း နီးပါး ရှိလာနေပြီး ကူညီထောက်ပံ့မှု မရရှိခြင်းကြောင့် စစ်ဘေးရှောင်းများမှာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်ချက်မှာ မြင့်မားနေသည်။ 

တိုက်ပွဲတစ်နှစ်ကျော်အတွင်း AA သည် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။