- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုသိမ်ထောင်ရောက် ရခိုင်အကျဉ်းသားများ ကျန်းမာရေးစောင့်မှုလိုအပ်နေ
စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးပုဒ်မဖြင့် ထောင်ချမှတ်ခံထားရသူ ၄၀၀ ခန့်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက ပုသိမ်အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
04 Dec 2024
DMG ၊ ဒီဇင်ဘာ ၄
ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည့် စစ်တွေထောင်မှ အကျဉ်းသားများထဲတွင် နာတာရှည်ရောဂါသည်များ ပါဝင်ပြီး လတ်တလောတွင် အကျဉ်းသားအချို့မှာ အရေပြားရောဂါဖြစ်ပွားကာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဆီးချို၊ သွေးတိုး၊ ထုံနာနှင့် အရေပြားရောဂါ ဖြစ်ပွားနေကြသည့် အကျဉ်းသားများမှာ ထောင်အတွင်း၌ သင့်လျော်စွာ ဆေးဝါးကုသခွင့် မရသည့်အပြင် မိသားစုဝင်များက ထောင်ဝင်စာတွေ့ခွင့်မရသဖြင့် ပုံမှန်သောက်နေကျ ဆေးဝါးမရ၍ အခက်အခဲဖြစ်နေကြသည်။
စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ဝင်စာသွားတွေ့ခဲ့သူ အိမ်ရှင်မတစ်ဦးက “ထောင်ဝင်စာတွေ့မယ့်သူ မရှိသူတွေမှာ တော်တော်လေး ခက်ခဲနေကြပါတယ်။ နောက်တစ်ခုက ဆောင်းရာသီဖြစ်တော့ ထုံနာ၊ ကျဉ်နာတွေလည်း ဖြစ်နေကြတယ်။ တခြား ဆီးချို၊ သွေးချို၊ အာရုံကြောအားနည်းတဲ့ သူတွေဆို ဆေးတောင် မသောက်ကြရဘူး။ အရေပြားရောဂါဖြစ်တဲ့ သူတွေကတော့ စီထရစ်ဇင်းတစ်လုံးပဲ သောက်ရတယ်” ဟု ပြောသည်။
စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးပုဒ်မဖြင့် ထောင်ချမှတ်ခံထားရသူ ၄၀၀ ခန့်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက ပုသိမ်အကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။
အကျဉ်းသားများကို ဒေသနှင့်ဝေးရာသို့ ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်အချို့မှာ လမ်းရီးသွားလာမှု၊ ငွေကြေး အခက်အခဲများကြောင့် ထောင်ဝင်သွားတွေ့ရန် အခက်အခဲများရှိနေကြသည်။
ထောင်ဝင်စာတွေ့ခွင့်မရသူများမှာ စားရေးသောက်ရေးအခက်အခဲအပြင် ထောင်ဝင်စာတွေ့ခွင့်ရသူများထံမှ ဆေးဝါးနှင့် အစားအသောက်များကို ဝေငှသုံးစွဲနေရကြောင်း သိရသည်။
နောက်ထပ် ဗျိုင်းဖြူကျေးရွာမှ ထောင်ဝင်သွားတွေ့ခဲ့သည့် မိသားစုဝင်တစ်ဦးက “ကျမတို့မှာကျတော့ လစာပေးပြီးတော့ စားတာဆိုတော့ အဆင်ပြေတယ်။ မပြေတာကတော့ ထောင်ဝင်စာတွေ့မယ်သူ မရှိသူတွေပဲ။ ကျမတို့မှာ ဆေးဝါးတွေ ထည့်ပေးလိုက်ရင်လည်း အဲဒီကပဲ နီးစပ်ရာနီးစပ်ရာ ဝေငှပြီးတော့ သုံးကြတယ်” ဟု ပြောသည်။
ထောင်ဝင်စာတွေ့ခွင့်ကို တစ်လတစ်ကြိမ် ခွင့်ပြုပေးထားပြီး ထောင်ဝင်စာပစ္စည်းများနှင့် ပတ်သက်၍လည်း ကန့်သတ်ချက်များ ရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
အကျဉ်းထောင်လက်စွဲဥပဒေတွင် အကျဉ်းသားတိုင်းသည် ထောင်တွင်းအကျဉ်းကျနေစဉ်ကာလတွင် သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်များရှိပြီး တစ်ပတ်တစ်ကြိမ် ထောင်ဝင်စာတွေ့ ခွင့်ရှိကြောင်း ပြဌာန်းထားသော်လည်း အကျဉ်းသားများမှာ အဆိုပါအခွင့်အရေးကို ဆုံးရှုံးနေကြရသည်။
၅၀၅ (က)ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ၏ မိသားစုဝင်တစ်ဦးက “စစ်တွေထောင်နဲ့ မတူဘူး။ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ သရေစာတွေဆိုရင်လည်း တစ်လစာဆိုပြီး မသွင်းရဘူး။ ကော်ဖီထုပ်ဆိုရင် အထုပ်သေး ၇ ထုပ်၊ ကွပ်ကီးတွေဆိုလည်း နည်းနည်းပဲ သွင်းရတယ်။ တခြား ကန့်သတ်ချက်တွေလည်း အများကြီး တွေ့ရပါတယ်” ဟု ပြောသည်။