- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၈၀၀ ကျော်ရှိလာ
ဖမ်းဆီးခံရသူ အများစုမှာ Facebook အသုံးပြု၍ စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုမှုကြောင့်ဖြစ်ပြီး Telegram၊ Tiktok ၊ Viber စသည့် ဆိုရှယ်မီဒီယာများအသုံးပြု ဝေဖန်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။
04 Dec 2024
DMG ၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ်မှ စ၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်အထိ စစ်ကောင်စီအပေါ် ဆိုရှယ်မီဒီယာများအသုံးပြု ဝေဖန်ခြင်းကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁,၈၄၀ ဦးထိ ရှိကြောင်း Data for Myanmar ၏ အစီရင်ခံစာအရ သိရသည်။
ဖမ်းဆီးခံရသူ အများစုမှာ Facebook အသုံးပြု၍ စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုမှုကြောင့်ဖြစ်ပြီး Telegram၊ Tiktok ၊ Viber စသည့် ဆိုရှယ်မီဒီယာများအသုံးပြု ဝေဖန်ခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။
“စစ်အာဏာသိမ်းပြီးနောက်မှာ လူထုလှုပ်ရှားမှုအတွက် အရေးပါတဲ့ လူမှုကွန်ရက်နဲ့ အွန်လိုင်း ပလက်ဖောင်း တွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အမျိုးမျိုးကြိုးပမ်းခဲ့တယ်။ အဲဒီအထဲမှာ အင်တာနက်ဖြတ်တောက်တာ၊ ဝက်ဘ်ဆိုက် တွေ ပိတ်ပစ်တာ၊ facebook တွေကို သုံးမရအောင် ပိတ်ပစ်တာတွေ လုပ်ဆောင်ခဲ့တယ်” ဟု ဒီဇင်ဘာ ၃ ရက်ထုတ် အမှတ်စဉ် (၆) Data for Myanmar၏ အစီရင်ခံစာက ဖော်ပြသည်။
စစ်ကောင်စီကို ဝေဖန်၍ ဖမ်းဆီးခံရသူများမှာ ၂၀၂၂ ခုနှစ်တွင် ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်ထိ ၃၅၁ ဦး ရှိပြီး ယင်းအထဲတွင် အမျိုးသမီး ၆၅၇ ဦး ပါဝင်သည်။
ဖမ်းဆီးခံရမှုဖြစ်စဉ်များမှာ ရန်ကုန်နှင့် မန္တလေးတွင် အများဆုံးဖြစ်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၈၉၆ ဦးအထိ ရှိသည်။ ဖမ်းဆီးခံရသူများထဲတွင် အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် သတင်းသမားများလည်း ပါဝင်သည်။
၂၀၂၂ ခုနှစ်အတွင်း မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် ဖမ်းဆီးခံမှု အများဆုံးဖြစ်ခဲ့ကာ ၂၀၂၄ ခုနှစ်တွင် အနည်းငယ် လျော့ကျလာကြောင်း Data for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ရန်ကုန်နေ ဒေသခံတစ်ဦးက “စစ်ကောင်စီဟာ အွန်လိုင်းပေါ်မှာ စောင့်ကြည့်တာကို အုပ်စုလိုက် လုပ်နေတာ။ သူတို့ ထိန်းချုပ်နယ်မြေထဲက သူတို့ကို နည်းနည်းဝေဖန်တာနဲ့ ဖမ်းဆီးဖို့ သောင်ပြိုကမ်းပြို လှုံ့ဆော်တော့တာပဲ။ အဲဒါကြောင့် သူတို့ ထိန်းချုပ်နယ်မြေမှာဆို တော်တော်လေးသတိထားပြီး အင်တာနက်ကို သုံးရတယ်” ဟု ပြောသည်။
လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပေးရန်၊ အွန်လိုင်းအသုံးပြုသူများ အနေဖြင့် လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းစကား၊ အရပ်သားများ ထိခိုက်စေနိုင်သည့် ရေးသားချက်များ မလုပ်ရန်၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ လုံခြုံရေး သတိထားရန် Data for Myanmar က အကြုံပြုထားသည်။
“စစ်ကောင်စီက သူတို့ မရှုံးဖို့အတွက် ဘာမဆိုလုပ်မှာပဲ။ တော်လှန်ရေးအတွက် တစ်စုံတစ်ခု အထောက်အပံ့ဖြစ် တယ်လို့ သူတို့ သတ်မှတ်လိုက်တာနဲ့ သူတို့ ကြိုက်တဲ့ ပုဒ်မ တပ်ဖမ်းလို့ရတယ်။ ဒါပေမဲ့ သူတို့ လူမှုကွန်ရက် စာမျက်နှာတွေကို ဘယ်လောက်ထိန်းချုပ်ပါစေ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
လူမှုကွန်ရက်မှ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေများနှင့် အရေးယူခံရမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကောင်စီက ကြေညာထားသည်။