ရခိုင်တွင် ကျဆုံးခဲ့သည့် အရာရှိနှစ်ဦးကို စစ်ကောင်စီက ရာထူးတိုးပြီး သူရဲကောင်းဘွဲ့ချီးမြှင့်

အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဗိုလ်ချုပ်ရာထူးနှင့် နပခ အမ်း ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကို ဗိုလ်မှူးချုပ် ရာထူးအဖြစ် စစ်ခေါင်းဆောင်က တိုးပေးပြီး သူရဲကောင်းဘွဲ့ပါ ချီးမြှင့်လိုက်သည်။

By Admin 04 Jan 2025

ရခိုင်တွင် ကျဆုံးခဲ့သည့် အရာရှိနှစ်ဦးကို စစ်ကောင်စီက ရာထူးတိုးပြီး သူရဲကောင်းဘွဲ့ချီးမြှင့်

DMG ၊ ဇန်နဝါရီ ၄

အာရက္ခတပ်တော်၏ ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဗိုလ်ချုပ်ရာထူးနှင့် နပခ အမ်း ဆေးတပ်မှူး ဗိုလ်မှူးကြီး ထွန်းထွန်းဝင်းကို ဗိုလ်မှူးချုပ် ရာထူးအဖြစ် စစ်ခေါင်းဆောင်က တိုးပေးပြီး သူရဲကောင်းဘွဲ့ပါ ချီးမြှင့်လိုက်သည်။

အဆိုပါ နှစ်ဦးအား ယနေ့ (ဇန်နဝါရီ ၄) ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ၏ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ် ချီမြှင့်လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန် သည်။

မောင်တောမြို့၊ နခခ (၅) ကထွက်ပြေးခဲ့သည့် တပ်မ ၂၂ ၏ တပ်မမှူး (ယခင်ဗိုလ်မှူးကြီး) အောင်နေမျိုးသည် မွတ်ဆလင်လက်နက်ကိုင်များ၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးစားနေစဉ် မိုင်းနင်းမိပြီး ဒီဇင်ဘာ (၁၇) တွင် မောင်တောမြို့နယ်၊ ရွှေဇား ကပ္ပကောင်းချောင်းနား ပုစွန်ကန်တဲ၌ အသေဖမ်းဆီးရမိကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် နပခ အမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် အမှတ်(၂) တပ်မတော် ကုတင် ၃၀၀ ဆေးရုံ၏ ဆေးတပ်မှူး (ယခင် ဗိုလ်မှူးကြီး) ထွန်းထွန်းဝင်းမှာလည်း ဒီဇင်ဘာ ၁၅ တွင် အာရက္ခတပ်တော်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ရခိုင်တိုက်ပွဲတွင် AA ထိုးစစ်ကြောင့် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်အရာရှိကြီးများ လက်နက်ချအညံ့ခံသည့် အတွက် ရှားပါးစွာသေဆုံးခဲ့သည့် စစ်အရာရှိနှစ်ဦး သူရဲကောင်းဘွဲ့ပေးလိုက်ခြင်းမှာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ခြင်းသာဖြစ်ကြောင်း ရခိုင် စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။

“ ဒီဇင်ဘာလ အတွင်းမှာ စစ်ကောင်စီရဲ့ နပခ ဌာနချုပ်အပါဝင် အရေးပါတဲ့ မြို့ ၄ မြို့ကို တစ်ပြိုင်းနက် တည်း ဆုံး ရှုံးလိုက်ရတယ်။ အဲဒီတိုက်ပွဲတွေမှာ စစ်ခေါင်းဆောင်အတွက် အသက်ပေးတိုက်ခိုက်ပေးတဲ့ အရာရှိဆိုလို့ အခု သူရဲကောင်းဆုရတဲ့ နှစ်ဦးနဲ့ အနည်းငယ်လောက်ပဲရှိတယ်။ ဒုတိုင်းမှူးနဲ့ ဗိုလ်မှူးချုပ် အဆင့်ရှိ အရာရှိကြီး ၃ ဦး လက်နက်ချ အညံ့ခံခဲ့တာကို စစ်ခေါင်းဆောင် အရှက်ပြေသဘောနဲ့ အသက်သေ သွားသူ နှစ်ဦးကို သူရဲကောင်း ဆု ချီးမြှင့်ပြီး ကျန်နေသေးတဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်စိတ်ဆင်ရေး မြှင့်တင်ရေး လုပ်တာပြတာ” ဟု ရခိုင်စစ်ရေး စောင့်ကြည့်နေသူ လူငယ်တစ်ဦးက ပြော သည်။

လက်ရှိတွင် ရခိုင်ရိုးမတောင်တန်းတလျောက်ရှိ တောင်ကုတ် - ပန်းတောင်းကားလမ်းနှင့် ဂွ - ငသိုင်း ချောင်း ရိုးမတောင်ကျော်လမ်းတို့တွင် စစ်ကောင်စီနှင့် အရက္ခတပ်တော်တို့ တိုက်ပွဲများရှိနေပြီး ဆုံးရှုံးနယ်မြေများ ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ကြိုးစားနေကြောင်း သိရသည်။

သို့သော်လည်း ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ထောင်နှင့်ချီမှာ AA ထံတွင် နက်ချ အညံ့ခံသူများ ရှိ နေပြီး ယင်းအခြေအနေ နောက်ထပ်မဖြစ်စေရေးအတွက် အသေခံတိုက်ကြရန် စစ်ခေါင်းဆောင်က မက်လုံးပေးတိုက်တွန်းခြင်းသာဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

 “လက်ရှိမှာတော့ စစ်တွေ၊ ကျောက်ဖြူမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတာရှိတယ်။ ကြီးမားမားထိုး စစ်မရှိ သေး ပေမဲ့ ခြိမ်းခြောက်ပစ်ခတ်မှုတွေ လုပ်နေကြတာ။ ဆိုတော့ အခု သေဆုံးသွားသူတွေကို စစ်ခေါင်းဆောင်က ရာထူးတိုး ဂုဏ်ပြုပေးတာဟာ ဒီမှာ ကျန်ရှိနေသေးတဲ့ စစ်သည်တွေကို လက်နက်မချဘဲ အသေခံတိုက်ကြဖို့ လမ်း ညွှန် လိုက်တာလို့မြင်တယ်။ ဒါကို မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်” ဟု နောက်ထပ် ရခိုင်လူငယ်တစ်ဦးက ရှုမြင်သည်။

ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် နပ ခဌာနချုပ်အပါဝင် မြို့နယ် ၁၅ ခုအထိ သိမ်းပိုက် ထိန်းချုပ်ထားပြီး၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် ၃ ခုကိုသာ စစ်ကောင်စီ ထိန်းချုပ်ထား နိုင်တော့သည်။

အခြားတစ်ဖက်တွင်လည်း မြို့နယ် ၁၅ ခုထက်မနည်းသိမ်းပိုက်ထားသည့် အာရက္ခတပ်တော်သည် နိုင်ငံရေးဆွေး နွေးရန် တရားဝင်ကြေညာထားကာ စစ်ကောင်စီဘက်ကလည်း တွေ့ဆုံရန် အဆင်သင့်ရှိ ကြောင်း ထုတ်ပြောထား သော်လည်း လက်တွေ့တွင် ထူးခြားမှုမရှိသေးပေ။