- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရုရှားသည် မိမိတို့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း စစ်ခေါင်းဆောင်ပြော
ဒီဇင်ဘာ ၃ ရက်က၊ နေပြည်တော်တွင် ရုရှာနိုင်ငံ ဒူးမား လွှတ်တော် ဒုဥက္ကဌ H. E. Mr. Sholban Kara-Ool နှင့် တွေ့ဆုံဆွေးနွေးစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။
04 Dec 2024
DMG ၊ ဒီဇင်ဘာ ၄
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများအပေါ် နိုင်ငံတကာမျက်နှာစာတွင် မိမိတို့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။
ဒီဇင်ဘာ ၃ ရက်က၊ နေပြည်တော်တွင် ရုရှာနိုင်ငံ ဒူးမား လွှတ်တော် ဒုဥက္ကဌ H. E. Mr. Sholban Kara-Ool နှင့် တွေ့ဆုံဆွေးနွေးစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြသည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာမျက်နှာစာမှာ ရုရှားနိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပေးလျက်ရှိမှုနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ရုရှားနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအပေါ် ခိုင်ခိုင်မာမာရပ်တည်ပေးလျက်ရှိတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် ရုရှားနိုင်ငံမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများလည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရုရှားနိုင်ငံမှ အကူအညီရရှိရန် ရုရှာနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်နှင့် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တို့အကြား နှစ်ဖက်နားလည်မှု စာချွန်လွှာ (MOU) ကို ဒီဇင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
“ရုရှားနဲ့ စစ်ကောင်စီကတော့ အပြန်အလှန် မှီခိုနေတဲ့ အနေအထားဖြစ်တယ်။ စစ်ရေးအရ အများကြီး ဆက်စပ်မှုရှိတယ်။ လက်ရှိ စစ်တပ်က BRICS အဖွဲ့ထဲ ဝင်ချင်နေတယ်။ ဒါပေမဲ့ တရားဝင် ရွေးကောက်ပွဲလုပ်ပြီး အစိုးရဖြစ်လာဖို့လိုတာကြောင့် ရုရှားကလည်း ရွေးကောက်ပွဲအတွက် ကူညီပေးနေတာ။ အဓိကတော့ အမေရိကန်ဒေါ်လာ မှီခိုမှုလျော့ချနိုင်ဖို့ ရည်ရွယ်တာပေါ့” ဟု ထိုင်းနိုင်ငံတွင် အုပ်ချုပ်ရေး မဟာတန်းတက်ရောက်နေသည့် ရခိုင်လူငယ်တစ်ဦးက ရှုမြင်သည်။
ရုရှားနှင့် တရုတ် ဦးဆောင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့၌ အဖွဲ့ဝင်ဖြစ်ချင်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ကဲ့သို့ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်ရေး လျှောက်ထားရန် ဆန္ဒရှိကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်တွင် ရုရှားသတင်းအေဂျင်စီများအား ပြောကြားခဲ့သည်။
စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် ရုရှာနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဌသည် ယူကရိန်အား တိုက်ခိုက်ရန် ဦးဆောင်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ (EU) ၏ အရေးယူဒဏ်ခတ်ခံထားရသည့် ရုရှားအရာရှိများထဲမှ တစ်ဦး ဖြစ်သည်။
၎င်းသည် ဒီဇင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ရန်ကုန် လေဆိပ်သို့ ရောက်ချိန်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ၏ ဗဟိုကော်မတီဝင်များ သွားရောက် ကြိုဆိုခဲ့သည်။
စစ်ကောင်စီအပေါ် ရုရှားနိုင်ငံမှ ရပ်တည်ပေးနေခြင်းသည် စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအတွက် အနှောင့်အယှက်တစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“ရုရှားနိုင်ငံကလည်း အာဏာရှင်နိုင်ငံဖြစ်တာကြောင့် အာဏာရှင်စနစ်ကျရှုံးသွားမှာကို မလိုလားတာပါ။ နောက်တစ်ခုက ရုရှားက လက်နက်တွေကို အဓိက ဝယ်နေတာက စစ်ကောင်စီ ဖြစ်တယ်။ အခုနောက်ပိုင်းဆို ရုရှားမှာ အလုပ်သမားရှားပါးတဲ့အတွက် မြန်မာတွေကို ရုရှားမှာအလုပ်သွားလုပ်ဖို့ ဖိတ်ခေါ်တာတွေတောင် လုပ်လာပြီ။ ဒီမိုကရေစီ ခရီးလမ်းကြမ်းအတွက် ပိုခက်ခဲသွားစေနိုင်တာပေါ့” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း ရုရှားနှင့် စစ်ကောင်စီတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင်အတွင်း၌ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်းအား ပူးတွဲလေ့ကျင့်ခဲ့သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံနှင့် ထာဝရမိတ်ဖက်နိုင်ငံအဖြစ် တည်ဆောက်ပြီး Mi-35၊ Mi-17၊ ဒရုန်းများအပြင် ရုရှားလုပ် စစ်လက်နက်ပစ္စည်း အများအပြားကို ဝယ်ယူပြီး ပြည်တွင်း တိုက်ပွဲများတွင် အသုံးပြုနေသည်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်သည် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း သွားရောက်ခဲ့ပြီး ရုရှာ သမ္မတအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။