- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
AA ထိန်းချုပ်ဒေသနှင့် စစ်ကောင်စီ ထိန်းချုပ်မြို့တွင် ကုန်ဈေးနှုန်း နှစ်ဆကျော် ကွာခြားနေ
လက်ရှိ ရခိုင်က အာရက္ခတပ်တော် ထိန်းချုပ်ဒေသများမှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတိုင်းအတာတစ်ခုထိ ကျဆင်းလာသော်လည်း စစ်ကောင်စီထိန်းချုပ်ဆဲ မြို့တို့တွင် AA ထိန်းချုပ်ဒေသထက် ဈေးနှုန်း နှစ်ဆကျော် မြင့်တက်နေသည်။
11 Mar 2025

DMG ၊ မတ် ၁၁
တိုက်ပွဲစတင်ချိန်မှ စ၍ စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေ၍ ဒေသခံများမှာ အခက်အခဲအကျပ်အတည်းဒဏ်ကြား ဖြတ်သန်းနေကြရသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။
လက်ရှိ ရခိုင်က အာရက္ခတပ်တော် ထိန်းချုပ်ဒေသများမှာ အခြေခံစားသောက်ကုန်ဈေးနှုန်း အတိုင်းအတာတစ်ခုထိ ကျဆင်းလာသော်လည်း စစ်ကောင်စီထိန်းချုပ်ဆဲ မြို့တို့တွင် AA ထိန်းချုပ်ဒေသထက် ဈေးနှုန်း နှစ်ဆကျော် မြင့်တက်နေသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံစသည့် မြို့နယ်တို့တွင် စက်သုံးဆီ (အောက်တိန်း) တစ်လီတာလျှင် ငွေကျပ် ၈,၀၀၀ မှ ၈,၅၀၀၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းတစ်သောင်းကျပ်၊ ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ငါးသောင်းနှစ်ထောင်ထိ ရှိနေသည်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေမြို့တွင် စက်သုံးဆီ (အောက်တိန်း) တစ်လီတာလျှင် ငွေကျပ် ၁၇,၀၀၀၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် နှစ်သိန်းငါးသောင်း၊ ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ရှိကြောင်း သိရသည်။
စစ်တွေမြို့ခံ တစ်ဦးက "စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေမှာ အလှူရှင်တွေလည်း မရှိဘူး။ အလုပ်အကိုင်ကလည်း မရှိတဲ့အတွက် ငတ်နေတဲ့သူတွေ ရှိတယ်" ဟု ပြောသည်။
စစ်တွေမြို့ကို ရန်ကုန်မှတဆင့် ကုန်တင်သင်္ဘောကြီးများဖြင့် စားနပ်ရိက္ခာများ တင်ပို့သော်လည်း ပြည်သူများထံ မရောက်ဘဲ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများသို့ အများဆုံးရောက်ရှိသောကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောဆိုကြသည်။
စစ်တွေမြို့တွင် စစ်ဘေးရှောင်သောင်းနှင့်ချီ ရှိနေပြီး အလုပ်အကိုင်ရှားပါးမှုအပြင် စစ်ကောင်စီက ကူညီထောက်ပံ့ပေးမှုများလည်း မရှိသဖြင့် အခက်အခဲများစွာ ကြုံနေကြရသည်။
ကျောက်ဖြူမြို့တွင်လည်း ယခင်က အခြေခံကုန်ပစ္စည်းဈေးနှုန်း အနည်းငယ်သာ မြင့်တက်ခဲ့ရာမှ လက်ရှိတွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ ကုန်ဈေးနှုန်းမှာလည်း တရိပ်ရိပ်မြင့်တက်လာသည်ဟု မြို့ခံများက ပြောဆိုကြသည်။
ကျောက်ဖြူ ဒေသခံတစ်ဦးက "အခုဆိုရင် တိုက်ပွဲဖြစ်နေတာဆိုတော့ ကျောက်ဖြူမြို့ပေါ်ကို စစ်ကောင်စီက အကုန်လုံးကို ပိတ်ထားတာ။ အရင်တုန်းကဆိုရင် နည်းအမျိုးမျိုးနဲ့ ကုန်ဝင်တာတွေ ရှိတယ်။ တိုက်ပွဲ စဖြစ်တဲ့ နောက်ပိုင်းကနေ မြို့ခံတွေကို ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ထွက်ခွင့်မပေးတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း တအားတက်တယ်" ဟု ပြောသည်။
လက်ရှိ ကျောက်ဖြူမြို့တွင် စက်သုံးဆီ (အောက်တိန်း) တစ်လီတာကို ငွေကျပ် ၁၂,၀၀၀၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ငွေကျပ် ၁၃၀,၀၀၀နှင့် ဆန်ကြမ်းတစ်အိတ်လျှင် ငွေကျပ် ၁၀၀,၀၀၀ အထိ ရှိလာနေကြောင်း သိရသည်။
စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် အာရက္ခတပ်တော်၏ ထိုးစစ်ပြင်းထန်လာသည်နှင့်အမျှ ကုန်စည်ဝင်ရောက်မှု ရပ်တန့်ကာ ကုန်ပစ္စည်းပြတ်လပ်မှုများကြောင့် အခက်အခဲဖြစ်ပေါ်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။