နပခမှ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့သုံးခု တပ်ဆုတ်

အမ်းမြို့နယ်အတွင်းက ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ဆေးတပ်တို့မှာ တပ်ဆုတ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကျန်တပ်ရင်းများသို့ ပူးပေါင်းသွားသည်ဟု အမ်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 24 Oct 2024

ပုံစာ - စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
ပုံစာ - စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

DMG ၊ အောက်တိုဘာ ၂၄

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီ တပ်ရင်းသုံးခု ယခုရက်ပိုင်းအတွင်း တပ်ဆုတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်အတွင်းက ခမရ (၃၇၃) တပ်ရင်း၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် ဆေးတပ်တို့မှာ တပ်ဆုတ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကျန်တပ်ရင်းများသို့ ပူးပေါင်းသွားသည်ဟု အမ်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေလည်း မြို့ပတ်ပတ်လည်က ကြားနေရတယ်။ မနေ့ကလည်း တညလုံးဘဲ လေယာဉ်သံတွေ၊ ဒရုန်းသံတွေလည်း ဆူနေတာပဲ" ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် အမှတ် (၃၇၄) အမြောက်တပ်နှင့် စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် (COD)ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုင်းစစ်ဌာနချုပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကာကွယ်ရန် အခိုင်အမာပြင်ဆင်ထားသည့် တောဟိန်းတောင် ဗျူဟာကုန်းနှင့် မဲတောင်ဗျူဟာကုန်းတို့ကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားပြီး လက်ရှိတွင် အမ်းမြို့ပေါ်ရှိ တိုင်းစစ်ဌာနချုပ်အထိ AA ထိုးစစ် နီးကပ်လာနေပြီဖြစ်သည်။

တိုက်ပွဲပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီအနေဖြင့် စက်လက်နက်ပစ္စည်းများ၊ စားနပ်ရိက္ခာများကို လေကြောင်းမှ ထောက်ပို့ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် နပခ မကျရှုံးရေးအတွက် အင်အားအလုံးအရင်းနှင့် ခံစစ်ကို အခိုင်အမာပြင်ဆင်ထားသည်။ အာရက္ခတပ်တော် (AA) ကလည်း မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ အမ်းမြို့နယ်အတွင်း ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

အမ်းဒေသခံ အမျိုးသမီးတစ်ဦးက "တိုက်ပွဲကတော့ ပြင်းလာဖို့ပဲရှိတယ်။ ဒါပေမဲ့ ကျမတို့မှာ ဗုံးခိုကျင်းတွေလည်း လုပ်ခွင့်မရဘူး။ စစ်ကောင်စီက ဒီလိုမျိုးလုပ်ရင်ဖမ်းမယ်လို့ ပြောထားတာရှိတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာတွေ မြင်နေရတော့လည်း ကံကိုပဲ ပုံချနေရတယ်။ လုံခြုံရေးအာမခံချက် လုံးဝမရှိဘူး" ဟု ပြောသည်။

တိုက်ပွဲပြင်းထန်လာခြင်းနှင့်အတူ လမ်းခရီးပိတ်ဆို့ထားခြင်းကြောင့် မြို့ခံများအပြင် မြို့အနီးဝန်းကျင်မှ စစ်ရှောင်များမှာလည်း မြို့ပေါ်တွင် ပိတ်မိလျက်ရှိနေသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့သည် မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်တို့တွင်လည်း ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းများ ရှိနေသည်။

"AA အနေနဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစပြီး စစ်ရေးအရွေ့ကို ဖြည်းဖြည်းနဲ့မှန်မှန် ဖော်ဆောင်နေတာကို တွေ့ရတယ်။ လက်ရှိမှာလည်း ရန်သူကို တိုက်စစ်တွေ၊ ဟန့်စစ်တွေ တပြေးညီပုံဖော်တယ်။ တစ်ဖက်မှာလည်း လက်နက်တို့၊ ကျဉ်တို့၊ ဆေးဝါးတို့ကို စုဆောင်းတဲ့ကိစ္စတွေကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်နေတာမြင်ရတယ်" ဟု ဥာဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသန အကြံပေး မိုးထက်နေက ပြောသည်။

လက်ရှိအမ်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်အပါအဝင် ခမရ (၃၇၁) ၊ ခမရ (၃၇၂) စသည့်တပ်ရင်းများ ကျန်ရှိနေသေးပြီး အင်အားအလုံးအရင်းဖြင့် ခံစစ်ပြင်ဆင်ထားသဖြင့် AA အနေဖြင့် ခက်ခဲသော မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်သလို အပြင်ထန်ဆုံးတိုက်ပွဲလည်း ဖြစ်လာနိုင်သည်ဟု နိုင်ငံလေ့လာသူများက သုံးသပ်ထားကြသည်။