- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ထရမ့်ကို ပူတင် ချီးမွမ်း၊ ဆွေးနွေးညှိနှိုင်းရန် ရုရှားဘက်က အသင့်ရှိဟုပြော
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသော ဒေါ်နယ်ထရမ့်ကို နိုဝင်ဘာလ ၇ ရက် ကြာသပတေးနေ့က ချီးမွမ်းဂုဏ်ပြုလိုက်သည်။
08 Nov 2024
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိသော ဒေါ်နယ်ထရမ့်ကို နိုဝင်ဘာလ ၇ ရက် ကြာသပတေးနေ့က ချီးမွမ်းဂုဏ်ပြုလိုက်သည်။
သေနတ်သမားက လုပ်ကြံရန် ကြိုးစားချိန်၌ ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြသခဲ့သည့်အတွက်လည်း ထရမ့်ကို ချီးကျူးခဲ့ကာ မော်စကိုအနေဖြင့် ရီပတ်ဘလစ်ကန်၏ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုဆွေးနွေးရန် အသင့်ရှိနေပြီဟု ပြောကြားလိုက်ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ထရမ့် အနိုင်ရပြီးနောက်ပိုင်း ပထမဆုံး လူသိရှင်ကြား မှတ်ချက်စကားပြောကြားရာတွင် ပူတင်က ထရမ့်သည် ဇူလိုင်လက ပင်ဆယ်လ်ဗေးနီးယားတွင် ကျင်းပခဲ့သော မဲဆွယ်စည်းရုံးရေး လူထုစုဝေးပွဲ၌ ပြောဆိုနေစဉ် ၎င်းကို လုပ်ကြံရန် ကြိုးပမ်းသည့်ဖြစ်စဉ်ကို စစ်မှန်သော လူသားတစ်ယောက်အသွင်ဖြင့် တုံ့ပြန်ပြုမူခဲ့သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့အမြင်ကိုပြောရရင် သူက တကယ့်ကို စစ်မှန်တဲ့လူသားတစ်ယောက်လို သတ္တိရှိရှိ မှန်မှန်ကန်ကန်နည်းလမ်းနဲ့ ပြုမူပြခဲ့ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ပြုဖို့ အခွင့်အရေးကိုလည်း ကျွန်တော် အရယူပါတယ်” ဟု ဆိုချီရှိ ရုရှားပင်လယ်နက် အပန်းဖြေစခန်းရှိ ဗော်လ်ဒိုင်းဆွေးနွေးမှုကလပ်တွင် ပူတင်က ပြောကြားခဲ့သည်။
ထရမ့်သည် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း၌ ယူကရိန်းနှင့်ပတ်သက်၍ ရုရှားနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရာတွင် အာရုံစိုက်သင့်သည်ဟု မှတ်ချက်ပေးခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
"ယူကရိန်းအကျပ်အတည်းကို အဆုံးသတ်ဖို့အတွက် ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်စေလိုတဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေက ကျွန်တော့်အမြင်အရပြောရရင် အနည်းဆုံးတော့ အာရုံစိုက်မှု ခံရဖို့ ထိုက်တန်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။
ထရမ့် သည် မဲဆွယ်စည်းရုံးရေးဆင်းစဉ်က ၎င်းရွေးကောက်တင်မြှောက်ခံခဲ့ရပါက ၂၄ နာရီအတွင်း၌ပင် ယူကရိန်းအတွက် ငြိမ်းချမ်းရေးယူဆောင်လာနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင်ဖြစ်ပွားနေသော အကြီးမားဆုံးပြည်တွင်းစစ်ကို မည်ကဲ့သို့ အဆုံးသတ်မည်ကို ဆိုခြင်းနှင့်ပတ်သက်၍ ၎င်းမည်သို့မည်ပုံ အဖြေရှာမည်ဆိုခြင်းကိုမူ အသေးစိတ်အချက်အလက် အနည်းငယ်သာ ၎င်းက ပြောပြခဲ့သည်။
“အခု ဘာတွေဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ အဲ့ဒီအတွက် ကျွန်တော့်ဆီမှာ သဲလွန်စ မရှိသေးပါဘူး”ဟု အသက် ၇၂ နှစ်အရွယ်ရှိ ကရင်မလင် အကြီးအကဲက သတိပေးချက်တစ်ခုတော့ ပေးသွားခဲ့သည်။
ထရမ့်က တွေ့ဆုံလိုကြောင်း တောင်းဆိုလာလျှင် မည်သို့ တုံ့ပြန်မည်နည်းဟု မေးမြန်းရာ၌ ပူတင်က ထရမ့်အစိုးရက လိုလားလျှင် မိမိအနေဖြင့် အဆက်အသွယ်ကို ပြန်လည်စတင်ရန် အသင့်ရှိသလို ထရမ့်နှင့် ဆွေးနွေးရန်လည်း အသင့်ရှိသည်ဟု ဖြေကြားခဲ့သည်။