လက်နက်ကြီးနှင့် မိုင်းအန္တရာယ်ကြောင့် ကျောက်ဖြူမြို့နယ်တွင် နွား ၁၀၀ ကျော် သေဆုံး

တိုက်ပွဲဖြစ်နေသော ကျောက်ဖြူမြို့နယ်တွင် လက်နက်ကြီးကျရောက်ခြင်းနှင့် မြေမြှုပ်မိုင်းပေါက်ကွဲခြင်းတို့ကြောင့် ကျေးရွာ ၂၀ ခန့်မှ နွားအကောင်ရေ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

By Admin 23 Apr 2025

 ကျောက်တော် - မြောက်ဦးကားလမ်းပိုင်းတစ်နေရာကို နွားများအား ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်။ 
ကျောက်တော် - မြောက်ဦးကားလမ်းပိုင်းတစ်နေရာကို နွားများအား ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၂၃

တိုက်ပွဲဖြစ်နေသော ကျောက်ဖြူမြို့နယ်တွင် လက်နက်ကြီးကျရောက်ခြင်းနှင့် မြေမြှုပ်မိုင်းပေါက်ကွဲခြင်းတို့ကြောင့် ကျေးရွာ ၂၀ ခန့်မှ နွားအကောင်ရေ ၁၂၀ ထက်မနည်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကုလာဘာ၊ အုန်းတော၊ ဂုံးချွိန်၊ နှမ်းဖဲတောင်၊ ကန္ဒီး၊ မိကျောင်းတက်၊ စိုင်ခြုံနှင့် စိုင်ခြုံဒိန် ကျေးရွာအနီးတို့တွင် ၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍ မြေမြှုပ်မိုင်းနင်းမိသဖြင့် နွားအကောင်ရေ ၄၀ ကျော် သေဆုံးခဲ့ကြောင်း ရွာသားများကပြော သည်။ 

အလားတူ ဖေဖော်ဝါရီလက စတင်ခဲ့သော တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်လည်း ဦးကင်း၊ ကြတ္တိန်၊ စည်မော်၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ထောင့်ချောင်း၊ ကြံချိုင် စသည့် ကျေးရွာတို့တွင် နွားအကောင်ရေ ၈၀ ခန့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်နေတော့ နွားတွေကိုထားပြီး ဒီအတိုင်း ထွက်ပြေးလာခဲ့ရတာ။ အိမ်မှာထားခဲ့တဲ့ နွားတွေက လူမရှိတော့တဲ့အခါ တောင်တွေကိုတက်လို့ မိုင်းနင်းပြီး သေဆုံးသွားရသလို လက်နက်ကြီးကျလို့လည်း သေသွားတဲ့ နွားတွေ အများကြီး” ဟု စည်မော်ကျေးရွာမှ ဒေါ်ဖြူဖြူက ပြောသည်။

လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ စစ်ဘေးရှောင်စဉ် မိမိ၏ နွားများတပါတည်း ယူဆောင်ကြသော်လည်း အချို့မှာ အရေးပေါ်အခြေနေကြောင့် ကျွဲ၊ နွားများကို ပစ်ထားခဲ့ရကြောင်း ဆိုသည်။

ကျောက်ဖြူဒေသက တောင်သူများသည် နွားများကို လယ်ယာကဏ္ဍအပြင် သယ်ယူပို့ဆောင်ရေးများတွင်လည်း တွင်ကျယ်စွာ အသုံးပြုကြောင်း သိရသည်။ ထို့အတူ  လုပ်ငန်းခွင်သုံး နွားတစ်ကောင်ကို ငွေကျပ် ၁၅ သိန်းကနေ သိန်း ၄၀ ကျော်ပေါက်ဈေးရှိသဖြင့် သေဆုံးသွားသည့် နွားပိုင်ရှင်များအတွက် နစ်နာဆုံးကြသည်။

“ကျေလက်ရွာတွေမှာက ဘာပဲလုပ်လုပ် နွားတွေကို အသုံးပြုကြရတာပါ။ တစ်ရွာနဲ့တစ်ရွာ သယ်ယူပို့ဆောင်ရေး ကအစ နွားတွေကို အသုံးပြုကြတာ။ ကျနော်တို့အတွက် နွားက အရမ်း အရေးပါတယ်။ ဒါကြောင့် လုပ်ကိုင်စား သောက်ဖို့ နွားမတော့ရင် အဲဒီတောင်သူအတွက် အတော်ကို အခက်အခဲဖြစ် စေမှာကတော့ ကျိန်းသေတယ်” ဟု ကုလာဘာကျေးရွာမှ ကိုဇော်ဝင်းချေက ပြောသည်။ 

ကျောက်ဖြူမြို့နယ် ကုလာဘာ၊  မလကျွန်း၊ ပြင်ရှည်၊ ဂုံးချွိန်၊  အုန်းတော၊ နှမ်းဖဲတောင်၊ မင်းတပ်တောင်၊ ပြိုင်းစေ့ ကေ၊ ကန္ဒီး၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ စည်မော် စသည့် ကျေးရွာအနီးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်။