- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အခက်အခဲများကြောင့် ဖားကန့်ရောက် ရခိုင်များ ပြည်တော်ပြန်ကြ
လတ်တလော ဖားကန့်ဒေသတွင် စစ်ရေးပဋိပက္ခများဖြစ်နေပြီး ကျောက်စိမ်းရှာဖွေရသည့် လုပ်ကွက်များ တဖြည်းဖြည်းရှားပါးလာခြင်းနှင့် အခြားအလုပ်အကိုင်တို့ ရှားပါးလာခြင်းတို့ကြောင့် ပြန်တော်ပြန်လာကြခြင်း ဖြစ်သည်။
07 Mar 2025

DMG၊ မတ် ၇
ကချင်ပြည်နယ်၊ ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမား ရခိုင်လူမျိုးများမှာ လပေါင်းများစွာ လုပ်ကိုင်စားသောက်မှု အဆင်မပြေခြင်းတို့ကြောင့် ယခုအခါ ရခိုင်ပြည်တွင်းသို့ တဖြည်းဖြည်း ပြန်လာကြပြီဟု သတင်းရရှိသည်။
လတ်တလော ဖားကန့်ဒေသတွင် စစ်ရေးပဋိပက္ခများဖြစ်နေပြီး ကျောက်စိမ်းရှာဖွေရသည့် လုပ်ကွက်များ တဖြည်းဖြည်းရှားပါးလာခြင်းနှင့် အခြားအလုပ်အကိုင်တို့ ရှားပါးလာခြင်းတို့ကြောင့် ပြန်တော်ပြန်လာကြခြင်း ဖြစ်သည်။
ဖားကန့်မြို့နယ်ရှိ တောင်ပြို၊ ဗလခ၊ မောင်မော်လျှံ စသည့် ကျေးရွာများတွင် ရခိုင်ရွှေ့ပြောင်းအလုပ်သမား များစွာနေထိုင်ပြီး ကျောက်ကုမ္ပဏီများမှ စွန့်ပစ်သည့် မြေစာပုံများမှ ကျောက်စိမ်းရှာသည့် (ရေမဆေးသမား) လုပ်ငန်းကို လုပ်ကိုင်နေကြသူ အများအပြားရှိနေကြောင်း သိရသည်။
" အလုပ်မှ အဆင်မပြေကြတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နေရာမှာ ကိုယ့်ဒေသမှာ ဖြစ်သလို လုပ်စားမယ် ဆိုပြီး ဆင်းသွားကြတယ်။ ဒီမှာလည်း စစ်ရေးအခြေအနေက ပြန်ပြင်းထန်လာမယ့် အနေအထားကြောင့်လည်း ပါတယ်" ဟု ဖားကန့်တွင် အလုပ်လုပ်ကိုင်နေသည့် ရသေ့တောင်ဒေသခံ ကိုငြိမ်းဇော်က ပြောသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့သည်။
ယင်းနောက် ၃ လကျော်အကြာ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ဖားကန့် ဗျူဟာကုန်းမှ စစ်ကောင်စီ တပ်သားများသည် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့၏ ဆိပ်မူကျေးရွာအုပ်စု ဆန်းကြွယ်ရွာနားက စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ပြီး ယခုအချိန်ထိ စစ်ရေးတင်းမာနေကြောင်း သိရသည်။
ထိုသို့ စစ်ရေးပဋိပက္ခများကြောင့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ ရပ်တန့်နေသည့် အကျိုးဆက်အဖြစ် ရေမဆေးကျောက် ရှာဖွေသူများမှာ အလုပ်အကိုင်အဆင်မပြေတော့ကြောင်း ပြောဆိုကြသည်။
" တဖြည်းဖြည်းနဲ့ ကျောက်ရှာမယ့် နေရာလည်း မရှိကြတော့ အလုပ်တွေလည်း ပုံမှန်မလုပ်ရတော့ဘူး။ အရင်ကဆို နေ့တိုင်း ကုမ္ပဏီတွေက ကျောက်ကားတွေ ပုံမှန်ရှိတော့ ပုံမှန်အလုပ်ဖြစ်တယ်။ အခုက ကုမ္ပဏီတွေကလည်း ပုံမှန် မလည်ပတ်နိုင်တော့ဘူး။ ရေမဆေးသမားတွေလည်း စားဖို့သောက်ဖို့ မရှိဆိုတော့ ကိုယ့်နေရပ် ပြန်ကြတာရှိတယ် " ဟု ဖားကန့်တွင် ကျောက်စိမ်းရှာဖွေလုပ်ကိုင်နေသူ ပေါက်တောဒေသခံ ကိုကျော်စိုးဝင်းက ပြောသည်။
လက်ရှိတွင် ရခိုင်သို့ ပြည်တော်ပြန်သူ အရေအတွက်ကို အတိကျမပြောနိုင်သော်လည်း ယခုမတ်လအတွင်း ရာနှင့်ချီရှိနေကြောင်း ဖားကန့်ရောက် ရခိုင်ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။ ထို့အတူ နောက်ထပ်လည်း အိမ်ပြန်ရန် စီစဉ်နေသူများလည်း ရှိနေကြောင်း သိရသည်။
" ဖားကန့်က ရခိုင်တွေ အလုပ်အဆင်မပြေလို့ ပြန်လာကြတာ စိတ်မကောင်းဖြစ်ပေမယ့် လက်ရှိ ရခိုင်ပြည် ပြန်လည်တည်ဆောက်ရေးအပိုင်းမှာ လူသားအရင်းအမြစ်တွေ တော်တော် လိုအပ်တာကြောင့် အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့ " ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ လူမှုကူညီရေးဆောင်ရွက်နေသူ ကိုမျိုးဟိန်းအောင်က ရှုမြင်သည်။
ဖားကန့်ဒေသတွင် အလုပ်အကိုင် ရှားပါးမှုအပြင် စားသောက်ကုန်ဈေးနှုန်းများမှာလည်း တရိပ်ရိပ် မြင့်တက်နေခြင်းကြောင့် ဖားကန့်ရောက် ရွှေ့ပြောင်းအလုပ်သမားများမှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။
ဖားကန့်ဒေသတွင် ရခိုင်ရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိနေပြီး အများစုမှာ ရေမဆေးကျောက်ရှာခြင်း၊ ကျောက်တူးခြင်း၊ ကျောက်အရောင်းအဝယ် စသည့် လုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြောင်း သိရသည်။