“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး”

ဘူးသီးတောင်တိုက်ပွဲကာလအတွင်း ခရုချောင်း(မွတ်ဆလင်)ကျေးရွာမှ ဒေသခံ (၃၅) ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး ခမရ (၃၅၃) တပ်ရင်းတွင် ချုပ်နှောင်ထားခဲ့သည်။ ၎င်းတပ်ရင်းအား AA သိမ်းပိုက်ပြီးနောက် လွတ်မြောက်လာသူများထဲမှ ဆော်လိမ်မိုလာကို DMG က မေးမြန်းထားပါသည်။  

By Admin 11 Jul 2024

“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး”

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲကာလအတွင်း ခရုချောင်း(မွတ်ဆလင်)ကျေးရွာမှ ကလေးငယ် အပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၅) ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး ခမရ (၃၅၃) တပ်ရင်းတွင် ချုပ်နှောင်ထားခဲ့သည်။ 

ခမရ(၃၅၃)ကို အာရက္ခတပ်တော်က မေလ ၁၄ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက အစာရေစာမကျွေးဘဲ သုံးရက်ကြာ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်းကျေးရွာမှ မွတ်ဆလင် (၃၅) ဦးကို ကယ်ထုတ်နိုင်ခဲ့သည်။ 

ယင်းအခြေအနေများကို ကိုယ်တိုင်ကြုံခဲ့ရသည့် ခရုချောင်းကျေးရွာမှ ဆော်လိမ်မိုလာကို DMG သတင်းထောက် အောင်မင်းက မေးမြန်းထားပါသည်။  

DMG - စစ်ကောင်စီဆီမှာ ဘယ်လိုဖမ်းဆီးခံခဲ့ရတာလဲ။

ကျနော်တို့ကို စစ်ကောင်စီတပ်သားတွေက ရွာဗလီအနားမှာ ဖမ်းတာ။ ဖမ်းပြီးတော့ ခမရ (၃၅၃) တပ်ရင်းကို ခေါ်သွားတယ်။ အဲတပ်ရင်းထဲက အဆောင်တစ်ခုမှာ အဝတ်တွေကိုဆုတ်ဖြဲပြီး လက်ကိုနောက်ပြန်ကြိုးတုပ်ပြီး မှောက်ခိုင်းထားတယ်။ ပြီးတော့ ကျနော်တို့ ခေါင်းတွေကို ကန်တယ်။ ရိုက်တာတွေ လုပ်တယ်။ ထမင်းလည်း မကျွေးဘူး။ ရေလည်း မတိုက်ဘူး။ အဲဒီအထဲမှာ အားလုံး ၃၅ ယောက်ပါတယ်။ နှစ်ယောက်က လက်နက်ကြီးကျလို့ ဒဏ်ရာရတယ်။ ဆေးကုသတာတွေလည်း ဘာမှ လုပ်မပေးဘူး။ အဲဒီလို ကျနော်တို့ သုံးရက်နေခဲ့ရတယ်။ 

DMG - လက်နက်ကြီးကျလို့ ဒဏ်ရာရတယ်ဆိုတာက။ 

လက်နက်ကြီးက အပေါ်ကနေကျလာပြီး ပေါက်ကွဲတာမှ အစတွေစင်လို့ ကျနော်အပါအဝင် နောက်တစ်ယောက် ဒဏ်ရာရသွားတာ။ 

DMG - ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီးတွေပါတယ်လို့ သိရတယ်။ အမျိုးသမီးတွေကို နှိပ်စက်တာတွေရှိလား။ 

အမျိုးသမီးတွေကိုလည်း အမျိုးသားတွေကို နှိပ်စက်တဲ့အတိုင်းပဲ နှိပ်စက်တယ်။ အလေးအပေါ့သွားရင်တောင် သူတို့က နောက်ကလိုက်သွားကြတယ်။ 

DMG - ဖမ်းဆီးခံထားရတဲ့အချိန်မှာ ဘယ်လိုစိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ခဲ့လဲ။

ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး။ ခန္ဓာကိုယ်က အဝတ်အစားတွေကို ဆုတ်ဖြဲတယ်။ ပါသမျှငွေတွေကိုလည်း ယူတယ်။ အမျိုးသမီးတွေကိုကျတော့ ရှိသမျှကိုနှိုက်လို့ယူတယ်။ ပြန်လွတ်မယ်လို့တောင် မထင်ထားခဲ့တာ။ 

DMG - အဲဒီအခြေအနေကနေ ဘယ်လိုလွတ်မြောက်လာခဲ့တာလဲ။  

ကျနော်တို့ကိုဖမ်းထားတဲ့တပ်ရင်းကို အာရက္ခတပ်တော်က သိမ်းပြီးတော့ ကျနော်တို့ကို ကယ်ထုတ်လာတယ်။ ကယ်ထုတ်ပြီး ကျနော်တို့ကို အဝတ်အစားတွေ ပေးတယ်၊ ထမင်းကျွေးတယ်၊ မေးခွန်းတွေ မေးတယ်။ အဲဒီမှာ နှစ်ရက်ကြာတယ်။ ပြီးမှ ကျနော်တို့ကို မိသားစုတွေဆီ ပို့လိုက်တယ်။ 

DMG - ဖမ်းဆီးမခံရမီအချိန်က ကျေးရွာအတွင်းမှာ ကြုံခဲ့ရတဲ့အခြေအနေကိုလည်း ပြောပြပေးပါ။ 

စစ်ကောင်စီက ရွာထဲကိုလာပြီးတော့ ပြည်သူ့စစ်သား ၄၀ လောက်ပေးရမယ်။ မပေးရင် သတ်ပစ်မယ်၊ အိမ်တွေရော၊ ရွာရော အကုန်မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ အဲဒီလို အားနဲ့ခြိမ်းခြောက်လာတော့ ရွာထဲမှာ သက်ကြီးပိုင်းလောက်ပဲ နေခဲ့တယ်။ ကျနော်တို့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေက တောင်ပေါ်ကိုသွားပြီး လေးရက်လောက် ရှောင်နေခဲ့ရတယ်။ 

သူတို့တောင်းတဲ့ ပြည်သူစစ်သားတွေ မပေးတော့ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး နေအိမ်တွေအထဲကို ဝင်ရှာတယ်။ သက်ကြီးပိုင်းတွေကို သားသမီးတွေဘယ်မှာလဲလို့ မေးတယ်။ သူတို့လိုချင်တာမရတော့ သက်ကြီးပိုင်း အမျိုးသားတွေကို ရိုက်နှက်တာတွေလုပ်တယ်။ နောက်ဆုံးမရတော့ အိမ်ကကြက်တွေ၊ မြင်သမျှတွေ့သမျှ ပစ္စည်းတွေကို ယူသွားတယ်။ 

DMG - စစ်ကောင်စီက မွတ်ဆလင်တွေကို စစ်မှုထမ်းဖို့ ဘယ်လိုမျိုးစည်းရုံးခဲ့လဲ။  

စစ်ကောင်စီက ဘယ်လိုစည်းရုံးလဲဆိုတော့ နိုင်ငံသားကဒ် (အနီကဒ်) ထုတ်ပေးမယ်။ သွားချင်တဲ့နေရာကို သွားလို့ရမယ်လို့ စည်းရုံးခဲ့တယ်။

DMG - စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာများပြောချင်လဲ။ 

ကျနော်တို့ကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို အခုအချိန်မှာသာ ဖမ်းဆီးရခဲ့ရင် သူတို့ရဲ့ အသားကိုတောင် ကိုက်စားပစ်လိုက်ချင်တယ်။ အဲလိုပဲပြောချင်တယ်။  

DMG - ဖြည့်စွက်ပြီး ဘာများပြောချင်လဲ။ 

ကျနော်တို့ကို သေဘေးကနေ ကယ်တင်ခဲ့တဲ့အတွက် အာရက္ခတပ်တော်ကို အထူးပင်ကျေးဇူးတင်ပါတယ်။ ကျနော်တို့ကို ဆေးဝါးလည်း ကုသပေးတယ်။ ထမင်းတွေလည်း ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။